တိုက်ပွဲကြား ပိတ်မိနေတဲ့ ပင်လောင်းက တိုက်ပွဲရှောင်ပြည်သူတွေ အလှူရှင်မရှိတာကြောင့် ရိက္ခာတွေ အရေးပေါ်လိုအပ်နေ
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၂၉၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ရဲ့ တောင်ဘက်၊ ရှမ်း-ကယား နယ်စပ်မှာ စစ်ကောင်စီ၊ PNA ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(PNLA)၊ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာ ရက်ပေါင်း ၄၀ကျော် ရှိပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
ဒီတိုက်ပွဲတွေကြောင့် တိုက်ပွဲကြားပိတ်မိနေတဲ့ စစ်ဘေးရှောင်ဟာ အလှူရှင်မရှိတာကြောင့် စားသောက်ဖို့ ဆန်၊ ဆီ၊ ဆားစတဲ့ စားနပ်ရိက္ခာအရေးတကြီးလိုအပ်နေသလို သောက်သုံးရေလည်း အခက်အခဲ ရှိနေတယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။
“ဟဲစပ်၊ စမ်းရေကြည်၊ နားမွန်းရွာတွေဖက်မှာ ရှောင်နေရတဲ့ ဒေသခံတွေ ဒီနေ့အတွက်တောင် စားစရာ မရှိတော့ဘူး။ တိုက်ပွဲကဖြစ်နေတုန်းဆိုတော့ အလှူရှင်တွေလည်း တစ်ယောက်မှ မရောက်လာကြဘူး။ ရှောင်နေရတာ တစ်လကျော်လာပြီ။ အခု သောက်ရေတောင် မနည်းရှာသောက်နေရတယ်။ ဒေသတွင်းမှာလည်း အကုန်လုံးကရှောင်နေရတော့ ဘယ်သူမှ မကူညီနိုင်ကြဘူး”လို့ စစ်ဘေးရှောင်အရေးကူညီနေသူတစ်ဦးက ဖက်ဒရယ်ဂျာနယ်၊ မြန်မာကို ပြောပါတယ်။
ပင်လောင်းမြို့နယ်၊ နောင်ဝိုး၊ ပင်စုံ၊ နမ်းဖာမူ၊ ကောင်သုဲင် ဗန်းမောက်၊ မိုးဦး၊ နမ့်ဖာမူ၊ မိုင်းဖြတ်နဲ့ လွယ်ဖွီးရွာ အနီးတဝိုက်မှာ မြေပြင်တိုက်ပွဲ ပြင်းထန်နေသလို လေကြောင်း၊ လက်နက်ကြီးနဲ့ တိုက်ခိုက်မှုတွေလည်း ရှိနေပြီး ဒေသခံ ၂သောင်းကျော်က ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲတွေကို PNAဖက်က ဒုစစ်ဦးစီးချုပ် ဦးနေဝင်းထွန်းကိုယ်တိုင် ဦးဆောင်တိုက်ပွဲဝင်နေပြီး စကစနဲ့ PNAပြည်သူ့စစ်ဘက်က (၁၀၀)ဦးခန့် သေဆုံးခဲ့သလို တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိတယ်လို့ သိရပေမယ့် သက်ဆိုင်ရာတပ်ဖွဲ့ တွေကတော့ တိုက်ပွဲအခြေအနေနဲ့ပါတ်သက်ပြီး တစ်စုံတစ်ရာ အသိပေးထုတ်ပြန်တာ မရှိသေးပါဘူး။
ဓာတ်ပုံ- CJ