အင်တာဗျူး

တစ်နှစ်ပြည့် ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲအခြေအနေအပေါ် မေးမြန်းချက်

ကိုးကန့်တပ်(MNDAA)ရဲ့ သတင်းပြန်ကြားရေးအဖွဲ့ဝင်နှင့် မေးမြန်းခြင်း

တစ်နှစ်ပြည့် ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲအခြေအနေအပေါ် မေးမြန်းချက်

ကိုးကန့်တပ်(MNDAA)ရဲ့ သတင်းပြန်ကြားရေးအဖွဲ့ဝင်နှင့် မေးမြန်းခြင်း

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

နိုဝင်ဘာ ၅၊ ၂၀၂၄

ဒီတပတ် ဖက်ဒရယ်ဂျာနယ်၊ မြန်မာအနေနဲ့ ၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်သွားပြီးနောက် ရှမ်းမြောက် ညီနောင် မဟာမိတ်တို့ ဦးဆောင်တဲ့ စစ်ရေး ဖော်ဆောင်မှုနှင့် ပတ်သက်ပြီး နောက်ဆက်တွဲ အခြေအနေတို့ကို မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)ရဲ့ သတင်းပြန်ကြားရေးအဖွဲ့ဝင်နှင့်  ဆက်သွယ် မေးမြန်း တင်ဆက်ထားပါတယ်။

—————–

မေး။ ။ ၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်သွားပါပြီ။ ရှမ်းမြောက် ညီနောင်မဟာမိတ် ဦးဆောင်တဲ့ စစ်ရေး ဖော်ဆောင်မှုက လူထုကို ချပြထားတဲ့ စစ်ရေးနဲ့ နိုင်ငံရေး ရည်မှန်းချက် ဘယ်လောက်အတိုင်းအတာထိ အောင်မြင်တယ်လို့ ပြောလို့ ရနိုင်မလဲ။

ဖြေ။ ။ ရှမ်းမြောက် ညီနောင်မဟာမိတ် ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်မှုက ၉၀ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့တယ်လို့ ယူဆပါတယ်ခင်ဗျ။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုသာ မရှိရင်တော့ စစ်ဆင်ရေးအောင်မြင်မှု ရာခိုင်နှုန်းက ဒီထက်ပိုများမှာပါ။

မေး။ ။ တရုတ်ရဲ့ ကြားဝင် စေ့စပ်မှုနဲ့ သဘောတူညီချက် ရခဲ့ကြတဲ့ ဟိုင်ဂင် သဘောတူညီချက် ရေရှည် မခိုင်မာတဲ့ အဓိက အကြောင်းအရင်းက ဘာကြောင့်လဲ။

ဖြေ။ ။ ဟိုင်ဂင်သဘောတူညီချက် ရေရှည်မခိုင်မာတဲ့ အဓိက အကြောင်းအရင်းကတော့ စစ်ကောင်စီဘက်က ဘယ်တုန်းကမှ အပြောနဲ့အလုပ် မညီခဲ့လို့ပါ။ စာချုပ်တွေပေါ် လက်မှတ်ထိုးပြီး နောက်ကွယ်မှာကြတော့ လုပ်ချင်တာလုပ်ခဲ့ပေါင်း များပြီလေ။ EAOsနဲ့ PDFတွေကို နိုင်ငံရေးအရ ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပြီး လေကြောင်း တိုက်ခိုက်မှုကိုတော့ မရပ်တန့်ခဲ့တာက သက်သေပါဘဲဗျ။

မေး။ ။ စစ်ကောင်စီက ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ ထိန်းချုပ်လိုက်ပြီဖြစ်တဲ့ မြို့၊ ရွာတွေထဲ စစ်ရေး ပစ်မှတ် မဟုတ်တဲ့ အရပ်သား ပစ်မှတ်ကိုပါ အဓိထား အင်အားအလွန်အကျွံသုံးပြီး လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကို နေ့စဉ် ရက်ဆက် ပြုလုပ်နေတော့ အုပ်ချုပ်ရေးအပါအဝင် လူထုလုံခြုံရေးကဏ္ဍတို့ကို ဘယ်လို ဆက်လက် အကောင် အထည် ဖော်ဆောင်သွားဖို့ ရှိမလဲ။

ဖြေ။ ။ အရပ်သားပစ်မှတ်တွေကို အဓိကထားပြီး ပေါက်ကွဲအားပြင်းဗုံးတွေနဲ့ လေကြောင်းတိုက်ခိုက်မှုကို နေ့စဉ် ရက်ဆက် ပြုလုပ်နေခဲ့တဲ့အတွက် အုပ်ချုပ်ရေးပိုင်း အားနည်းမှုမရှိပေမဲ့ မြို့ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အနည်းငယ် နှောင့်နှေးကုန်ပါတယ်။ လူထုလုံခြုံရေးကို အတတ်နိုင်ဆုံး ဆောင်ရွက်နေတဲ့ အတွက် မြေပြင်အနေအထားအရ စိတ်ချရပေမဲ့ လေကြောင်းရန်ကိုတော့ အပြည့်အဝ ကာကွယ်မပေးနိုင်သေး ပါဘူးခင်‌ဗျ။ အတတ်နိုင်ဆုံးတော့ ကြိုးစားဆောင်ရွက် နေကြပါတယ်။

မေး။ ။ စစ်ဆင်ရေးကာလအတွင်း စကစရဲ့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူ ဘယ်နှဦးထိခိုက်သေဆုံးခဲ့သလဲ။ MNDAA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ လေကြောင်းကနေ ဗုံးကြဲတို က်ခိုက်မှုဘယ်နှကြိမ်ရှိခဲ့သလဲ။ ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ ဆေးရုံ ဆေးခန်းတွေ ဘယ်လောက် ထိခိုက်ပျက်စီးခဲ့သလဲ။

ဖြေ။ ။ စစ်ဆင်ရေးကာလတုန်းက အခြေအနေတွေကတော့ တရားဝင်ထုတ်ပြန်ထားတာ မရှိသေးတဲ့အတွက် ဖြေပေးလို့မရပါဘူးခင်ဗျ။ MNDAA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ဩဂုတ်လက‌နေ အောက်တိုဘာလအထိ လေကြောင်းတိုက်ခိုက်မှုပေါင်း များစွာခံခဲ့ရပါတယ်။ လားရှိုးမြို့နဲ့ အနီးတဝိုက်မှာတင် အကြိမ်ပေါင်း (၃၀) ကျော်ရှိပါပြီ။ တရုတ်ဘုံကျောင်း (၁)ကျောင်း၊ စာသင်ကျောင်း (၁)ကျောင်း၊ မူကြိုကျောင်း (၁)ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း (၂)ကျောင်း၊ ဗုဒ္ဓဘာသာအဆောက်အအုံ (၃)ခုနဲ့ ဈေးကြီး (၁)ဈေးတို့ ပျက်စီးခဲ့ရပါတယ်။ နေအိမ်အဆောက်အဦးကတော့ စစ်ပွဲကာလတုန်းကထက် အများကြီးပျက်စီးခဲ့ရပါတယ်။

မေး။ ။ လားရှိုးမြို့ကိုလည်း လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေတာ တွေ့ရပါတယ်။ ဒါကြောင့် MNDAA က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းတွေ ထွက်မပြေးအောင်၊ ဆေးကုသမှုပေးနေတဲ့ ပြည်သူတွေကို ဘယ်လို လုံခြုံအောင် ဆောင်ရွက်ပေးနေပါသလဲ။

ဖြေ။ ။ စစ်သုံ့ပန်းတွေ ကိစ္စ‌ကိုတော့ တာဝန်ရှိသူတွေအနေနဲ့ အစွမ်းကုန် ဆောင်ရွက်နေပါတယ်။ ဆေးကုသမှု ပေးနေတဲ့ ပြည်သူတွေကိုလည်း ဆေးရုံတာဝန်ရှိသူတွေက အဓိကတာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်ခင်ဗျ။

မေး။ ။ ပြည်သူလူထုကို ဘာများ အသိပေးပြောကြားချင်တာ ရှိပါသလဲခင်ဗျ။

ဖြေ။ ။ စစ်ကောင်စီရဲ့ အကြမ်း‌ဖက်ဆန်တဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေသာ မရှိခဲ့ရင် ပြည်သူတွေဘဝ အများကြီးအေးချမ်းနေရပြီလို့ပဲ ပြောချင်ပါတယ်။ လားရှိုးမြို့တွင်းမှာ ပြန်လည်ထူထောင်ရေးကို ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံကနေ အစွမ်းကုန် ကြိုးစား ဖော်ဆောင်နေပါတယ်။ ပြည်သူတွေကိုပြောချင်တာ ကောလဟာလတွေကို မယုံကြပါနဲ့။ မြို့တွင်းမှာ လေကြောင်းဗုံးကြဲမှုကြောင့် ဆက်သွယ်ရေးတွေ ပြတ်တောက်နေပေမဲ့ စစ်ဖြစ်နိုင်တဲ့ အနေအထား မရှိပါဘူးလို့ ပြောချင်ပါတယ်။ ဖြည့်စွက် ပြောချင် တာကတော့ စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ဝိုင်းဝန်းတားဆီးပေးကြပါ၊ ကန့်ကွက်ပေးကြပါ။ ရှမ်းမြောက်ကို ကူညီဝန်းရံပေးကြဖို့လည်းတောင်းဆိုချင်ပါတယ်။

 

Related Articles

Back to top button