သတင်း

စစ်ကောင်စီအဖွဲ့ဝင် ချင်းလူမျိုးဒေါက်တာမှုထန် ပိုင်ဆိုင်မှုများကို CDF-Thantlang အပြီးသတ်သိမ်း

စစ်ကောင်စီအဖွဲ့ဝင် ချင်းလူမျိုးဒေါက်တာမှုထန် ပိုင်ဆိုင်မှုများကို CDF-Thantlang အပြီးသတ်သိမ်း

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

မတ်လ ၂၆၊ ၂၀၂၅

စစ်ကောင်စီအဖွဲ့ဝင် ချင်းလူမျိုး ဒေါက်တာမှုထန် ပိုင်ဆိုင်မှုများကို အပြီးသတ် သိမ်းဆည်း လိုက်ပြီ ဖြစ်ကြောင်း ယမန်နေ့ မတ်လ ၂၄ ရက်မှာ CDF-Thantlang က အမိန့်ပြန်တမ်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ထန်တလန် ဒေသခံတဦးဖြစ်တဲ့ ဒေါက်တာမှုထန်ဟာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ထန်တလန် မြို့တခုလုံးပြာကျသွားအောင် မီးရှို့ဖျက်စီးစေခဲ့တဲ့ စစ်ကောင်စီကို အားပေးအားမြောက် ပြုလုပ်နေသူဖြစ်သလို စစ်တပ်၏ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်တဦးအဖြစ်လည်း ဆောင်ရွက်နေသောကြောင့် သိမ်းဆည်းခြင်း ဖြစ်တယ်လို့ CDF-Thantlang ထုတ်ပြန်ချက်တဲ့ အမိန့်ပြန်တမ်းမှာ ဖော်ပြထားပါတယ်။

“ ချင်းပြည်တိုးတက်ရေး၊ ချင်းလူထုတွေ ကောင်းစားရေးအတွက် လုပ်နေတာမှ မဟုတ်ဘဲ။ တော်လှန်ရေး လုပ်တဲ့ ချင်းခေါင်းဆောင်တွေကို ဒုက္ခလိုက်ပေးနေတာ၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအစကဆို တော်လှန်ရေး ချင်း ခေါင်းဆောင်တွေရဲ့ နေအိမ်တွေကို ချိတ်ပိတ်ဖို့ ဦးဆောင်တဲ့သူပဲ။ အခုသူက စစ်ကောင်စီအကြီးအကဲတွေ နေထိုင်တဲ့ နေပြည်တော်မှာ အိမ်ပိုင်ယာပိုင်နဲ့ ခမ်းခမ်းနားနား နေထိုင်နေတာလေ။ အဲဒီတော့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ပြန်သိမ်းပြီး ချင်းပြည်သူတွေအတွက် ပြန်ကုစားပေးသင့်ပေါ့လို့ တော်လှန်ရေးမှာ ပါဝင်နေတဲ့ ချင်းခေါင်းဆောင် တဦးက ပြောပါတယ်။

CDF – ထန်တလန်တပ်ဖွဲ့၏ ထိန်းချုပ်နယ်မြေအတွင်းရှိ ဒေါက်တာမှုထန်၏ အိမ်၊ ခြံ၊ မြေ အားလုံးကို လက်ရှိ တော်လှန်ရေး ကာလအတွင်း ပြည်သူလူထုကိုယ်စား CDF – ထန်တလန်ကောင်စီက အပြီးသတ် သိမ်းဆည်းပြီး လိုအပ်သလို ဆက်လက်ကိုင်တွယ်သွားမှာ ဖြစ်သလို လက်ရှိ သိမ်းဆည်းထားတဲ့ ပိုင်ဆိုင်မှုများအားလုံးကို အနာဂတ်မှာ တက်လာမည့် အစိုးရအသစ်ထံသို့ CDF-Thantlang က ထပ်မံ လွှဲ ပြောင်း အပ်နှံသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်တဲ့ အမိန့်ပြန်တမ်းမှာ ဖော်ပြထားပါတယ်။

လက်ရှိ သိမ်းဆည်းထားတဲ့ ပိုင်ဆိုင်မှုတွေဟာ ဒေါက်တာမှုထန် အမည်ပေါက် ပိုင်ဆိုင်မှုများဖြစ်တဲ့ အာဏာ မသိမ်းမှီက မိသားစုနှင့် နေထိုင်ခဲ့သော ထန်တလမြို့ပေါ် အိမ်နှင့်ခြံ၊ အိမ်မြေကွက် ၂ ခုနှင့် ၁၀ ဧက ကျယ်ဝန်းသော စိုက်ပျိုးရေးခြံ ၂ ခြံတို့ကို သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ CDF-Thantlang  ရဲ့ ပြောရေး ဆိုခွင့်ရှိက ပြောပါတယ်။

CDF-Thantlang တပ်ဖွဲ့ဝင်ခေါင်းဆောင် တစ်ဦးကလည်း “ အခုသိမ်းဆည်းတာကတော့ ငွေကြေးတွေတော့ မဟုတ်ဘူးပေါ့၊ ဒေါက်တာမှုထန် ပိုင်ဆိုင်တဲ့ မြေယာ၊ အိမ်၊ ခြံ တွေပါ။ လောလောဆယ် သိမ်းဆည်းထားတဲ့ မြေယာ၊ အိမ်၊ ခြံ တွေကိုတော့ ဘယ်လိုစီမံဆောင်ရွက်သွားမယ်ဆိုတာကိုတော့ အဖွဲ့ထဲမှာ ဆွေးနွေးနေတုန်းပဲ” လို့ ပြောပါတယ်။

ဒေါက်တာမှုထန်ဟာ ထန်တလန်မြို့နယ်၊ ကြောင်ထီးယားဒေသခံ မန္တလေး ဆေးတက္ကသိုလ်ကျောင်းဆင်း ဖြစ်ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာတော့ ထန်တလန်မဲဆန္ဒနယ်မှ တသီးပုဂ္ဂလအမတ်အဖြစ် ရွေးချယ်ခံ အနိုင်ရခဲ့သူ ဖြစ်ခဲ့ပေမယ့် အဲဒီနောက်၂၀၁၀ နှင့် ၂၀၁၅ ခုနှစ်မှာတော့ ကြံခိုင်ရေးပါတီ (USDP) အဖွဲ့ဝင်အဖြစ် ထန်တလန် မြို့နယ် မဲဆန္ဒနယ်မှာ ရွေးကောက်ခံကာ အနိုင်ရရှိခဲ့ပြီး ထင်ရှားသော ချင်းလူမျိုးနိုင်ငံရေးသမား၊ ဆရာဝန်တဦး ဖြစ်ခဲ့ပါတယ်။

အခုတော့ ဒေါက်တာမှုထန်ဟာ လက်ရှိ ကြံခိုင်ရေးပါတီ ချင်းပြည်နယ်ဥက္ကဌအဖြစ် ဆောင်ရွက်နေပြီး စစ်ကောင်စီ အဖွဲ့ဝင်အဖြစ်လည်း ပါဝင် လုပ်ဆောင်နေသူ ဖြစ်ပါတယ်။

ဓါတ်ပုံ – Getty Images, စစ်ကောင်စီ အဖွဲ့ဝင် ဒေါက်တာမှုထန်ကို တွေ့ရစဉ်။  

Related Articles

Back to top button