၁။ ပလက်ဝမြို့နယ်တွင် ULA/AA ၏ခွင့်ပြုချက်မရဘဲ တောင်ယာပင်သွားခွင့်မရှိ
October 18, 2024
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် ULA/ AA ၏ ခွင့်ပြုချက်မပါဘဲ ဒေသခံပြည်သူများသည် တောင်ယာပင် သွားခွင့်မရှိကြောင်းဒေသခံများကပြောသည်။ ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားသော အာရက္ခတပ်တော် AA သည် မြို့ပေါ်နှင့် ကျေးရွာအဝင်များတွင် စစ်ဆေးရေးဂိတ်များထားရှိကာ ဒေသခံများခရီးသွားရာ တွင်သာမက တောင်ယာသွား ရာတွင်ပင် ၎င်းတို့ထံ မှတ်ပုံတင်ပြ၊ အစစ် အဆေးခံနေရသည်ဟု ပလက်ဝဒေသခံတစ်ဦးကပြောသည်။“အပြင်ကိုလုံးဝမထွက် ခိုင်းတာတော့မဟုတ်ဘူး ဒါပေမဲ့သူတို့ဆီမှာအကြောင်းကြား ရတယ်။ ခရီးထွက်ချင်ရင် သူတို့ဆီမှာ သတင်းပို့ရတယ်၊ ပြန်ရောက် တဲ့အချိန်မှာလဲ သူတို့ဆီမှာသတင်းပို့ရတယ်၊ အဲလိုသူတို့ပြော ထားတာရှိတယ်။ ကျွန်တော်တို့ တောင်ယာ ခုတ်ရတာဆိုတော့ တောင်ယာသွားချင်ရင်လဲ သူတို့ဆီအကြောင်းကြားရတယ်။ မနက်ပိုင်းသွား ညနေပိုင်းရွာကို ပြန်ရောက်ရမယ်ဆိုပြီး သူတို့က ပြောထားတာ၊ ဒါပေမဲ့ ကျွန်တော်တို့က ၃ မိုင် ၄ မိုင်မှာ တောင်ယာလုပ်တာဆိုတော့ ညလဲ အိပ်ချင်တာပေါ့ ညအိပ်လို့လဲ မရဘူး။ အကြောင်းကြားပြီးမှ ရွာကိုပြန်ရတာ၊ ဒီလိုတော့ သိပ်အခက်အခဲရှိပါတယ်” ဟု ပလက်ဝမြို့နယ်က အသက် ၅၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးကပြောသည်။ ပလက်ဝဒေသခံများသည် တောင်ယာစပါးရိတ်ချိန်တန်ပြီဖြစ်သော်လည်း တောင်ယာတွင် ညအိပ်ခွင့်မရသည့်အတွက် အခက်ကြုံနေရသည်ဟု သိရသည်။
“ ကျွန်တော်တို့ ပလက်ဝမြို့နယ်ကနေ ဆမီးဘက်သွားတဲ့လမ်းမှာ AA ဂိတ် ၆ ခုလောက်ရှိတယ်။ ဂိတ်ရောက်တိုင်းသူတို့ စစ်ဆေးတယ်။ မှတ်ပုံတင်ပြရတယ်။ ဘယ်သွားမလဲ။ ဘယ်ရက်ပြန်မလဲ၊ ဘယ်လောက်ကြာမလဲမေးတယ်။ နောက် ရွာနာမည် တွေမေးတယ်။ အဝတ်ထုပ်တွေကို ဖြည်ပြီးကြည့်တယ်၊ ဒါပေမဲ့ဘာမှမပါရင်တော့ သူတို့ ပြန်လွှတ်ပါတယ်” ဟု ပလက်ဝဒေသခံ တစ်ဦးက ပြောသည်။ ULA/AA တပ်ဖွဲ့များအနေဖြင့် ပလက်ဝမြို့နယ်အတွင်း ကုန်းလမ်း၊ရေလမ်းဖြင့် ခရီးသွားလာခွင့် တရားဝင် ပိတ်ပင်ထားခြင်း မရှိသော်လည်း ရံဖန်ရံခါ အခြေအနေအရ တစ်ရက်၊ နှစ်ရက်စသည်ဖြင့် ပိတ်ထားသည့်အချိန်များလည်း ရှိသည် ဟု သိရသည်။ ပလက်ဝမြို့နယ်မှ ပြင်ပသို့ ခရီးထွက်လိုပါက ရပ်ရွာ၊ အမည်၊ အုပ်ချုပ်ရေးမှူးအမည်၊ ကျောင်းဆရာများအမည်၊ အသင်း တော်အမည်စသည်ဖြင့် ကိုယ်ရေးနှင့်ကျေးရွာဆိုင်ရာအချက်အလက်များကို ကြိုတင်သိထားရန်လိုအပ်သည်ဟု ခရီးသွား ပြည်သူများကပြော သည်။“ AA က တခါတလေ ပြည်သူရဲ့ ဆိတ်တို့ ဝက်တို့ကို ပိုက်ဆံနဲ့လာတောင်းတာတွေရှိတယ်။ ဒါပေမဲ့ တန်ရာ တန်ကြေး တော့မပေးဘူး။ ဥပမာ ၂ သိန်းတန်ကို ၁ သိန်းခွဲပဲ ပေးတာတို့၊ ကြက်ဆိုရင်လဲ ၁ သောင်းတန်ကို ၅၀၀၀ ပဲပေး တာတို့ရှိတယ်၊ သူတို့ကတော့ ကျေနပ်လားလို့ မေးသေးတယ်၊ မကျေနပ်ရင်လဲဗျာ ကျွန်တော်တို့မှာ ပေးလိုက်ရတာပေါ့။ ရွာသား တွေကို အမြဲတမ်းပြောတာ ရွာမီးရှုပစ်လိုက်မယ်။ ခင်ဗျားတို့ အရင်က ဖမ်းတဲ့လူအကြောင်းမသိဘူးလား၊ သူတို့သတင်း မကြား ဘူးလား၊ ကျွန်တော်တို့လာဖမ်းရင် ခင်ဗျားတို့လွယ်မယ်ထင်လား။ အဲလိုမျိုးသူတို့ချိမ်းခြောက်နေတာ။ ပြည်သူတွေက ကျွန်တော် တို့ ရွာက ဘယ်လိုဖြစ်မလဲ၊ ဘယ်သူကယ်မလဲ၊ ဘယ်ကိုသွားရမလဲဆိုပြီး အရမ်းစိုးရိမ်ကြတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ မပြောနိုင် ဘူးပေါ့။ ကျွန်တော်တို့ဆီမှာ ဖုန်းလိုင်းလဲမရဘူး၊ မီဒီယာတွေလဲမလာဘူး။ သူတို့ ပြည်သူတွေ ကိုအနိုင်ကျင့်တာက သတင်း မီဒီယာမရှိတဲ့အချက်လဲပါတယ်။ ဖုန်းလိုင်းလဲမရဘူး၊ လိုင်းထိုင်လို့လဲမရဘူးဆိုတော့ မီဒီယာလဲမရောက်ဘူးဆိုတော့ သူတို့ လိုချင်သလိုလုပ်တာပေါ့” ပလက်ဝဒေသခံတစ်ဦးကပြောသည်။ Read in Full
၂။ စစ်အုပ်စုကနည်းမျိုးစုံသပ်သျှိုနေချိန်ဖြစ်၍ တော်လှန်ရေးအကျိုးစီးပွားဦးစားပေးရန်လိုဟု ပအိုဝ်း PNFC ဥက္ကဋ္ဌသတိပေး
October 17, 2024
အာဏာသိမ်းစစ်ကောင်စီက တော်လှန်ရေးအင်အားစုများအား နည်းမျိုးစုံဖြင့် သပ်သျှိုမှုများ လုပ်ဆောင်နေသည့် အခြေအနေဖြစ်၍ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားထက် တောလှန်ရေးအကျိုးစီးပွားကို ဦးစားပေးရန်လိုအပ်ကြောင်း ပအိုဝ်းအမျိုးသားများ ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက သတိပေး တိုက်တွန်းသည်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်သည့် ခွန်မြင့်ထွန်းက PNLO အဖွဲ့တွင်း အခြေအနေများနှင့် ပတ်သက်ပြီး ၎င်း၏ သဘောထား ရှင်းလင်းချက် ထုတ်ပြန်ရခြင်းနှင့်ပတ်သက်ပြီး ယခုကဲ့သို့ တိုက်တွန်း သတိပေးခဲ့ခြင်းဖြစ်သည်။ PNLO ဦးဆောင် နာယကအဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်မှူးကြီးခွန်ဥက္ကာက PNLO(NCA-S) အမည်ဖြင့် PNLO ဦးဆောင်အဖွဲ့ ဖွဲ့စည်းခဲ့ရာ အဆိုပါ လုပ်ရပ်သည် PNLO ၏ မူ၊ ဝါဒ၊ လမ်းစဉ်တို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေတို့က ပေးအပ်သော တာဝန်အရပ်ရပ်ထက် ကျော်လွန် ဆန့်ကျင်နေဟု ဥက္ကဋ္ဌဟောင်းခွန်မြင့်ထွန်းက ပြောသည်။” ကျနော်တို့ အဓိကက အဖွဲ့အစည်းအတွင်းမှာ စစ်အုပ်စုက နည်းလမ်း အမျိုးမျိုးနဲ့ဖြိုခွဲတာတွေ သပ်လျှိုတာတွေ အမျိုးမျိုးလုပ်နေကြတဲ့ အခြေအနေဖြစ်နေတယ်။ နောက်တစ်ခါ ကျနော်တို့ ဒီနေ့ ရပ် တည်ကြတဲ့အခါမှာ မြေမညီ ရေနဲ့ညှိ၊ လူမညီရင်မူနဲ့ညှိဆိုတာ ကျနော်တို့ သဘောတူခဲ့တယ် ဆုံးဖြတ်ခဲ့တယ်ပေါင်းစည်းရေးတွေ လုပ်ခဲ့ကြတယ်။ အဲဒီအပေါ် မူတည်ပြီးတော့ မိမိတို့ အချင်းချင်းကြားမှာချမှတ်ထားတဲ့ဖွဲ့စည်းပု့ အခြေခံဥပဒေရှိတယ် မူတွေရှိ တယ် အဲဒါတွေနဲ့အညီ လုပ်ကြဖို့လိုပါတယ်။ ဒါအဓိက အချက်ဖြစ်ပါတယ်”ဟု ခွန်မြင့်ထွန်းက ပြောသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်မှုအတွက် တတိယတော်လှန်ရေးကိုအတူတကွ ထူထောင်ခဲ့ကြသူ များအကြားအပြန် အလှန် တန်ဖိုးထားမှုများ လိုအပ်ကြောင်းလည်း ခွန်မြင့်ထွန်းက ပြောသည်။ ” မိမိတို့ရဲ့ အကျိုးစီးပွားတွေအပေါ် အခြေခံပြီးတော့ ဒီလို အခြေခံမျိုးတွေဒါတွေကို ဦးစားမပေးဘဲ တော်လှန်ရေး အကျိုးစီးပွားကို ဦးစားပေးဖို့ အဓိကကျတဲ့ အချက်ဖြစ်ပါတယ်။ ဗိုလ်မှူးကြီးခွန်ဥက္ကာက PNLO NCA-S လို့ လုပ်လိုက်တဲ့ဟာ ကျနော်တို့ ချမှတ်ထားတဲ့မူဝါဒ စည်းမျဉ်းစည်းကမ်းတွေ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပေးထားတဲ့ လုပ်ပိုင်ခွင့်တွေကို ကျော်လွန် လုပ်ဆောင်ရာ ရောက်တယ်။ ဒီလိုမကျေနပ်မှုတွေရှိလာတဲ့ အခါ ကျရင် ဒီလို အဖွဲ့ခွဲထောင်တာမျိုး ဒါမျိုးတွေ မလုပ်ဘဲနဲ့ကျနော်တို့အားလုံး စုစည်းညီညွတ်နိုင်မယ့် စည်းမျဉ်းစည်းကမ်း လုပ်ထုံး လုပ်နည်းတွေရှိပြီးသားဖြစ်ပါတယ်။ အဲဒါတွေနဲ့အညီလုပ်ကြဖို့ အဓိက ပြောချင်တာ ဖြစ်ပါတယ်”ဟု ခွန်မြင့်ထွန်းက ပြောကြား သည်။ ခွန်မြင့်ထွန်းသည် PNLO စုဖွဲ့ရာတွင် ပါဝင်ခဲ့ပြီးPNLO ညီလာခံအဆက်ဆက်တွင် အထွေထွေအတွင်းရေးမှူး၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ တာဝန်တို့ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ Read in Full
၃။ မွန်ပြည်သစ်ပါတီ ခွဲထွက်အဖွဲ့နှင့် ပူးပေါင်းသွားသည့် တပ်ရင်းကို မိခင်ပါတီသို့ပြန်လာရန် ကမ်းလှမ်း
October 17, 2024
မွန်ပြည်သစ်ပါတီ ဗဟိုမှ ခွဲထွက်သွားသည့်အဖွဲ့နှင့် သွားရောက်ပူးပေါင်းလိုက်သော အမှတ်(၅) တပ်ရင်းမှ တပ်ရင်းမှူး နှင့် ရဲဘော်များ အနေဖြင့် မိခင်ပါတီသို့ ပြန်လာရန် မွန်ပြည်သစ်ပါတီ ဗဟိုမှ (အောက်တိုဘာ ၁၇ ရက်) တွင် အမှတ် (၅) တပ်ရင်း ထံသို့ ကမ်းလှမ်းစာ ပေးပို့လိုက်သည်။ မွန်ပြည်သစ်ပါတီ၏ ဘုရားသုံးဆူမြို့အခြေစိုက် အမှတ် (၅) တပ်ရင်းသည် မွန်ပြည်သစ် ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ဟု ခံယူထားသည့် မွန်ပြည်သစ်ပါတီခွဲထွက်အဖွဲ့နှင့် ယခုအောက်တိုဘာ ၅ ရက် နေ့တွင် ပူးပေါင်းလိုက်ခြင်း ဖြစ်သည်။ ထိုသို့ အမှတ် (၅)တပ်ရင်းတခုလုံး NMSP-AD ထံသို့ ပူးပေါင်းရန် ဆုံးဖြတ်ချက်ချခဲ့သည့် ကိစ္စသည် မှန်ကန်သည့် အကြောင်းအရင်း မဟုတ်ဟု NMSP ဗဟို၏ ပေးပို့စာတွင် ဖော်ပြထားသည်။ ထို့ပြင် ရဲဘော်များအနေ ဖြင့် ဆန္ဒရှိပါက ပါတီမှ နှုတ်ထွက်ရန်တောင်းဆိုကာ မိမိနှစ်သက်ရာသို့ သွားနိုင်သည်ဟု ပြောထားပြီး ပါတီ၏ သစ္စာအဓိဋ္ဌာန်ငါး ချက်ကို စောင့်ထိန်းကာ ပါတီသို့ ပြန်လာရန် တိုက်တွန်းကြောင်းလည်း NMSP ဗဟို၏ ပေးပို့စာက ဆိုသည်။ ထပ်မံခွဲထွက်သွား သည့် အမှတ်(၅)တပ်ရင်းသည် ဘုရားသုံးဆူမြို့နယ်အတွင်း ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဂျပန်ရေတွင်း၊ ခလောက်ခနီ၊ ဗလးဒူးဖိုက်၊ ဆင်တဲစသည့်ဒေသများ၌ အခြေစိုက်လှုပ်ရှားသည်။ အဖွဲ့ဝင်အင်အား ရာဂဏန်းခန့်ရှိသည်ဟု မွန်ပြည်သစ်ပါတီ ဗဟိုနှင့်ရော NMSP-AD ဖြင့်ပါ နီးစပ်သူတဦးထံမှ သိရသည်။
AD ထံသို့ အမှတ် (၅) တပ်ရင်းမှ လက်နက်နှင့် လူအင်အား အားလုံးပူးပေါင်းလာခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ မည်သည့်အကြောင်းအရာကိစ္စကိုမျှ ထုတ်ပြန်ပြောဆို၍ မရနိုင်သေးကြောင်း AD ပြောခွင့်ရသူ နိုင်ဗညားမွန်က ပြော သည်။“လာ ပေါင်းတာကတော့ ကျနော်သိရသလောက် လူရော၊ လက်နက်ရော နယ်မြေဒေသရောအပါပေါ့နော်။ လောလောဆယ်တော့ ဘာမှတော့ပြောလို့ မရသေးပါဘူး” ဟု နိုင်ဗညားမွန်က ပြောသည်။ မွန်ပြည်သစ်ပါတီဗဟိုလက်အောက်တွင် စုစုပေါင်းတပ်ရင်း ငါးရင်းရှိသည်။ မော်လမြိုင်ခရိုင်အမှတ် (၁) တပ်ရင်းသည် မွန်ပြည်သစ်ပါတီ -စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)အဖြစ် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ခွဲထွက်ခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် ဘုရားသုံးဆူမြို့အခြေစိုက် တပ်ရင်း(၅) သည်လည်း NMSP-AD နှင့် ပူးပေါင်းလိုက်သဖြင့် လက်ရှိတွင် မွန်ပြည်သစ်ပါတီ(ဗဟို) လက်အောက်တွင် ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်း၊ သထုံ ခရိုင် အမှတ် (၄) တပ်ရင်းနှင့် ရေးခရိုင် အမှတ် (၇) တပ်ရင်း စသည့်တပ်ရင်း သုံးရင်းသာ ကျန်ရှိတော့သည်။ မွန်ပြည်သစ်ပါတီ ဗဟိုမှ ထိပ်ပိုင်းခေါင်းဆောင်အချို့သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA)လမ်းကြောင်းကို ဆက်လက်ကိုင်စွဲထားပြီး စစ်ကောင်စီနှင့် ဆွေးနွေးမှုများရှိနေသည်။ ထို့ကြောင့် ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဇေယျ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော၊ ဗဟိုကော်မတီဝင် နိုင်ဗညားလယ်တို့ ဦးဆောင်ပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့ NMSP-AD အမည်ဖြင့် မိခင်ပါတီမှ ခွဲထွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ Read in Full
၄။ လေးကေကော်မြို့ စစ်ကောင်စီတပ် ကင်းစင်တဲ့မြို့ဖြစ်လာ
October 18, 2024
ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေကော်မြို့မှာ တစ်ခုထဲကျန်ရှိတဲ့ စွယ်တော်ဗျူဟာကုန်းကို တော်လှန်ရေးတပ်ဖွဲ့ တွေသိမ်းပိုက်နိုင်ခဲ့တဲ့အတွက် လေးကေကော်မြို့ဟာစစ်ကောင်စီတပ်ကင်းစင်နယ်မြေဖြစ်သွားပြီလို့ တော်လှန်ရေးပူးပေါင်းတပ် တွေက ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ မြဝတီမြို့တောင်ဘက် KNU တပ်မဟာ ၆ နယ်မြေ လေးကေကော် မြို့သစ်အနီးက စစ်ကောင်စီတပ်ဖွဲ့အခြေချတပ်စွဲနေထိုင်တဲ့ စွယ်တော်ဗျူ ဟာကုန်း (အမြောက်ကုန်း) ကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းမဟာမိတ်အဖွဲ့တို့က ပြီးခဲ့တဲ့ ဩဂုတ်လ ပိုင်းက စတင်ဝိုင်းရံ ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ် စွယ်တော်ဗျူဟာကုန်းရဲ့ အဝင်အထွက်လမ်းကြောင်း ရိက္ခာလမ်းကြောင်းတွေကို KNLA တပ်မဟာ ၆ တော်လှန်ရေးအင်အားစုအဖွဲ့က စတင်ပိတ်ဆို့ခဲ့ပြီးနောက် အဲဒီစခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပူးပေါင်းအဖွဲ့က ဒရုန်းနဲ့တိုက်ခိုက်တာ မြေပြင်ကနေ ထိုးစစ်ဆင်တာတွေ ပြုလုပ်ခဲ့တာပါ။ စစ်ကောင်စီတပ်က စွယ်တော်ဗျူဟာကုန်းမကျရေးအတွက် လေကြောင်းပစ်ကူကိုသာ အဓိကအားထားပြီး တိုက်ခိုက်ခဲ့သလို လေကြောင်းကနေတစ်ဆင့် သူတို့ရဲ့တပ်ဖွဲ့ဝင်တွေအတွက် လက်နက်ခဲယမ်း၊ ရိက္ခာပစ္စည်းတွေကို ချထားပေးခဲ့ပေမယ့် အဲဒီ ရိက္ခာပစ္စည်းထုတ်တွေကို တော်လှန်ရေးအဖွဲ့က မကြာခဏသိမ်းဆည်းရရှိခဲ့ပါတယ်။ အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၄ နာရီ အချိန်ခန့်မှာတော့ KNLA ပူးပေါင်းအဖွဲ့ရဲ့ ပိတ်ဆို့တိုက် ခိုက်မှုဒဏ်ကို မခံနိုင်တော့ဘဲ စစ်ကောင်စီတပ်က ဆုတ်ခွာထွက်ပြေး သွားခဲ့ပြီး ပူးပေါင်းအဖွဲ့က စခန်းကုန်းကို တက်ရောက်ရှင်းလင်းခဲ့ရာမှာ လက်နက်ကြီး၊ လက်နက် ငယ် ခဲယမ်းပစ္စည်းအများ အပြားကို သိမ်းဆည်းရရှိခဲ့တယ်လို့ ပူးပေါင်းအဖွဲ့ဘက်က ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။
စွယ်တော်ဗျူဟာကုန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် လေးကေကော်မြို့ဟာ စစ်ကောင် စီတပ် ကင်းစင်နယ် မြေ ဖြစ်သွားပြီလို့ ကော်ဘရာစစ်ကြောင်း ၂ (ဗီနွန်စစ်ကြောင်း)ကလည်း အသိ ပေးထုတ်ပြန်ထားပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်သိရဖို့အတွက် KNU ပြောရေးဆို ခွင့်ရှိသူတွေနဲ့ ပြည်သူကာ ကွယ်ရေးတပ် တာဝန်ရှိသူ တွေထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေဆိုခြင်းမရှိသေးသလို စစ်ကောင်စီတပ်ဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ လက်ရှိမှာတော့ မြဝတီမြို့တောင်ဘက်ခြမ်းမှာ နယ်စပ်မြို့ဝေါ်လေမြို့အနီးက စစ်ကောင်စီ တပ်ရဲ့ ဝေါ်လေစစ်ဗျူဟာနဲ့ လက်အောက်ခံ တပ်စခန်းတွေတချို့ ကျန်ရှိနေပါသေးတယ်။ KNLA ပူးပေါင်းအဖွဲ့က သိမ်းပိုက် လိုက်တဲ့ စွယ်တော်ဗျူဟာကုန်းဟာ လေးကေကော်မြို့အနီးအနားက ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ မကြာခဏဆို သလို ပစ်ခတ်လျက်ရှိပြီး ဒီလို ပစ်ခတ်မှုတွေကြောင့် စာသင်ကျောင်း၊ ဆေးခန်းစတဲ့ အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ရသလို ဒေသခံလူထုတွေ ကြောက်ရွံ့ ထိတ်လန့်ကာ ထွက်ပြေးတိမ်းရှောင်ရတာတွေ ရှိခဲ့ပါတယ်။ လေးကေကော်မြို့သစ်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ လကစပြီး စစ်ရေးဝင်ရောက်လှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းအဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ရာ လေးကေကော်တိုက်ပွဲကြောင့် ဒေသခံပြည်သူ သောင်းနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ဒီကနေ့အချိန်အထိ မြို့ထဲကို ပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးဘဲ နယ်စပ်အနီးမှာ တိမ်းရှောင်ခိုလှုံနေထိုင်ရဆဲ ဖြစ်ပါတယ်။ Read in Full
၅။ ထန်တလန်မြို့ အော်တိုတောင်ကုန်းကို စစ်ကောင်စီတပ် ပြန်လည်သိမ်းယူ
October 17, 2024
ချင်းပြည်နယ်၊ထန်တလန်မြို့ရှိ စစ်ရေးအရအရေးပါသည့် အော်တိုတောင်ကုန်းကို စစ်ကောင်စီတပ်ဖွဲ့များက ပြန်လည် တိုက်ခိုက်ပြီး သိမ်းယူသွားခဲ့ကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်များအရ သိရသည်။ ထန်တလန်မြို့ အထက်ဘက်တွင် တည်ရှိပြီး ဟားခါး – ထန်တလန်လမ်းမအပေါ်၌ တည်ရှိသော အော်တိုတောင်ကုန်း(အောက်တိုဘာလ ၁၆ ရက်)တွင် စစ်ကောင်စီ တပ်ဘက်က ပြန်လည်သိမ်းယူသွားခြင်းဖြစ်သည်။“ဟုတ်ပါတယ်၊ မနေ့က အော်တိုတောင် ကုန်းကို စကစဘက်က ထန်တလန်မကျစေရေးအတွက် တရစပ်ထိုးစစ် တိုက်စစ်အရှိန်မြှင့်ပြီး ပြန်သိမ်းယူတဲ့ သဘောပါ” ဟု ချင်းအမျိုးသားတပ်မတော်(CNA) အရာရှိတဦးက ပြောသည်။ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူနှင့် မြေပြင်စစ်ကြောင်းများဖြင့် တိုက်ခိုက်ခဲ့ ရာ ချင်းတော်လှန်ရေးတပ်များက ဆုတ်ခွာပေးလိုက်ခြင်းဖြစ်သည် ဟု ၎င်းကဆိုသည်။ သို့သော် ယင်းတောင်ကုန်းကို လက်လွှတ်ထားရသော်လည်း ဟားခါး – ထန်တလန်အကြားရှိ သီးမြစ်လွင်ပြင်အကြားတွင် နေရာအနှံ့အပြား၌ တိုက်ပွဲများ ပြင်းထန်ဖြစ်ပွား နေကြောင်း CNA အရာရှိက ဆက်ပြောသည်။
စစ်ကောင်စီတပ်သည် ဟားခါမြို့ပေါ်ကို ရဟတ်ယာဥ်များဖြင့် လူ ၊ လက်နက်ခဲ ယမ်းများဖြည့်တင်းထားခဲ့ပြီးနောက် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဟားခါးမြို့အထွက် ငါးမိုင်ရှိ အခြေစိုက်ထားသည့် တပ် စခန်းကို ကားခုနစ်စီး အင်အား ၁၀၀ ကျော်ဖြည့်တင်းပြီး အောက်တိုဘာလ ၁၄ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဟားခါး – ထန်တလန်အကြား သီးမြစ်လွင်ပြင်မှ စစ်ကြောင်းထိုးလာသည့်တပ်နှင့် တ နေကုန်တိုက်ပွဲဖြစ်ပွားဖြစ်ခဲ့ပြီး စစ်ကောင်စီ တပ်က ၁၀ ဦးသေဆုံးကာ ၂၀ ဦးဒဏ်ရာရသွာကြောင်း ချင်းတော်လှန် ရေးတပ်ဖွဲ့များ က အသိပေးထားသည်။ ထန်တလန်မြို့ သိမ်းရေးအတွက် ဇူလိုင်လ ၂၂ ရက်နေ့စ၍ ဟားခါး-ထန်တလန်မြို့နယ်အကြား ဆက်သွယ်ရေးဖြတ်တောက်ရန်ရည်ရွယ်၍ မြို့ နယ်နှစ်ခုအကြားရှိ စစ်ကောင်စီတပ်စခန်းများကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့သည်။ ယင်းနောက် ဇူလိုင် လ ၂၈ ရက်နေ့တွင် တပ်မ( ၇၇ )မှ အင်အား ၇၀ ခန့်ဖြင့်တပ်စွဲထားပြီး စစ်ရေးအရ အရေးပါသည့် အော်တိုတောင်ကုန်းကို သိမ်း ပိုက်ခဲ့ကာ ဩဂုတ်လ ၅ ရက်နေ့တွင် ခလရ (၂၆၉) တပ်ရင်းစခန်းကို သိမ်းယူနိုင်ခဲ့ ကြောင်းသိရသည်။
၆။ KTLA ကအရပ်သား ၆ ဦးထက်မနည်းသတ်ဖြတ်မှုအပေါ် ထားဝယ်ခရိုင်သပိတ်ကော်မတီ ကန့်ကွက်ရှုတ်ချ
October 17, 2024
ကော်သူးလေတပ်မတော် (KTLA)၊ ဆာကဆောတပ်မဟာ လက်အောက်ခံ တပ်ဖွဲဝင်များ၏ အရပ်သားများအပေါ် ရာဇဝတ်မှုကျူးလွန်မှုများနှင့် ပတ်သက်၍ ထားဝယ်ခရိုင် သပိတ်ကော်မတီက အောက်တိုဘာ ၁၅ ရက်တွင် သတင်းထုတ်ပြန် ကန့်ကွက်ခဲ့သည်။ အရပ်သား ၆ ဦးထက်မနည်းသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် KTLA လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ ကြောင်း ထားဝယ်ခရိုင် သပိတ်ကော်မတီက ဖော်ပြသည်။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း အခြေစိုက်လှုပ်ရှားသည့် ကော်သူးလေတပ်မတော်(KTLA)၊ ဆာကဆောတပ်မဟာသည် KTLA လက်အောက်ခံ တပမဖြစ်သည်။ KTLA ဆာကဆောတပ် မဟာ၏ လက်အောက်ခံ တပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူတချို့ကို မတရားဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်နေသည်ကို စုံစမ်းတွေ့ရှိခဲ့ကြောင်း ဖြစ်စဉ်အချို့ကို ဖော်ပြခဲ့သည်။ အဆိုပါ KTLA တပ်ဖွဲဝင်များအနေဖြင့် ၂၀၂၃ ဒီဇင်ဘာနှင့် ယခုနှစ် အောက်တိုဘာတွင် အရပ်သားများအား သတ်ဖြတ်သည့် ကျူးလွန်မှုများပြုလုပ်ခဲ့ကြောင်း ထားဝယ်ခရိုင်သပိတ် ကော်မတီကအသိပေးသည်။ ၂၀၂၃ ဒီဇင်ဘာ ၁၈ ရက်တွင် ထားဝယ်ခရိုင်၊ရေဖြူမြိုနယ်၊ ကလိန်အောင်မြို့နယ်ခွဲ၊ ကျောက်လုံးကြီးကျေးရွာကနေ အလုပ်သွားရန်ထွက်လာသည့် ရွှေ့ပြောင်း ရွှေအလုပ်သမားသုံးဦးကို KTLA တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးရက်ရက်စက်စက် သတ် ဖြတ်ခဲ့ကြောင်း၊ သတ်ဖြတ်ခံရသူသုံးဦးမှာ အသက် ၅၂ နှစ်အရွယ် ဦးကျော်အေး၊ အသက် ၃၈နှစ်အရွယ် ကိုလှမြင့်နှင့် အသက် ၂၂ နှစ်အရွယ် ကိုကျော်ဇောလင်းတို့ ဖြစ်ကြပြီး ၎င်းတို့အား KTLA ၊ ဆာကဆောတပ်မဟာ၊ တပ်ရင်း (၂)၊ တပ်ခွဲ (၅)ရဲ့ တပ်ဖွဲ့ဝင်များက ခိုင်လုံသည့် မည်သည့်သက်သေအထောက်အထားမျှမရှိဘဲ စစ်ကောင်စီသတင်းပေးလုပ်သည်ဆိုသည့် မဟုတ် မမှန် စွပ်စွဲချက်ဖြင့် ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
ဦးကျော်အေး၊ ကိုလှမြင့်နှင့် ကိုကျော်ဇောလင်းတို့ သုံးဦးသည် မည်သည့်စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ နှင့်မျှ ပတ် သက်မှုမရှိဘဲ သာမန်လက်လုပ်လက်စား အလုပ်သမားတွေသာဖြစ်သည့်အကြောင်း ရွာခံများနှင့် ဒေသအခြေစိုက် တော်လှန်ရေး တပ်ဖွဲဝင်တချို့က အတည်ပြုထားသည်ဟု ဆိုသည်။ သတ်ဖြတ်ခံရသူ သုံးဦးထဲမှ ကိုလှမြင့်ဆိုသူကို KTLA တပ်ဖွဲဝင်များက ရက်ရက်စက်စက် သတ်ဖြတ်နေသည့် ရုပ်သံမှတ်တမ်းနှင့်သတ်ဖြတ်မှုမှာ ကိုယ်တိုင်ကျူးလွန်ပါဝင်ခဲ့သည့် KTLA တပ်ဖွဲ့ဝင် တဦး မှ ဝန်ခံထွက်ဆိုထားသည့် ရုပ်သံမှတ်တမ်းတို့ကိုလည်း ထားဝယ်ခရိုင် သပိတ်ကော်မတီက လက်ခံရရှိထားသည်ဟု အသိပေး သည်။ အရပ်သားပြည်သူများအပေါ် ကျူးလွန်သည့်အထက်ပါရာဇဝတ်မှုနှစ်ခုသည် ကျွန်တော်တို့ ကော်မတီအနေဖြင့် အချက် အလက် အခိုင်အမာရရှိထားသည့် ကျူးလွန်မှုနှစ်ခုသာဖြစ်ပြီး အချက်အလက် အတည်မပြုနိုင် သေးသည့် တခြားရာဇဝတ်မှု များကိုလည်း KTLA တပ်ဖွဲဝင်တချို့ ကျူး လွန်ထားသည်ဟုစုံစမ်းသိရှိရကြောင်း၊ အရပ်သားပြည်သူများအပေါ် လက်လွတ်စပယ် ဖမ်းဆီးသတ်ဖြတ် နေသည့် KTLA လက်အောက်ခံတပ်ဖွဲ့ဝင်များ၏ ယခုလို လုပ်ရပ်များအပေါ် အပြင်းအထန် ဆန့်ကျင် ကန့် ကွက်ရှုတ်ချကြောင်း ထားဝယ်ခရိုင် သပိတ်ကော်မတီက ထုတ်ပြန်သည်။ Read in Full
၇။ ကန်ပိုက်တီရှိ နယ်ခြားစောင့်တပ်ရင်း(၁၀၀၃) ဌာနချုပ်ကို KIA စတင်တိုက်ခိုက်
October 17, 2024
တရုတ်နိုင်ငံနှင့် နယ်စပ်ဖြစ်သော ကန်ပိုက်တီမြို့မှ စစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တပ်(BGF) တပ်ရင်း (၁၀၀၃)ဌာနချုပ်ကို KIA က တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။ ကန်ပိုက်တီမြို့နယ် စင်ကျိုင် ကျေးရွာရှိ BGF တပ်ရင်း (၁၀၀၃)ဌာနချုပ်ကို (အောက်တိုဘာ ၁၇ ရက်) နံနက်တွင် KIA က စတင်ထိုးစစ်ဆင်ခြင်းဟု မြေပြင် သတင်းရင်းမြစ်က ပြောသည်။ “သိပ်မကြာလှပါဘူး။ စင်ကျိုင်ကကျမှာ။ BGF တွေ တောင့်မခံနိုင်လောက်ဘူး”ဟု ၎င်းက ပြောသည်။ စင်ကျိုင်ကျေးရွာသည် BGF တပ်ရင်း(၁၀၀၃) ဌာနချုပ်ရှိပြီး ဒေသခံများ သည် ဘေးလွတ်ရာ တိမ်းရှောင် နေကြရသည်။ ” ဒီပန်ဝါ မရောက်ခင်နားက ချန်းရင်းခူးဆိုတဲ့ အဲဒီမှာတပ်ရင်းကုန်းရှိတယ်။ အဲဒီမှာ စစ်ဖြစ်နေတယ်။ ဒီမနက် ၅ နာရီခွဲလောက်က ဖြစ်တာ အခုထိဖြစ်နေဆဲလို့ ပြောတယ်။ အဲဒီနေရာကနေ ပန်ဝါဆိုရင်တော့ (၆)မိုင်၊ (၇)မိုင်လောက်ဝေးသေးတယ်”ဟု ကချင် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ကချင်နယ်ခြားစောင့်တပ်(NDAK) ဥက္ကဌ ဦးဇခုန်တိန့်ယိန်းက ချီဖွေမြို့အရှေ့ဘက် ဂမ်ခွန်းကျေးရွာ၊ ဖီမော်ကျေးရွာ အနီး၌ BGF တပ်ရင်း (၁၀၀၁)၊ ပန်ဝါဒေသ လုပြည်ကျေးရွာအနီး၌ တပ်ရင်း (၁၀၀၂)၊ ကန်ပိုက်တီမြို့တွင် တပ်ရင်း (၁၀၀၃)ဟူ၍ ဖွဲ့စည်းပြီး ကချင်အထူးဒေသ(၁) အဖြစ် သတ်မှတ်အုပ်ချုပ်နေသည်။ BGF တပ်ရင်း (၁၀၀၂)တပ်ဌာနချုပ်ကို ကချင်လွတ်လပ် ရေးတပ်မတော် (KIA)က အောက်တိုဘာ ၁၅ တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။ စခန်းများတိုက်ခိုက်ခံနေရစဉ် ကန်ပိုက်တီ နယ် စပ်ကုန်သွယ်ရေးဇုန်မှ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက် ၁၀၀ ကျော်ကို BGF က အတင်းအဓမ္မစစ်သားစုဆောင်းသွား ကြောင်း ဒေသခံများက ပြောသည်။ စစ်သားစုဆောင်းခံရသူများသည် မိသားစုနှင့် အဆက်အသွယ်ပြတ်နေသည်။ KIA အနေဖြင့် ဇွန်လတွင် ဆဒုံးဒေသ၊ စက်တင်ဘာလကုန်တွင် ချီဖွေ၊ အောက်တိုဘာလဆန်းတွင် ဆော့လော် ၊ အောက်တိုဘာလ လယ်တွင် ပန်ဝါဒေသ BGF ၁၀၀၂ တပ်ဌာနချုပ် ရှိရာ နေရာများကို ထိုးစစ်ဆင်ခဲ့ပြီး စစ်ကောင်စီ စခန်း၊ စစ်ကောင်စီလက် အောက်ခံ ပြည်သူ့စစ်နှင့် BGF စခန်းများ စုစုပေါင်းတပ်စခန်း ကြီး၊ငယ် ၄၀ ကျော် သိမ်းပိုက်ရရှိထားသည်။
၈။ ကော့သောင်းမှာ သန်းခေါင်စာရင်း ကောက်ပြီးလို့ အောင်ပွဲခံနေတဲ့ ပျူစောထီးအဖွဲ့ စီးနင်းခံလို့ နှစ်ဦးသေဆုံး
October 17, 2024
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာအုပ်စုမှာ သန်းခေါင်စာရင်း ကောက်ယူပြီးစီးလို့ အောင်ပွဲခံနေတဲ့ ပျူစောထီအဖွဲ့နဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ ဝင်ရောက်စီးနင်းခံရတာကြောင့် ပျူစောထီးအဖွဲ့ဝင် နှစ်ဦးသေဆုံး ခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။ သန်းခေါင်စာရင်း ကောက်ယူပြီးစီးလို့ အောင်ပွဲခံနေတဲ့ မလိဝမ်းကျေးရွာအုပ်စု ၁၉ မိုင်ကျေးရွာက ပျူစောထီအဖွဲ့ဝင်တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကို အောက်တိုဘာ ၁၅ ရက် နေ့ ည ၈ နာရီအချိန်ခန့်မှာ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဝင်ရောက်စီးနင်းခဲ့တာပါ။ တော်လှန်ရေး အင်အား စုတွေရဲ့ ပြောပြချက်အရ အောင်ပွဲခံနေတဲ့ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို ဝင်ရောက်စီးနင်း ချိန် မှာ ၇ ဦး ဝန်းကျင်သာရှိပြီး ကျန်တဲ့အဖွဲ့ဝင်တွေက ပြန် သွားကြပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီဝင်ရောက်စီးနင်းမှုအတွင်း ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့မှ ပျူစောထီး ဦးနောင်နီနဲ့ ဦးဘဦးတို့ နှစ်ဦးကို အသေဖမ်းဆီးရရှိခဲ့ပြီး ကျန်အဖွဲ့ ဝင်တွေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ကော့သောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေ တာဝန်ခံက ပြောပါ တယ်။
လက်ရှိမှာတော့ အင်အား ၅၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဟာ မလိဝမ်းကျေးရွာဘက်ကို ရောက်ရှိနေပြီး လမ်သွား လမ်းလာတွေကို စစ်ဆေးတာနဲ့ ကင်းပုန်းဝပ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ကော့သောင်းမြို့ မှာတော့ စစ်ကောင်စီရဲ့ သန်းခေါင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းတွေ ပြီးစီးသွားပြီး ဖြစ်သလို တော်လှန် ရေး အင်အားစုတွေ ဘက်ကလည်း စစ်မှုထမ်းဥပဒေနဲ့ သန်းခေါင်စာရင်း ကောက်ယူခြင်း ကိစ္စရပ်တွေမှာ မပါဝင်ကြဖို့ အကြိမ်ကြိမ် သတိပေးစာတွေ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်နေ့ကလည်း ခမောက်ကြီးမြို့နယ် ၁၈ မိုင်အနီးရှိ အမှတ် ၅၉၅ ခြေမြန်တပ်ရင်းရဲ့ လုံခြုံရေးဂိတ် ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
၉။ ဟားခါး – ထန်တလန်လမ်း တိုက်ပွဲအတွင်း CDF – Zotung ဒုတပ်ရင်းမှူးနှင့်တပ်စုမှူး ကျဆုံး
October 17, 2024
ချင်းပြည်နယ်၊ ဟားခါးနှင့် ထန်တလန်မြို့နယ်လမ်းတိုက်ပွဲအတွင်း ဒုတပ်ရင်းမှူးနှင့်တပ်စုမှူးတို့ ကျဆုံးခဲ့ကြောင်း ချင်း ကာကွယ်ရေးအဖွဲ့ (ဇိုတုန်း) CDF- Zotung က (အောက်တိုဘာလ ၁၇ ရက်)တွင်ထုတ်ပြန်သည်။ ဟားခါးမြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့အကြား (အောက်တိုဘာလ ၁၆ရက်)တွင် ဟားခါး-ထန်တလန်မြို့နယ်အကြား တီးမြစ်တိုက်ပွဲရာ၌ ကျဆုံးခဲ့ခြင်းဖြစ်သည်။ ဒုတပ်ရင်းမှူးဖြစ်သည့် ဆလိုင်းထွန်မာန်းနှင့် တပ်စုမှူး ဆလိုင်းအားလျန် တို့သည် ၎င်းတို့ ကတိသစ္စာပြုခဲ့သော အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် မြင့်မြတ်စွာကျဆုံးခဲ့ပြီး ပေးဆပ်မှုအတွက် လေးစားဂုဏ်ပြုကြောင်းနှင့် ကျန်ရစ်သူမိသားစုဝင်များနှင့်အတူ ထပ်တူဝမ်း နည်းကြောင်း CDF–Zotung ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။ “ဟားခါးကနေ ထန်တလန်ကိုစစ်ကူလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို ခုခံတိုက်ခိုက်ရင်း ကျဆုံးသွားကြတာပါ။ တပ်ဖွဲ့အတွက် တန်ဖိုးဖြတ်မရတဲ့ဆုံးရှုံးမှုပါ၊ သူတို့ရဲ့ လုပ်ဆောင်ချက် များအတွက် အထူးဂုဏ်ယူလေးစားပါတယ်”ဟု CDF – Zotung ပြောရေးဆိုခွင့်ရှိသူတဦးက ပြောသည်။
အဆိုပါကျဆုံးသူများမှာ စစ်ကောင်စီက အာဏာသိမ်းပြီးမှစ၍ လက်နက်ကိုင်လမ်းစဥ် စကတည်းက တစိုက်မတ်မတ် ပါဝင်ခဲ့ ပြီး ချင်းပြည်နယ်အတွင်း၌သာမက ယောဒေသအထိ တိုက်ပွဲဝင်ခဲ့ပြီးသူများဖြစ်သည်ဟု ၎င်းကဆိုသည်။ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲအတွင်း အထက်အမိန့်ကို နာခံတတ်သူ၊ ရဲဘော်ရဲဘက်များအပေါ်တွင် ညီကိုအရင်းသဖွယ် သဘောထားချစ်ခင်တတ်သူ၊ တကယ့်စစ်သားကောင်းပီသသော ဒုတပ်ရင်းမှူးနှင့် တပ်စုမှူး ဆုံးရှုံးရခြင်းသည် နွေဦးတော်လှန် ရေး၊ ချင်းပြည်လွတ်မြောက်ရေးနှင့် တပ်ဖွဲ့အတွက် တန်ဖိုးဖြတ်မရသည့် ဆုံးရှုံးမှုဖြစ် ကြောင်း CDF – Zotung တာဝန်ရှိသူက ဆက်ပြောသည်။ ထန်တလန်မြို့သိမ်းတိုက်ပွဲစတင်ချိန်မှစပြီး CDF – Zotung တပ်ဖွဲ့ဝင်ရဲဘော် ငါးဦး ကျဆုံးခဲ့ပြီးကြောင်း သိရ သည်။ Read in Full
၁၀။ နမ္မတူမြို့နယ် NLD လွှတ်တော်အမတ် ၁ ဦးကို TNLA က ဖမ်းဆီးထား
October 17, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တယောက် ဖြစ်တဲ့ ဦးဝင်းလှိုင်(ခ) ဦးမဲတူ ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဦးဝင်းလှိုင်(ခ) ဦးမဲတူကို TNLA က စက်တင်ဘာ ၂ ရက်နေ့ကကတည်းက ဖမ်းဆီးထားတာ အခုဆိုဆိုရင် တလခွဲ ကျော်ကြာပြီဖြစ်ပေမဲ့ မိသားစုဝင်တွေနဲ့ တခါတရံမှသာ တွေ့ခွင့်ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။“ဦးမဲတူကို ဖမ်းထားတာ တလခွဲကျော်နေပြီး အဲဒီကြားထဲ သွားတွေ့တာ တခါတရံပဲ တွေ့ခွင့်ပေးတယ်။ သွားတွေ့ပြီး တွေ့ခွင့်မရ တဲ့သူတွေလည်း ရှိတယ်။ ထမင်းကတော့ ပို့လို့ရတယ်။” NLD အမတ် ဦးမဲတူက ဘော်တွင်းကနေ နမ္မတူလာတဲ့အချိန် မေတ္တာရှင် လူမှုကူညီရေးအသင်း ရုံးကနေ ပြန်အထွက်မှာ ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။
ဦးဝင်းလှိုင်(ခ) ဦးမဲတူကို ဖမ်းဆီးထားရတာဟာ အယောင်ဆောင်မှုကြောင့်ဖြစ်တယ်လို့ TNLA တာဝန်ရှိသူက ဖမ်း ဆီး ခံထားရသူနဲ့ နီးစပ်သူတွေကိုပြောပေမဲ့ ဘယ်လို အယောင်ဆောင်တာလဲဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။“ဦးမဲတူ ကို အယောင်ဆောင်မှုကြောင့် ဖမ်းတာလို့ တအာင်းတပ်ရဲ့ တာဝန်ရှိသူက ပြောတယ်။ အခုက ဘာဥပဒေမှ ရှိတာမှ မဟုတ်တာ” လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။ ဦးဝင်းလှိုင်(ခ) ဦးမဲတူဟာ ၂၀၂၀ အထွေထွေရွေးကောက် ပွဲ မှာ နမ္မတူမြို့နယ်၊ ပြည်နယ်လွှတ် တော် အမှတ် (၁) မဲဆန္ဒနယ်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားပြုယှဉ်ပြိုင်ခဲ့ရာမှာ အနိုင်ရရှိခဲ့သူပါ။ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတွေဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ပထမပိုင်းမှာ နမ္မတူ မြို့ကို (PSLF/TNLA)က သိမ်းပိုက်ခဲ့ပြီး ဘော်တွင်း သတ္တု တွင်းနယ်မြေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သိမ်းပိုက်ခဲ့ ပါတယ်။ လက်ရှိ နမ္မတူမြို့ကို TNLA ကထိန်းချုပ်ထားပြီး ဘော်တွင်းသတ္တုတွင်းနယ်မြေကို KIA ကချင်တပ်က ထိန်းချုပ်ထားပါတယ်။ Read in Full
၁၁။ဂွမြို့နယ် ကုလားပြင်မှ ကြွေချိုင်အထိ တပ်ဆုတ်လာသော စစ်ကောင်စီတပ်ကို AA က ထိုးစစ်ဆင် တိုက်ခိုက်
October 17, 2024
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကုလားပြင်ကျေးရွာမှ ကြွေချိုင်ကမ်းခြေအထိတပ်ဆုတ်လာရသည့် စစ်ကောင်စီတပ်ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။ စစ်ကောင်စီနှင့် AA တို့သည် ယနေ့ အောက်တိုဘာ ၁၇ရက်နေ့က ဂွမြို့နယ် သပြုချောင်း ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ကျေးရွာအတွင်းရှိ နေအိမ်များပေါ်သို့ ကျရောက်ကာ ပျက်စီးထိခိုက်မှုများရှိ ကြောင်း သိရသည်။ “တိုက်ပွဲ ခဏငြိမ်သွားတာ ၄ ရက်လောက်ရှိပြီ။ မနေ့ကတော့ လေကြောင်းရော မြေပြင်ရော ရေကြောင်း ကရော တအုန်းအုန်းနဲ့ပစ်ကြတာ။ သပြုချောင်းက ဒေသခံတွေ အကုန်စစ်ရှောင်ရတယ် ကြားတယ်။ ဖုန်းလိုင်းကလည်း နေရာ တချို့မှာပဲမိတော့တယ်” ဟု ဂွဒေသခံတစ်ဦးက ပြော သည်။ အောက်တိုဘာ ၁၆ ရက်နေ့က ကြွေချိုင်ကျေးရွာထိတပ်ဆုတ်လာ ရသည့် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားရာ AA တပ်မှာ စစ်ကောင်စီအထိုင်ချထားသည့် တပ်စခန်းကိုပါကျော်လွန်၍ ကြွေချိုင်ကျေးရွာ ကွက်သစ်အနောက်ဘက်တောင်ကုန်းနှင့် အရှိုချင်းတိုင်းရင်းသားများနေထိုင်သည့် ရွာအနီးအထိပါ တိုက်ပွဲ ရောက်ရှိလာကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူအပြင် ရေတပ်သင်္ဘော (နေဗီ) များမှပါ ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ကုလားပြင်တွင်တပ်စွဲထားသည့်စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်က ကျိန္တလီ ချောင်းကူးတံတားကို မိုင်းခွဲဖျက်ဆီး၍ ကြွေချိုင်ကျေးရွာအထိတပ်ဆုတ်လာခြင်းဖြစ်သည်။ ထိုသို့ဆုတ်ခွာလာသည့် စစ်ကောင်စီ တပ်ကို AA က လိုက်လံတိုက်ခိုက်ရာ ကြွေချိုင် တိုင်ကျိုးနှင့် သပြုချောင်း ကျေးရွာအနီးတို့တွင် တိုက်ပွဲပြင်းထန်နေကြောင်း သိရ သည်။ စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့က ဂွမြို့နယ်ရှိ ကူးတို့လေးကျေးရွာကို ဗုံးကြဲခဲ့ပြီးနောက် ဘဲအင်း၊ ဒယ်ဘုတ်၊ သပြုချောင်းကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားကာ ယမန်နေ့တွင် တိုက်ပွဲအရှိန်မြင့်၍ ပြင်းထန်လာခြင်းဖြစ်သည်။ Read in Full
၁၂။ ပင်လောင်းမှာ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး ဒေသခံသောင်းချီ စစ်ဘေးရှောင်နေရ
October 17, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်မှာ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တို့အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာလ အစပိုင်းကတည်းကနေ ဒီနေ့အထိ နောင်ဝိုး၊ ပင်စုံ၊ နန်းဖာကျေးရွာတို့မှာ တိုက်ပွဲ ပြင်းထန်နေပြီး ကျေးရွာပေါင်း ၁၃ ရွာက စစ်ဘေးရှောင်နေရပြီလို့ ဆိုပါတယ်။“တချို့က ရှေ့လတွေကတည်းက ရှောင်ကြတာ။ ဒီလထဲ အရေးပေါ်ဖြစ်မှ ရှောင်ကြတာက ပိုများတာပေါ့။ ဒီချိန်က စိုက်ပျိုးရာသီလေ။ တချို့ဆို သီးနှံပေါ်နေပြီ။ ဘယ်သူမှ မခူးနိုင် တော့ဘူး။ သူများမြို့ရွာက ရေကြောင့် ပျက်စီး၊ ဒီမှာလည်း စစ်ကြောင့် ပျက်စီးတယ်။ တောင်ယာမလုပ်နိုင်တော့ ဘာနဲ့ စားကြမ လဲ”လို့ နောင်ဝိုးရွာကနေ စစ်ဘေးရှောင်လာသူတစ်ဦးကပြောပါတယ်။ စစ်ကောင်စီဖက်က ဝါးလီနဲ့တင်းထက်ရွာကြားမှာအထိုင် ချပြီး ပင်စုံကျေးရွာဘက်ကို လက်နက်ကြီး ပစ်ခတ်နေတဲ့အပြင် တောင်ဗာရွာမှာလည်း စစ်ကောင်စီက တပ်စွဲထားပြီး စံကား ကျေးရွာထဲကို လှမ်းထုနေတယ်လို့ သိရပါတယ်။“၂ ဖက်လုံး အကျအဆုံးများတယ်။ PNO ဖက်က နေဝင်းထွန်းကိုယ်တိုင် ပါလာ တယ်။ အနောက်က ကွပ်ကဲနေတယ်။ စစ်ကောင်စီဖက်က လက်နက်ကြီးနဲ့ ဝင်လုံးပြီး တက်လာတယ်”လို့ နီးစပ်တဲ့ မြေပြင် သတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။
တံခါးယဉ်၊ လင်းတနား၊ တတောက်ကျေးရွာတို့မှာလည်း စစ်ကောင်စီ ပူးပေါင်းတပ်တွေ တပ်စွဲထားတာကြောင့် စစ်ဘေးမရှောင်ဘဲ ကျန်နေတဲ့ ဒေသခံတချို့က ထမင်းထုပ် ပို့ပေးနေရတယ်လို့ ဆိုပါတယ်။ ပင်လောင်းဒေသခံတွေဟာ အကြိမ် ကြိမ်စစ်ဘေးရှောင်ခဲ့ရတဲ့ ကာလတွေအတွင်း ငွေကြေးအမြောက်အမြား ကုန်ကျခဲ့တာကြောင့် လက်ရှိ အခြေ အနေအရ နီးစပ်ရာ တောတောင်နေရာတွေနဲ့ ပင်လောင်းမြို့ပေါ်ကိုသာ တိမ်းရှောင်ကြတယ်လို့ သိရပါတယ်။ လတ်တ လော ပင်လောင်းမြို့နယ်အတွင်းမှာ ဖုန်းနဲ့ အင်တာနက် ပြတ်တောက်နေတာကြောင့် စစ်ဘေးရှောင်တွေအတွက် အကူ အညီမဲ့နေပြီး စားနပ်ရိက္ခာ အရေး ပေါ်လိုအပ်တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။ “လမ်းတွေက အကုန်ပိတ်ထားပြီ။ ပင်လောင်း -တီကျစ်လမ်းဆို တော်တော်ဆိုးတယ်။ နမ့်ဖာမူဘက်ကစပြီး ပိတ်ချလိုက်တာ။ ဆေးတွေရော ကုန်တွေရော ဘာမှမဝင်တော့ဘူး ကြားတယ်” လို့ တီကျစ်ဒေသခံ တစ်ဦးက ပြောပါတယ်။ ပင်လောင်းလမ်း တစ်လျှောက်မှာ တိုက်ပွဲ ဖြစ်ပွားနေတဲ့အပြင် တောင်ငူ ဘက်မှာလည်း တံတားကျိုးနေတာကြောင့် ၂ ဆင့်သယ်ယူနေရပြီး ပင်လောင်းနဲ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ရိက္ခာပြတ်လပ်လာနိုင်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက သုံးသပ်ပါတယ်။ Read in Full
၁၃။ အမ်းမြို့နယ်မှာ စစ်ဘေးဒုက္ခသည်တစ်ရာကျော်ကို စစ်ကောင်စီဖမ်းဆီး
October 17, 2024
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်ကနေ အမ်း-ပဒါန်း ကားလမ်းအတိုင်း မကွေးတိုင်းဘက်ကို စစ်ဘေးတိမ်းရှောင်လာတဲ့ ဒေသခံတစ်ရာကျော်ကို အောက်တိုဘာ ၁၆ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ ဒေသခံ တွေကပြောပါတယ်။ အမ်းဒေသခံတွေဟာ ပဒါန်း၊ မင်းဘူးနဲ့ မကွေးတိုင်းဘက်က တိုက်ပွဲမရှိတဲ့ နေရာဒေသတွေကို ကား ၁၅ စီး နဲ့ တိမ်းရှောင်ကြပြီး အမ်းမြို့နယ် ကျီးကန်းတောင်နဲ့ ခြောက်မိုင်ဂိတ်နေရာတွေမှာ ဖမ်းဆီးခံရတာလို့ အမ်းဒေသခံတစ်ဦးက ပြောပါတယ်။“အမ်းမှာ အောက်တိုဘာ ၁၆ ရက်နေ့ကစလို့ ငါးရက်အတွင်း ထောက်ခံ စာတွေမပါဘဲ တိမ်းရှောင်လို့ ရတယ်ဆိုပြီး သတင်းထွက်တယ်။ အဲဒါကြောင့် မြို့ကလူတွေက ပဒါန်းတို့ မင်းဘူးတို့ အဲဒီဘက်ကို စစ်ဘေးရှောင်ဖို့သွားကြတာပေါ့။ အဲဒီမှာ ကား ၁၅ စီးလုံး အဖမ်းခံရတာ။ ပထမ ငါးစီးကိုတော့ ကျီးကန်းတောင်နားမှာ ဖမ်းတယ်။ နောက်ဆယ်စီးကိုတော့ ခြောက်မိုင်ဂိတ်နားမှာ ဖမ်းတယ်” ကားဆယ်စီးကိုတော့ ခြောက်မိုင်ဂိတ်နဲ့ ပဲပဒုံဂိတ်မှာ ထိန်းသိမ်းထားပြီး ကျန်တဲ့ ငါးစီးကိုတော့ ဘယ်နေရာကို ခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးဘူးလို့ အမ်းဒေသခံက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေနဲ့ ဒီနေ့အထိ အဆက်အသွယ်မရ သေးဘူးလို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ အမ်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA)တို့ တိုက်ပွဲပြင်းထန်ပြီး AA က အနောက် ပိုင်းတိုင်း စစ်ဌာနချုပ်ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေသလို စစ်ကောင်စီတပ်ကလည်း လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အမ်းမြို့နယ်မှာ စက်တင်ဘာလ ၂၆ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီရဲ့ အရေးပါတဲ့ မဲတောင်ဗျူဟာကို အောက်တိုဘာ ၇ ရက်နေ့မှာ AA က သိမ်းပိုက်ထားပါတယ်။ Read in Full
၁၄။ မင်းတပ်မြို့ရှိ ပြည်သူများ၏နေအိမ်များ စစ်ကောင်စီတပ် ထပ်မံမီးရှို့ဖျက်ဆီး
October 17, 2024
ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ရှိ ပြည်သူလူထု နေအိမ်များကို စစ်ကောင်စီတပ်သားနှင့်ရဲများကပြီးခဲ့သည့် ရက်ပိုင်း များအတွင်း ထပ်မံမီးရှို့ခဲ့ကြောင်း မင်းတပ်ဒေသခံက ပြောသည်။ စက်တင်ဘာအတွင်း စစ်ကောင်စီတပ်က မင်းတပ်မြို့ပေါ်ရှိ ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီက အောက်တို ဘာအတွင်း မီးရှို့မှု များ ဆက်လက်လုပ်ဆောင်နေသည်ဟု ဒေသခံက အသိပေးသည်။ စစ်ကောင်စီအနေဖြင့် ၎င်းတို့ တပ်စွဲရာအနီး ပစ်ကွင်းမရှင်း သည့် နေအိမ်များကို မီးရှို့မှုများ လုပ်ဆောင်သလို ၎င်းတို့တပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရ၍ သေဆုံးမှုရှိပါက အနီးဝန်းကျင်ရှိ နေအိမ် များမီးရှို့မှုလုပ်ဆောင်လေ့ရှိဟု ဒေသခံကပြောသည်။
” သူတို့လူတွေ အပစ်ခံရပြီးသေရင် အဲ့ဝန်းကျင်နားက အိမ်တွေ ရှို့လေ့ရှိကြတယ်”ဟု မင်းတပ်ဒေသခံက စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နေအိမ်မီးရှို့ရခြင်း အကြောင်းအရင်းကို သုံးသပ်သည်။ မင်းတပ်မြို့တွင် ချင်းဒေသကာကွယ်ရေးတပ် (CDF)-မင်းတပ် တပ်ဖွဲ့ဝင်များရှိပြီး စစ်ကောင်စီနှင့်တိုက်ပွဲနှင့် ပစ်ခတ်မှုဖြစ်ပွားခြင်း သတင်းများ မကြားရသေးပေ။ CDF မင်းတပ်၏ စက်တင်ဘာလကုန်ပိုင်း သတင်းထုတ်ပြန်ချက်အရ ဩဂုတ်နှင့် စက်တင်ဘာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့၍ နေအိမ် ၃၆ လုံး မီးလောင်ပျက်စီးခဲ့ရဟု ဆိုသည်။ ထို့ပြင် ဩဂုတ်နှင့် စက်တင်ဘာအတွင်း စစ်ကောင်စီက မင်းတပ်နယ်ကို လေကြောင်းတိုက်ခိုက်မှု ၄၄ ကြိမ်ပြုလုပ်ခဲ့ဟု အသိပေးထားသည်။ Read in Full
၁၅။ ဆွမ်ပီယန်အပါအဝင် ရွာပေါင်း ၃ ရွာက ပြည်သူတစ်ထောင်ကျော် အစားသောက်၊ဆေးဝါးကူညီမှုလိုအပ်နေ
October 17, 2024
ပူတာအိုမြို့နယ် ဆွမ်ပီယန်ရွာအပါအဝင် ရွာပေါင်း ၃ ရွာ ပြည်သူ ၁၅၀၀ (တစ်ထောင့်ငါးရာ)ဝန်းကျင် တော၊တောင် ထဲထွက်ပြေးတိမ်းရှောင်နေတာ ၅ လကျော်ကြာလာပြီး ဖျားနာသူတွေများလာနေတယ်လို့ ဆွမ်ပီယန်ဒေသခံတွေ ပြော ပါတယ်။ ဆွမ်ပီယန်ကျေးရွာ၊ အင်စီးယန်(Nsi Yang) ၊ ၀ဒတ်(Wadat) စတဲ့ကျေးရွာက ဒေသခံပြည်သူ ၁၅၀၀ ဝန်းကျင် နီးစပ်ရာတော တောင်မှာ မိုးကာတဲထိုးပြီး စစ်ရှောင်နေတာ ကာလအားဖြင့် ၅ လကြာမြင့်လာတဲ့အပြင် လက်ရှိဆောင်းတွင်းဝင်လာပြီ ဖြစ်တဲ့ အတွက် အနွေးထည်၊စောင်၊ဆေးဝါး၊ အစားသောက်အခက်အခဲကြုံနေရတယ်လို့ ဆွမ်ပီယန်စစ်ရှောင်ပြည်သူတစ်ဦးအခုလို ပြော ပါတယ်။“မိုးကာတဲအောက်မှာ မိုးရွာရင် မိုးယို၊ နေပူရင်လည်းနေလို့မရပြန်၊ ခြင်ကကိုက်၊ လတ်တလော ဖျားနာတာတွေ အရမ်း များနေတယ်။ ဆောင်းတွင်းဝင်လာပြီဆိုတော့ အနွေး ထည်တွေမရှိ၊ စောင်ခြုံစရာမရှိလို့ အရမ်းခက်နေကြတယ်။ ချောင်းဆိုး၊ အဖျားတက် အဖြစ်အရမ်းများနေတယ်။”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ဆွမ်ပီယန်ကျေးရွာထဲ စစ်ကောင်စီစစ်ကြောင်း ဝင် ရောက်တပ်စွဲလာပြီး ကျေးရွာနေဒေသခံပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေကြောင့် ဒေသခံအားလုံး နီးစပ်ရာတော၊ တောင် ထဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြတာဖြစ်ပါတယ်။
တောတောင်ထဲ ခက်ခက်ခဲခဲစစ်ရှောင်နေကြတဲ့ ပြည်သူတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ မိုးကြီး၊ရေလျှံမှုကြောင့် ထပ်မံရွှေ့ ပြောင်းခဲ့ကြပြီး လတ်တလော ပူတာအို–ဆွမ်ပရာဘွမ် လမ်းတစ်လျှောက် ကျေးရွာတစ်ချို့နဲ့ တောထဲမှာ တဲထိုးပြီးဆက်တိမ်း ရှောင်နေကြတာဖြစ်ပါတယ်။ စစ်ရှောင်တွေအတွက် အသင်းတော်အဖွဲ့အစည်းကနေ တတ်နိုင်သလောက်ထောက်ပံ့ပေးမှုနဲ့ အသက်ဆက်နေရပြီး လမ်းခရီးအခက်အခဲနဲ့ ဖုန်းလိုင်းအခက်အခဲတွေကြောင့် ကူညီမှုတွေ အလုံအ လောက်မရရှိကာ ဒုက္ခကြုံနေ ကြရတာဖြစ်ပါတယ်။“ဒီနားမှာအခု ဆွမ်ပီယန်ကျေးရွာ၊ အင်စီးယန်နဲ့ ၀ဒတ် ဒီရွာ ၃ ခု က အုပ်စုတွေကို တစ်စုလုပ်ထားပြီး ဖုန်ငိုင်ယန်စစ်ရှောင်လို့ သတ်မှတ်ထားတယ်။ အခုတော့ KBC HDD နဲ့ KMSS ကကူညီမှုတွေတော့ ရနေတယ်။” လို့ ဆွမ်ပီယန် ဒေသခံစစ်ရှောင်က ဆက်ပြောပါတယ်။ တောတောင်တွေထဲ တိမ်း ရှောင်နေကြတဲ့ ကျေးရွာ ၃ ခုက ဒေသခံပြည်သူ အိမ်ခြေ စုစုပေါင်း ၂၂၅ ရှိပြီး လူဦးရေ ၁၁၈၄ ဦးရှိတဲ့အထဲ အမျိုး သမီး ၅၉၆ ဦးပါရှိပါတယ်။ Read in Full
၁၆။ တနင်္သာရီတိုင်း မြို့နယ် ၃ ခုတွင် စစ်ရှောင် ၅၆,၀၀၀ ဦးထိ ရှိလာ
October 17, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြို့နယ် ၃ မြို့နယ်တွင် စစ်ကောင်စီနှင့်တော်လှန်ရေးတပ်များအကြား စက်တင်ဘာလ အတွင်း ရက်ရှည်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နေရပ်စွန့်ခွာ စစ်ရှောင်ရသူ ၅၆,၀၀၀ ဦးထိရှိ လာသည်ဟု FE5 Tanintharyi က လစဉ် အစီရင်ခံစာ ထုတ်ပြန်ထားသည်။ အဆိုပါ တိုင်းအတွင်းရှိ တနင်္သာရီမြို့နယ်၊ လောင်းလုံးမြို့နယ်၊ ပုလောမြို့နယ်များအတွင်းရှိ ကျေးရွာ များသို့ စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် တော်လှန်ရေးတပ်များနှင့် စက်တင် ဘာလအတွင်း စုစုပေါင်းတိုက်ပွဲ ၇၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံများ ယခုလို နေရပ်စွန့်ခွာ စစ်ရှောင်နေရခြင်းဖြစ်သည်။ ထို့အပြင် စစ်ကောင်စီတပ် များက တနင်္သာရီတိုင်းအတွင်း ဆေးဝါးနှင့်ရိက္ခာသယ်ဆောင်ခွင့်များကို ပိတ်ဆို့ထားသည့်အတွက် နေရပ်စွန့်ခွာ စစ်ဘေးရှောင် များအတွက် စားနပ်ရိက္ခာများ လိုအပ်နေပြီး ကူညီသူများအနေဖြင့် ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင် ပိုမိုခက်ခဲလာသည်ဟု မြေပြင် စစ်ဘေးရှောင်တာဝန်ခံများက ပြောဆိုသည်။“တော်လှန်ရေးကာလ ကြာလာလေ စစ်တပ်ကရိက္ခာသယ်ဆောင်ခွင့် တွေကို ပိတ်ဆို့တာတွေကို ပိုပြီးတော့ လုပ်ဆောင်လာတယ်။ ဒါပေမဲ့တိုင်းအတွင်းက တော်လှန်ရေးတပ်တွေ အားကောင်းတဲ့ နေရာမှာတော့ တော်လှန်ရေးအဖွဲ့တွေက ပြည်သူတွေလှူထားတာတွေကို တတ်နိုင်သလောက် စစ်ဘေးရှောင်ပြည်သူတွေကို ပြန်လှူတာမျိုးတွေတော့ရှိတယ်” ဟု မြေပြင်စစ်ရှောင်းတာဝန်ခံ တစ်ဦးက ပြောသည်။
ထို့အပြင်ယခုလအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးစဉ်မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံပြည်သူနေအိမ် ၉၄ လုံး အထိ အနည်းဆုံးပျက်စီးခဲ့ပြီး စစ်ကြောင်းထိုးချိန် ပစ်သတ်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်း၊ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းကြောင့်ယခုအောက်တိုဘာလတွင်း ဒေသခံပြည်သူ ၁၇ သေဆုံးခဲ့ကြောင်း သိရသည်။ အလား တူ အရပ်သားအသတ်ခံရမှု ပြန်လည်မြင့်တက်လာခဲ့ပြီး စက်တင်ဘာတစ်လအတွင်း အရပ်သားသေဆုံးမှု စုစုပေါင်း ၂၀ ဦးအထိ ရှိရာတွင် စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှုတို့ကြောင့် သေဆုံးရသူအများဆုံးဖြစ်သည်ဟုလာသည်ဟု FE5 Tanintharyi အစီရင်ခံစာ၌ဖော်ပြထားသည်။ Read in Full
၁၇။ ရေဘေးသင့် ကျေးရွာတစ်ရွာရဲ့ ကိုယ်ထူကိုယ်ထကျောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အကူအညီလိုအပ်နေ
October 17, 2024
ကရင်နီပြည်၊ လွိုင်ကော် – ဒီးမော့ဆိုမြို့နယ်စပ် ဘုရားဖြူကျေးရွာအုပ်စုအတွင်းက ရေဘေးသင့်တဲ့ ကျေးရွာတစ်ရွာရဲ့ ကိုယ်ထူကိုယ်ထကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။ အဆိုပါ ကျေးရွာဟာ စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုကြောင့် ရွာလုံးကျွတ် ရေနစ်မြှုပ်ခဲ့ရပါတယ်။ လတ်တလောမှာတော့ ရေအနည်းငယ် ပြန်ကျပြီဖြစ်တာကြောင့် ကလေးတွေရဲ့ ပညာရေးအတွက် စာသင်ကြားနိုင်ဖို့ စီစဉ်နေပြီး စာရေးကိရိယာနဲ့ ကျောင်းသုံး သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေတာဖြစ်ပါတယ်။“စာသင်ဆောင်မှာ နေအိမ်မှာ စာသင်လို့တော့ မရသေးဘူးပေါ့ ဘုန်းကြီး ကျောင်းမှာ သင်ဖို့တော့ပြောထားတယ်။ သူများရွာမှာ သင်မလားဆိုတော့ အကူအညီ တောင်းသေးတယ် ဒါပေမယ့် အဆင်မပြေ ဘူးလေး ကလေးကလည်း များနေတော့။”လို့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။
ရေကြီးရေလျှံမှုကြောင့် အဆိုပါ ကျေးရွာရဲ့ မူလတန်းစာသင်ကျောင်းကို ယာယီပိတ်ထားရတာ နှစ်လကျော်ရှိနေပြီး ကျောင်းသားတွေရဲ့ ပညာရေး နှောင့်နှေးနေပြီဖြစ်တာကြောင့် အခက်အခဲကြားက ကျောင်းပြန်ဖွင့်နိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါ တယ်။“နောက်ကျတော့မှာလေးနော ပညာရေးက ကလေးတွေအတွက်ပေါ့။ ရေကတော့ ခုရက်ပိုင်းလောက်မှာပဲ ကျတာ အကျနှေးတယ်။ ဒါပေမယ့် စီစဥ်ရမှာပဲ ဘုန်းကြီးကျောင်း သန့်ရှင်းရေး ပြန်လုပ်ပြီး စာသင်ကြမှာပေါ့နော။”လို့ ကျေးရွာခံတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ ကျောင်းသုံး သင်ထောက်ကူပစ္စည်းအပြင် စာသင်ဆောင်တွေလည်း ရေနစ်မြုပ်ခဲ့တာကြောင့် အကူအညီလိုအပ်နေတာ ဖြစ်ပါတယ်။ ကျေးရွာရဲ့ စာသင်ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူ (၅၀) ကျော်ရှိပြီး ဆရာ၊ ဆရာမ ၆ ဦး ရှိနေပါတယ်။ ရေဘေးသင့်တဲ့ အဆိုပါ ကျေးရွာမှာတော့ အိမ်ခြေ (၁၀၀) ရှိပြီး လူဦးရေ ၃၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ Read in Full
၁၈။ AA က နပခကိုထိုးစစ်ဆင်နေစဥ် အမ်း-ပဒန်းလမ်းပိုင်းကိုယာယီပိတ်
October 17, 2024
အာရက္ခတပ်တော်(AA)က စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အားသိမ်းယူရန်ထိုးစစ်ဆင်နေပြီး အမ်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေချိန်တွင် ရခိုင်ပြည်နယ်မှ ထွက်ပေါက်ဖြစ်သော အမ်း-ပဒန်းလမ်းပိုင်းကိုယနေ့(အောက်တို ဘာ ၁၆)မှစ၍ ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။ ပဲခူးတိုင်း ပြည်မြို့အပြင် မကွေးတိုင်း နှင့် ဧရာဝတီတိုင်းတို့ကို သွား ရောက်နိုင်သည့် အမ်း-ပဒန်းလမ်းပိုင်းကိုအောက်တိုဘာလ ၁၆ ရက်နံနက်ပိုင်းမှစ၍ AAက ဖြတ်သန်းခွင့်ယာယီပိတ်ထားခြင်းဟု ပြည်မြို့ခံများကပြောသည်။ “လုံခြုံရေးအရ ဖြစ်ပါလိမ့်မယ်။ AA ဘက်က ပိတ်တယ်လို့ ကြားတယ်။ စစ်တက်က လေကြောင်း အင်မတန်သုံးနေရတယ်”ဟု ဒေသခံတဦးကပြောသည်။ အမ်းမြို့စစ်ကောင်စီစခန်းများကို AA က စက်တင်ဘာလ ၂၆ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီးအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကာကင်းဖြစ်သော မဲတောင်ဗျူဟာကို အောက်တိုဘာလ ၆ ရက်ညနေ တွင်သိမ်းပိုက်ခဲ့သည်။ ထို့အပြင် ခမရ(၃၇၃) နှင့် အမြောက်ကုန်းဟု ဒေသခံများကခေါ်သည့် ကမ်းဒိတ်တောင်စခန်းကို အောက်တိုဘာလ ၁၁ ရက်ညနေတွင် သိမ်းယူခဲ့သည်။
အမ်းမြို့တွင် စစ်ကောင်စီ စကခ (၅) လက်အောက်ခံ ခမရ ၃၄၆ နှင့် ခမရ ၃၇၂ တပ်ရင်းများရှိနေပြီး ယင်းတပ်ရင်း ပတ်ဝန်းကျင်နေရာများကို စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံစစ်ဘေးရှောင် တစ်ဦးကပြောသည်။ အမ်း-ပဒန်းလမ်းပိုင်းကို AA က ပိတ်ခြင်းသည်စစ်ကောင်စီက မြေပြင်မှ အင်အားဖြည့်တင်းလာနိုင်၍ ကြို တင်ဟန့်တားခြင်းဖြစ်နိုင်ကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ သို့သော် ရခိုင်ပြည်နယ်ဘက်မှ ထွက်ခွာမည့် စစ်ဘေးရှောင်များကို စိစစ်၍ထွက်ခွာခွင့်ပေးရန် ပြည်မြို့တွင်ရောက်ရှိနေသည့် စစ်ဘေးရှောင်တစ်ဦးကပြောသည်။ စစ်ကောင်စီ သည် ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း အရပ်သားများအားအကာ အကွယ်ယူ၍ စစ်ရေးဖော်ဆောင်နေကြောင်း AA က မကြာ ခဏ သတိပေးထားသည်။အမ်း -မင်းဘူးလမ်းတွင် စစ်ကောင်စီက အရပ်သားများအားအကာကွယ်ယူ၍ အင်အားတိုးချဲ့နေသောကြောင့် ယင်းလမ်းမှတဆက်တည်းဖြစ်သော အမ်း-ပဒန်းလမ်းပိုင်းသွားလာခွင့်ကို AA က ပြီးခဲ့သည့် ဧပြီလတွင် ကန့်သတ်ခဲ့ဖူးသည်။ AA က ရခိုင်ပြည် နယ်တွင် မြို့နယ် ၁၀ မြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်ထားပြီး အမ်း၊ ဂွ ၊မောင်တောမြို့နယ်များကို အပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ Read in Full
၁၉။ တနင်္သာရီမှာ Non CDM ဝန်ထမ်းတွေတခြားဒေသကိုတိမ်းရှောင်တာများလာ
October 17, 2024
လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာ သန်းခေါင်စာရင်းကောက်ယူတဲ့သူတွေကို ပြည်သူ့ကာကွယ်ရေး တပ်တွေက ဖမ်းဆီးပြီးနောက် တနင်္သာရီတိုင်းအတွင်းက NOn-CDM ဝန်ထမ်းတွေ တခြားဒေသကို တိမ်းရှောင်တာတွေများလာ တယ်လို့ ဒေသခံတွေကပြောပါတယ်။ သန်းခေါင်စာရင်းကောက်ရာမှာပါတဲ့ လောင်းလုံးမြို့နယ်က ဝန်ထမ်းနဲ့ ဆရာမ ၉ ဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အခုလ ၆ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေကတော့ ထွေအုပ်ရုံး က အမျိုးသမီးစာရေးတစ်ဦးနဲ့ အခြေခံပညာကျောင်းတွေက Non – CDM ဆရာမ ၈ ဦးဖြစ်ပါတယ်။ ဖမ်းဆီးပြီး တစ်ရက်အကြာ မှာပဲ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်ဆိုပြီး ပကဖ ကနေ ပအဖ ဆီကိုလွှဲပြောင်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် သုံးရက်အကြာ အခုလ ၉ ရက်နေ့မှာလည်း သန်းခေါင်စာရင်းကောက်ဖို့ လုပ်ဆောင်နေတဲ့ သရက်ချောင်း မြို့နယ် ရန်တောင်ကျေးရွာက အုပ်ချုပ်ရေးမှူးဇနီးမောင်နှံနှစ်ဦးနဲ့ ဆရာမနဲ့ဆရာ ၇ ဦး စုစုပေါင်း ၉ ဦး ဖမ်းဆီးခံ ခဲ့ရပါတယ်။ အဲဒီလို ဖမ်းဆီးခံရပြီးနောက် တနင်္သာရီတိုင်းအတွင်းက ဆရာမနဲ့ ဝန်ထမ်းတွေ နေအိမ်တွေကနေ တခြားမြို့တွေကို တိမ်းရှောင်နေထိုင်နေကြတာဖြစ်ပါတယ်။”လောင်းလုံးမှာဖမ်းကတည်းက ကျမသိတဲ့ဆရာမတချို့ ရှောင်နေကြပြီ။ ရန်ကုန်ကို ရှောင်သွားတာတွေ၊ တခြားမြို့ကိုရှောင်တာတွေအစုံပဲ” လို့ ပညာရေးအသိုင်းအဝိုင်းနဲ့နီးစပ်တဲ့ ထားဝယ်မြို့ခံအမျိုးသမီးတစ်ဦး က ပြောပါတယ်။
တိမ်းရှောင်သွားသူတွေဟာ သန်းခေါင်စာရင်းကောက်ဖို့အတွက် စာရင်းကောက်နဲ့ စာရင်းစစ်သင်တန်းတွေ တက်ထား တဲ့ လူငယ် ဆရာမနဲ့ ဝန်ထမ်း အမျာစုဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ နောက်ထပ် ထားဝယ်မြိုခံတစ်ဦးကလည်း သန်းခေါင်စာရင်းစကောက်တဲ့နေ့တွေမှာ အသက်ငယ်ပိုင်းဝန်ထမ်းတွေနဲ့ ကောက်ယူတာကိုမြင်ရပေမဲ့ ဖမ်းဆီးခံရတာတွေရှိ ပြီး တဲ့ နောက်မှာ အသက်ကြီးပိုင်းဆရာမနဲ့ ဝန်ထမ်းတွေကို ပိုမိုမြင်လာရတယ်လို့ဆိုပါတယ်။ “အကျဥ်းထဲအကြပ်ထဲဖြစ်နေတယ်။ သူတို့က နှစ်ဖက်စလုံးလက်က အဖမ်းခံရမယ့်အခြေအနေဖြစ်နေတယ်”လို့ လောင်းလုံးမြို့နယ်ကနေ တိမ်းရှောင်သွားတဲ့ အခြေခံပညာဆရာမနဲ့ နီးစပ်သူတစ်ဦးက ကပြောပါတယ်။ အဲဒီအခြေ အနေတွေကြောင့် သရက်ချောင်းမြို့နယ်၊ ပိန်းတောကျေးရွာမှာ သန်းခေါင်စာရင်းကောက်ရာမှာလည်း ဝန်ထမ်းတွေမရှိတာ့ဘဲ စစ်ကောင်စီတပ်သားတွေရဲ့ ဇနီးသည်တွေပဲ အများစုပါလာတယ် လို့ ဒေသခံတွေက ပြောပါတယ်။ လောင်းလုံးမှာလည်း ဆရာမနဲ့ဝန်ထမ်း ၉ ဦးကို ပကဖက ဖမ်းဆီးပြီးနောက်ပိုင်း ထားဝယ်ခရိုင် အတွင်းက Non-CDM ဆရာမတွေ တခြားနေရာတွေကို ရွှေ့ပြောင်းသူတွေ များလာတယ်လို့ လောင်းလုံးပကဖရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုရှဲဒိုးက ပြောပါတယ်။ “လောင်းလုံးမှာ ဖမ်းသံကြားပြီးကတည်းကစရှောင်ကြတာ။ လှုပ်ရှားမှုရှိနေတယ်လို့လည်း သတင်းတွေထွက်လာတယ်လေ”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ Read in Full
၂၀။ စစ်ကောင်စီဗုံးကြဲမှုကြောင့် မောင်တောဒေသခံ ၄ ဦးဒဏ်ရာရ
October 17, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်မင်္ဂလာကျေးရွာကို အောက်တိုဘာ ၁၆ ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့မှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံ ၄ ဦး ဒဏ်ရာရရှိသွား ကြောင်း သိရသည်။ အသက် (၁၀) နှစ်အရွယ် မငြိမ်းစန္ဒာ၊ အသက် (၂၁)နှစ်အရွယ် စိုးနိုင်မင်းနှင့် အသက် (၂၂)နှစ်အရွယ် နေကိုဟိန်းနှင့် (အမည်) စုံစမ်းဆဲတစ်ဦးတို့မှာ ဦးခေါင်း၊ ခြေ၊ လက်နှင့် ခန္ဓာကိုယ်တို့တွင် ဒဏ်ရာရသွားခြင်းဖြစ်သည်။“ ဗုံး ၆ လုံးလောက်ကြဲချခဲ့တယ်။ အခု ဗုံးကြဲခဲ့တဲ့နေရာဟာ လူစည်ကားတာကြောင့် ဒဏ်ရာရသွားကြတာ။ သူတို့တွေကတော့ လက်ရှိ ဆေးကုသမှုခံယူနေကြရတယ်လို့ ကြားရပါတယ် ”ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ လေကြောင်းဗုံးကြဲမှုကြောင့် ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် ဈေးထဲတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုရားသိမ်နှင့် နေအိမ်အချို့လည်း ပျက်စီးသွားကြောင်း သိရသည်။ အောက်တိုဘာ ၁၄ ရက်ကလည်း မောင်တောမြို့နယ်၊ ဇူလမွတ်ဆလင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ လာရောက်ဗုံးကြဲခဲ့သောကြောင့် နေအိမ်အချို့ ပျက်စီသွားခဲ့သည်။
တိုက်ပွဲပြင်းထန်နေသည့် မောင်တော နခခ ၅ အနီးကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီသည် နေ့စဉ်နှင့်အမျှ လေ ကြောင်းဖြင့် လာရောက်ပစ်ခတ်မှုများရှိနေသည်ဟု မောင်တောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။“တိုက်ပွဲကလည်း မပြတ်နိုင်သေးတော့ စစ်ကောင်စီ လေကြောင်းက နေ့ရော၊ညပါ နေ့တိုင်းလိုလို လာရောက်ဗုံးကြဲတာရှိတယ်။ ပြီးတော့ သူတို့ ( စစ်ကောင်စီ) က တိုက်ပွဲဖြစ်တဲ့နေရာမဟုတ်ရင်လည်း အရပ်သားတွေကို ပစ်မှတ်ထားပစ်နေတယ်” ဟု သူကပြောသည်။ လက်ရှိတွင် မောင်တောမြို့၊ နခခ(၅)တပ်ရင်းကို အာရက္ခတပ်တော်က အရှိန်မြှင့်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လက်နက်ကြီးအပြင် လေကြောင်းပစ်ကူတို့ဖြင့် ခုခံနေသည်။ တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ ရခိုင်ဒေသတွင် စစ်ကောင်စီ၏ စစ်ဘက် အရပ်ဘက်မခွဲခြားဘဲ လေကြောင်းပစ်ခတ်နေမှုကြောင့် အရပ် သားသေဆုံးဒဏ်ရာရမှုများမှာ နေ့စဉ်ရှိနေသည်။
၂၁။ သီပေါမြို့သိမ်းတိုက်ပွဲမှာ အရပ်သား ၃၃ ဦး သေဆုံး
October 17, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၃ ဦး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။ သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို TNLA က ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ရာ နှစ်လကျော်အကြာ အောက်တိုဘာ ၁၃ ရက်နေ့မှာ ခမရ ၅၀၃၊ ခမရ ၅၀၄ နဲ့ ခလရ ၂၃ တပ်စခန်းအပါအဝင် အစိုးရဌာနဆိုင်ရာရုံးတွေကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့တာပါ။ သီပေါမြို့ ရှိ တပ်စခန်းတွေကို TNLA ပူးပေါင်းတပ်ဖွဲ့တွေမှ တိုက်ခိုက်နေချိန်အတွင်း စစ်ကောင်စီဘက်က အရပ်ဖက်ပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်မှု ကြောင့် သီပေါမြို့ ဒေသခံ ၃၃ ဦး သေဆုံးခဲ့ပြီး ၈၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် စာသင်ကျောင်းနဲ့ လူနေအိမ် ၄၉ လုံး ပျက်စီး ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု စုစုပေါင်း ၂၇၃ ကြိမ်နဲ့ လက်နက် ကြီး၊ ဟောင်ဝစ်ဇာအပြင် ရော့ကတ်ဒုံးကျည်တွေနဲ့ အကြိမ်နှစ်ထောင်နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲကာလ အတွင်း စစ်ကောင်စီထံမှ ဟောင်ဝစ်ဇာလက်နက်ကြီး အပါအဝင် လက်နက်မျိုးစုံ ၁၅၅ လက်၊ ၆၀ မမ ၇ လက်၊ စက်လက် ၉ လက်၊ RPG ၂ လက်၊ မိုင်း၊ ခဲယမ်းအများအပြားနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ Read in Full
၂၂။ ဟားခါးမြို့တွင် ညဘက် အပြင်ထွက်သွားလာခြင်း မပြုလုပ်ရန် CDF-Hakha အသိပေး ထုတ်ပြန်
October 17, 2024
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ညနေ ၆ နာရီမှစ၍ မနက် ၆ နာရီအတွင်း အပြင်ထွက်သွားလာခြင်း မပြုလုပ်ရန် ချင်းကာကွယ်ရေးတပ်-ဟားခါးက အောက်တိုဘာလ ၁၆ ရက်နေ့က အသိပေးထုတ်ပြန်လိုက်သည်။ ဟားခါးမြို့တွင် နှစ်ဖက်စစ်ရေးတင်း မာနေသည့်အတွက် ယခုကဲ့သို့ အသိပေးထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း CDF-Hakha တာဝန်ရှိသူထံမှ သိရသည်။ “စစ်ကောင်စီ က အခုရက်ပိုင်းတွင်း သူတို့ဆုံးရှုံးလိုက်ရတဲ့နယ်မြေတွေ ထိုးစစ်ဆင်လာသလို မြို့ တွင်းပြန်လည်စိုးမိုးရေးအတွက် လုံခြုံရေး လှည့်ကင်းတွေ ဆောင်ရွက်နေတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ ထိတွေ့မှုတွေရှိလာနိုင်တယ်။ ထိတွေ့မှုရှိလာတဲ့အခါ ပြည်သူ တွေ အနေနဲ့ ထိခိုက်မှုမရှိအောင် ညဘက်တွေအပြင်မထွက်ဖို့ လိုအပ်တယ်” ဟု CDF-Hakha တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီက ဟားခါးမြို့တွင်း ပြန်လည်စိုးမိုးရေးနှင့် ၎င်းတို့လက်လွတ်ဆုံးရှုံးလိုက်ရသည့် ဟားခါး – ထန်တလန်ကြား က စခန်းများ ပြန်လည်ရရှိရေးအတွက် စစ်ကြောင်းများ ထိုးစစ်ဆင်နေကြောင်း CDF-Hakha တာဝန်ရှိသူက ဆိုသည်။ ထို့အပြင် ဟားခါးမြို့တွင် စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း လမ်းဆုံ၊ လမ်းခွ နေရာများနှင့် လူစည်ကားသည့်နေရာများတွင် လုံခြုံရေး တင်းကျပ်ထားပြီး စစ်ဆေးခြင်း၊ မြို့အပြင်တွင် လှည့်ကင်းပတ်ခြင်းတို့ ဆောင်ရွက်နေကြောင်း သိရသည်။ “ဟားခါးမှာ ရဲတွေ၊ စစ်သားတွေ အရင်ကထက်စစ်ဆေးမှုတွေ ပြန်လုပ်လာပြီ။ ပြီးတော့အရင်က သူတို့ မရောက်နိုင်တဲ့နေရာတွေမှာတောင် အင်အား အများကြီးနဲ့ ကင်းတွေပတ်တယ်။ တိုက်ပွဲတွေပြန်ဖြစ်တော့မလား စိုးရိမ်ရတယ်”ဟု ဟားခါးဒေသခံတစ်ဦးက ပြောသည်။ Read in Full
၂၃။ မူဆယ်မြို့အနီး စစ်ကောင်စီနှင့် MNDAA တိုက်ပွဲဖြစ်
October 17, 2024
ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့အနီးတွင်စစ်ကောင်စီ နှင့် MNDAA အောက်တိုဘာ ၁၅ ရက်ညတွင် တိုက်ပွဲဖြစ် ပွားခဲ့ကြောင်းဒေသခံများကပြောသည်။ မူဆယ်မြို့နမ့်ခုမ်ရွာအနီးတွင် အောက်တိုဘာလ ၁၅ ရက်ည ၆ နာရီခန့်မှ စတင်၍ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အရပ်သားနေအိမ်အချို့ ထိခိုက်ပျက်စီးမှုမှုရှိကြောင်း သိရသည်။ သို့သော် ယနေ့တွင်မူ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ငြိမ်သက်နေကြောင်း ဒေသခံအချို့ကပြောသည်။ “MNDAA လည်း မူဆယ်နားမှာ ရှိနေတယ်။ တိုက်ပွဲက ဖြစ်တော့မှာလို့ သတင်းတွေထွက်နေတာကြာပြီ။ ဒီကြားထဲမှာပစ်ခတ်မှုတချို့လည်းဖြစ်ခဲ့တယ်။ ဒါပေမဲ့အကြီးအကျယ်မဟုတ်ဘူး။ ညကတော့ စစ်ကောင်စီဘက်ကနေ လက်နက်ကြီးတွေပါပစ်တာ” ဟု မူဆယ်မြို့ခံတဦးကပြောသည်။ နမ့်ခုမ်ရွာသည် မူဆယ်မြို့နှင့် သုံးမိုင် ခန့် အကွာ၌ရှိသည်။ ယမန်နေ့ညက တိုက်ပွဲအတွင်း ဒေသခံတစ်ဦး၏ နေအိမ်တစ်လုံးသည် စစ်ကောင်စီပစ်ခတ်သည့် လက်နက် ကြီးထိမှန်ပြီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ MNDAA က သြဂုတ် ၃ ရင်တွင် လားရှိုးမြို့နှင့် စစ်တပ်၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)ကို အပြီးသတ်သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းမရှိဘဲ စစ်ကောင်စီကသာ သြဂုတ်လ ကုန်ပိုင်းမှစ၍ လားရှိုးမြို့ကို ဗုံးများဆက်တိုက်ကြဲနေခြင်းဖြစ်သည်။ထိုကြောင့် MNDAA က နှစ်လကျော်အတွင်း စစ်ကောင်စီကိုပထမဆုံးအကြိမ် ပြန်လည်တိုက်ခိုက်လာခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲနှင့်ပတ်သက်၍ MNDAA က သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။ စစ်ကောင်စီအားထောက်ခံသည့် ဝါဒဖြန့်ချိရေး တယ်လီဂရမ်စာမျက်နှာများတွင် MNDAA က ထိုးစစ်ဆင်လာပြီ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်သွားလမ်းကို ဖြတ် တောက်ရန် ကြိုးစားခြင်းဖြစ်သည်ဟု ရေးသားဝါဒဖြန့်နေကြသည်။ ထိုအပြင် MNDAA သည် မူဆယ်ကို တိုက်ခိုက်ရန် တိုက်ပွဲ စတင်လိုက်ခြင်းဖြစ်ပြီး ပြန်လည်ဆုတ်ခွာသွားခြင်းမရှိသေးကြောင်း ရေးသားထားကြသည်။ မူဆယ်မြို့သည် တရုတ်နိုင်ငံနှင့် နယ်စပ် အဓိကကုန်သွယ်ရေးမြို့ဖြစ်သည်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က တိုက်ခိုက်ရန်ပြင်ဆင်နေစဉ် တရုတ်၏ ကြား ဝင်ညှိနှိုင်းမှုဖြင့် အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးခဲ့ရသည်။အပစ်ရပ်လက်မှတ်မထိုးခင် မူဆယ်မြို့ကို မတိုက်ခိုက်ရသေးသော် လည်း မူဆယ်အနီး ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို မဟာမိတ်ညီနောင်များက သိမ်းယူခဲ့သည်။ လက်ရှိတွင် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်ကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားသည်။ Read in Full
၂၄။ ပုဂ္ဂလိက ဆေးရုံများ ပိတ်ထား၍ စစ်တွေမြို့ခံများ ကျန်းမာရေးကိစ္စ အခက်တွေ့
October 17, 2024
စစ်ကောင်စီ ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၏ မြို့တော် စစ်တွေမြို့တွင် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများ ပိတ်ထားသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် မြို့ခံများမှာ ကျန်းမာရေးကိစ္စနှင့် ပတ်သက်၍ အခက်ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ စစ်တွေမြို့ရှိ အေးငြိမ်း၊ ဇီဝက၊ ထွန်း၊ သဒ္ဓါစသည့် ပုဂ္ဂလိက ဆေးရုံကြီးများအပါအဝင် အခြားကိုယ်ပိုင် ဆေးခန်း များမှာ လုံခြုံရေး၊ ဒေသမတည်ငြိမ်မှုများနှင့် အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားကြသည်ဟု သိရသည်။ ကုတင် ၅၀၀ ဆံ့ စစ်တွေပြည်သူ့ဆေးရုံကြီးတွင်လည်း ဆရာဝန် အလုံအလောက်မရှိတော့ဘဲ သူနာပြု အချို့ ဖြင့်သာ ဆေးကုသပေးနေ ၍ အခက်ကြုံတွေ့နေကြရခြင်းဖြစ်သည်။ “အခုက ကျန်းမာရေးကိစ္စနဲ့ ပတ်သက်လို့ အများကြီးခက်ခဲတယ်။ ဆေးရုံ၊ဆေးခန်းတွေလည်းမရှိတော့ဘူး။ ဆေးရုံကြီးမှာလည်း ဆရာဝန် အနည်း ငယ်နဲ့ သူနာပြုတွေရှိကြတယ်။ အထူးကုတွေ မရှိကြတော့ဘူး။ ဆိုတော့ အရေးပေါ်ဖြစ်ရင် အသက်သေဆုံးဖို့ပဲ ရှိပါတယ်”ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးကပြောသည်။ ယင်းအပြင် စစ်တွေ မြို့တွင် ဆေးဝါးရှားပါးလာမှုနှင့် ကြုံ တွေ့နေရပြီး နာတာရှည်ရောဂါသည်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် လိုအပ်သည့်ဆေးဝါးများမှာ ရှာမရဖြစ်နေကြောင်း ပြောဆိုကြသည်။
နောက်ထပ် စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ” သူ့မှာ သွေးတိုးလည်းရှိသလို နှလုံးရောဂါလည်း ရှိတယ်။ ပုံမှန်ဆိုရင် ဇီဝက(ဆေးရုံ)ဆေးခန်းမှာ ပြနေတာ။ ပထမတစ် ခေါက်ဖြစ်တုန်းက ဆေးရုံကြီးကို သွားပြခဲ့တယ်။ သူသောက်နေကျ ဆေးမရခဲ့ ဘူး။ ကြားထဲမှာ ၁ လလောက် ဆေးပြတ်သွားပြီး အရင် သီတင်းပတ်က အသက်ရှုကျပ် ရောဂါပေါပြီးတော့ သေဆုံးသွားခဲ့ရတယ်”ဟု ပြောသည်။ စစ်တွေမြို့ပေါ်ရပ်ကွက်များ ဖြစ်ကြသော စက်ရုံစု၊ ဓညဝတီ၊ ရွာသာယာ၊ ကုန်တန်း အပါအဝင် ဘုန်းတော် ကြီးကျောင်း အသီးသီး၌ ပြောင်းရွှေ့နေထိုင်သူများမှာ ဝင်ငွေမရှိ၍ နေမကောင်း ဖြစ်လာပါက ဆေးရုံ၊ ဆေးခန်း မသွားနိုင်သည့် အပြင် ဆေးဝယ် မသောက်နိုင်သူများလည်း ရှိသည်ဟု ဆိုသည်။ ” ဝင်ငွေမရှိတော့ အကုန်လုံးက ခက်ခဲတယ်။ နည်းနည်းပါးပါး ဆိုရင် ဆေးဝယ်မသောက်ပဲ ထားလိုက်တယ်။ နေမကောင်းတာ အများကြီးဖြစ်လာမှပဲ ဆေးဝယ်ပြီး သောက်လိုက်တာပေါ့နော် ” ဟု ကုန်တန်းရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည် Read in Full
၂၅။ ခ.မ.ရ (၄၃၇) တပ်စခန်းအနီးရှိ ၇ မိုင်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွား
October 18, 2024
ကချင်လွတ်မြောက်ရေးတပ် KIA သိမ်းပိုက်ထားသည့်တပ်စခန်းရှိရာ ဗန်းမော်မြို့ပြင်တွင် ရက်အနည်းငယ်ကြာ တိုက်ပွဲများငြိမ်သက်ခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်းမှစတင်ကာ တိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်းသိရသည်။ မိုးမောက်မြို့ပြင်ရှိ KIA သိမ်းယူထားသည့် ခ.မ.ရ (၄၃၇) တပ်စခန်းဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လှုပ်ရှားလာသောကြောင့် ၇ မိုင်ကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “ခုနှစ်မိုင်မှာ ထိတွေ့မှုပြန်ဖြစ်နေတယ်။ အခုပစ်နေကြတုန်းပဲလို့သိရတယ်။ ကင်းလှည့်လာတဲ့အခါကျွန်တော်တို့ ဒီဘက်က အသင့်စောင့်နေတဲ့ အဖွဲ့နဲ့တွေ့တာဟုတ်တယ်။ ထိတွေ့တိုက်ပွဲလိုမျိုးပေါ့ စစ်ကြောင်းထိုးတာတို့ ကိုယ့်ဘက်က သူ့ဘက်ကို သွားထိုးတာမျိုးမဟုတ်ဘူး ကင်းလှည့်ရင်းနဲ့ ထိတွေ့တာဟုတ်တယ်” ဟုဆိုသည်။ ဗန်းမော်မြို့အပါ အဝင် ကချင်တစ်ပြည်နယ်လုံးကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့မှစတင်ကာ ဖုန်းနှင့် အင်တာနက်လိုင်းများအားလုံး ဖြတ်တောက်ထားသည့်အတွက် မြေပြင်အခြေအနေအသေးစိတ်ကို သိရှိနိုင်ရန်ခက်ခဲနေသည်။
အဆိုပါဒေသတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း KIA သတင်းနှင့် ပြန် ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောသည်။“အဲဒီဘက်လည်းတိုက်ပွဲမဖြစ်တာ သုံး၊ လေးရက်လောက်ရှိပါပြီ။ ဆိုတော့ အဲဒီဘက်မှာလည်းတိုက်ပွဲကတော့ ဆက်ဖြစ်တာတော့ရှိပါတယ်”ဟုဆိုသည်။ စစ်ကောင်စီတပ်ကလည်း လက်လွတ်ဆုံးရှုံးခဲ့ ရသည့် ခ.မ.ရ (၄၃၇) တပ်စခန်းကို ပြည်လည်ရရှိရေးအတွက် ဗန်းမော်မြို့မှ စစ်ကြောင်းထိုးလှုပ်ရှားလာမှုများရှိသောကြောင့် ဗန်းမော်နှင့် မိုးမောက်မြို့ကြားရှိ ၅ မိုင် စီအင်ကျေးရွာ၊ ၆ မိုင်နှင့် ၇ မိုင်ကျေးရွာအနီးတို့တွင် မကြာခဏထိတွေ့တိုက်ပွဲ ဖြစ်ပွား လေ့ရှိကြောင်းသိရသည်။ Read in Full
၂၆။ ပုလောမြို့နယ်တွင်တိုက်ပွဲပြင်းထန်နေ
October 17, 2024
ပုလောမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီး တိုက်ပွဲပြင်းထန်နေကာ စစ်ကောင်စီက လေကြောင်း မှ အပြင်းအထန်ပစ်ခတ်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံအချို့ကပြောသည်။ ပုလောမြို့နယ် အတွင်း မီးလောင်ချောင်းကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်နေရာများကို မြိတ်မြို့မှာဝင်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းက အောက်တိုဘာလ၁၄ရက်နေ့မှစတင်ကာ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ (အောက်တို ဘာလ ၁၆ ရက်) မွန်းလွဲ ပိုင်းတွင် လေကြောင်းမှပါအပြင်းအထန်ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။ ” အကုန်ပတ်ရမ်းပစ်နေတာပါ။ ဒေသခံ တွေလည်း ရွာတွေမှာမနေရဲတော့ဘူး။ အကုန်ပြေးကြရတာပါ။ ဒေသခံတွေထိခိုက်တာလည်းရှိနေတယ်”ဟု ပုလောမြို့နယ် ဒေသခံ တစ်ဦးကပြောသည်။ တိုက်ပွဲပြင်းထန်နေပြီး လတ်တလောစစ်ရေးအခြေအနေကို ပြောကြားနိုင်ခြင်းမရှိသေးကြောင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကပြောသည်။ မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းသတင်းနှင့်ပြန် ကြားရေးကလည်း ပုလောမြို့ နယ်အတွင်းရှိ မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းတွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူများပါ အသုံး ပြု၍ တိုက်ခိုက်လျက်နေကြောင်း အသိပေးထားသည်။
“လေကြောင်းပစ်ကူက ဒီနေ့ ၁၆ ရက်နေ့မှ စသုံးတာပါ။ နှစ်ကြိမ်ရှိပါပြီ။ တိုက်ပွဲတွေဖြစ်နေတာက ကြဲရွာနဲ့ မီးလောင် ချောင်းတဝိုက်မှာပါ”ဟု ပုလော PDF၊ မြိတ်ခရိုင် တပ်ရင်း(၁) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုနှင့်စပ်လျဥ်းပြီး စစ်ရေးဆိုင်ရာ လုံခြုံရေးသတိ ပြုရမည်ဖြစ်၍ အသေးစိပ်အခြေအနေများကို ဖြေကြားနိုင်ခြင်းမရှိ သေးဟု ၎င်းကဆက်ပြောသည်။ ထိုကြောင့်မိဘပြည်သူများအနေဖြင့် မြိတ်-ပုလော-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းအား အသုံး ပြု၍ ခရီးသွားလာခြင်းမပြုလုပ်ရန်လည်း မေတ္တာရပ်ခံထားသည်။ ထိုအပြင် သတင်းမီဒီယာများအနေဖြင့် စစ်ဘက်ဆိုင်ရာလုံခြုံရေးကို ထိခိုက်စေနိုင်သည့် သတင်းရေးသားခြင်းမျိုး မပြု လုပ်ကြပါရန်လည်း အနူးအညွတ်မေတ္တာရပ်ခံထားသည်။ တိုက်ပွဲနှင့် ပတ်သက်သည့် အသေးစိတ်အချက် အလက်ကို မိမိတို့အနေဖြင့် သင့်လျော်သည့်အချိန်တွင် တရားဝင်ထုတ်ပြန် မည်ဟု အသိ ပေးထားသည်။ Read in Full
၂၇။ ဒေသခံတွေမရှိတဲ့ လွိုင်ကော်မှာ တက္ကသိုလ်တွေ ပြန်ဖွင့်ဖို့ စစ်ကောင်စီကြိုးပမ်းနေ
October 18, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ရှိတဲ့ တက္ကသိုလ်တွေကို ပြန်ဖွင့်ဖို့အတွက် စစ်ကောင်စီတပ်ဖက်က အောက်တိုဘာလ ဒုတိယအပတ်ကစပြီး ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လွိုင်ကော်မြို့ရဲ့ နောင်ယား၊ ချိကယ်၊ ဒေါဥခူ၊ ဘာဒို၊ နာနတ်တော၊ ထေးငှားလျား ရပ်ကွက်တွေကို ခုလက်ရှိအချိန်အထိ ပြန်လည်နေထိုင်ခွင့်မပြုသေးဘဲ ကျန်တဲ့ရပ်ကွက်တွေမှာ လည်း နေအိမ်တွေ စစ်ကောင်ရဲ့လက်ချက်ကြောင့် မီးလောင်ပျက်စီးကုန်ပြီး ရှမ်းပိုင်း၊ ဒေါနိုးကူး၊ မင်းစုနဲ့ တချို့ရပ်ကွက်တွေ လောက်သာ ပြည်သူပြန်လည်နေထိုင်တာတွေရှိတယ်လို့ သိရပါတယ်။ “တက္ကသိုလ် သွားဖို့ဆိုတာက နောင်ယားနဲ့ ဒေါဥခူကို လမ်းတွေဖွင့် လူတွေနေမှပဲသွားလို့ရမှာ။ လေပေါ်ကနေလည်း သွားလို့မရဘူး။ နောက်ဖက်ပတ်ဝန်းကျင်ဆို ဘာဒိုရှိမယ်၊ ထေးငှားလျားရှိမယ်။ အယ့်ဖက်လဲ ပြည်သူတယောက်မှမရှိဘူး”လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် လွိုင်ကော်မြို့ကို လာပြီးတဲ့နောက် တက္ကသိုလ်တွေ ပြန်လည်ဖွင့်လှစ်ဖို့ ညွှန်ကြားခဲ့ တာရှိပြီး နိုဝင်ဘာလထဲမှာ ပြန်ဖွင့်ဖို့လုပ်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်က ဆရာ၊ ဆရာမတွေကိုလည်း မဖြစ်မနေ ဖိအားပေးခေါ်ယူတာတွေလည်းရှိနေပြီး တက္တသိုလ်၊ ကောလိပ်နဲ့ သိပ္ပံကျောင်းတွေကို ဖွင့်နိုင်ဖို့အတွက် သန့်ရှင်းရေးပြုလုပ်တာ တွေရှိတယ်လို့ ဆိုပါတယ်။ လွိုင်ကော်မြို့က တည်ငြိမ်အေးချမ်းနေတဲ့ နေရာဒေသ မဟုတ်သေးဘဲ စစ်ကောင်စီတပ်က နယ်မြေ အေးချမ်းသယောင်ပြနိုင်ဖို့အတွက် အခုလိုပြင်ဆင်တာလို့ ပြောဆိုနေကြပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့ မှာလည်း ယတြာချေတဲ့အနေနဲ့ လွိုင်ကော်မြို့ဝင်ဆိုင်းဘုတ်ကို အနီရောင်ကနေ အပြာရောင် ပြောင်းလဲသုတ်ထားခဲ့ပါသေးတယ်။ Read in Full
၂၈။ NUG တောင်ပိုင်းစစ်ဒေသတွင် ၁ လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄၇ ဦး သေဆုံး
October 17, 2024
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တောင်ပိုင်း စစ်ဒေသတွင် ပြီးခဲ့သည့် စက်တင်ဘာ တစ်လတာအတွင်း စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲပေါင်း ၆၆ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၇ ဦးသေဆုံးပြီး ၉၆ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ ကထုတ်ပြန်ထား သည်။ ပြီးခဲ့သည့် စက်တင်ဘာလ အတွင်း စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲပေါင်း ၆၆ ကြိမ်ဖြစ်ပွားခဲ့ရာ စခန်းသိမ်းတိုက်ပွဲ သုံး ကြိမ်အထိ ပါဝင်ခဲ့သည်။ ထို့အတူ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များဘက်မှလည်း ထိခိုက်မှုများရှိခဲ့ပြီး တော်လှန်ရေးရဲဘော် ၁၇ ဦးကျဆုံးခဲ့ရပြီး ၄၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိတွေ့တိုက်ပွဲများအပြင် စစ်ကောင်စီဒေါက်တိုင်များကို ရှင်းလင်းခြင်း လေးကြိမ်၊ စစ်ကောင်စီ စစ်ကြောင်းများကို ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ စနိုက်ပါဖြင့်ပစ်ခတ်ခြင်း များကိုလည်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ သုံ့ပန်း ရှစ် ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည့်အပြင် ရိက္ခာကားများ၊ လက်နက်ကြီး လက်နက်ငယ်များ၊ ကျည်တောင့်များ၊ RPG-7 ကျည် အလုံး ၁၀၀ ကျော်၊ လက်ပစ်ဗုံးများနှင့် စစ်အသုံးအဆောင် ပစ္စည်းအများ အပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်၏ အရပ်သားများအပေါ် ပစ်မှတ်ထားကာ လက်နက်ကြီးပစ်ခတ် ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် ဒေသခံ ၁၂ ဦးသေဆုံး ခဲ့ပြီး ၄၂ ဦးထိခိုက်ဒဏ်ရာရရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါတိုက်ပွဲများကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များ၊ LDF များ၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်(AD)ပူးပေါင်းတပ်ဖွဲ့များ၊ KNU(KNLA,KNDO)၊ ဒရုန်း ပူးပေါင်းတပ်ဖွဲ့များ မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Read in Full
၂၉။ သန်းခေါင်စာရင်းကောက်ယူမှု အောက်တိုဘာလကုန်ထိ စစ်ကောင်စီပြောင်းလဲသတ်မှတ်
October 17, 2024
နိုင်ငံတဝန်းသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်ကို အောက်တိုဘာ ၃၁ ရက်နေ့ထိ ရက်တိုးသတ်မှတ်လိုက် ကြောင်း စစ်ကောင်စီက ယမန်နေ့ညက ထုတ်ပြန်သည်။ အောက်တိုဘာလ ၁ ရက်မှ အောက်တိုဘာလ ၁၅ ရက်အထိ သန်းခေါင် စာရင်း ကောက်ယူမည်ဟု စစ်ကောင်စီက ကြေညာထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကောက်ယူမခံရသေးသူများ ကို ပြန်လည်ကောက်ခံရန် အောက်တိုဘာလ ၃၁ ရက်ထိ ရက်ထပ်တိုးမည်ဖြစ်ကြောင်းယမန်နေ့(အောက်တို ဘာ ၁၆ ရက်) ည တွင် ထပ်မံကြေညာခြင်းဖြစ်သည်။ နိုင်ငံတဝန်းသန်းခေါင်စာရင်းကောက်ယူမှုကို မေးခွန်း ၆၈ ခု၊ စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂,၀၀၀ ခန့်ဖြင့် ကောက်ယူခဲ့ကြောင်း စစ်ကောင်စီက ယမန်နေ့ညက ထုတ်ပြန်ထားပြီး မည်သည့်နေရာတွင် မည်မျှ ကောက်ယူနိုင်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မထုတ်ပြန်သေးပေ။ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲ၊ ပြည်သူစစ်အဖွဲ့ဝင်များ၊ ပျူစောထီးများက လက်နက်ကိုင်ကာ လုံခြုံရေးယူခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းအချို့က စာရင်းကောက်ယူခဲ့ကြောင်း သိရသည်။ ” စာရင်းလာ ကောက်တဲ့သူတွေက မျက်နှာစိမ်း အမျိုးသမီးတွေ၊ သူတို့ကို လုံခြုံရေးစောင့်တဲ့သူတွေက ရပ်ကွက်ထဲက တပ်ထောက်ခံသူတွေပါတယ်”ဟု ဧရာဝတီ တိုင်း၊ ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့မှ ဒေသခံတဦးက ပြောသည်။
စာရင်းကောက်ယူရာတွင် အိမ်ထောင်စုဇယားပြခိုင်းပြီး အချက်အလက်များကူးယူကာ အိမ်၌ နေထိုင်သူများ၏ မွေးသက္ကရာဇ် ၊ မွေးဖွားသည့်နေရာ၊ အလုပ်အကိုင်၊ ယခုနေထိုင်သည့်အိမ်တွင် မည်မျှကြာကြာ နေထိုင်ခဲ့ကြောင်း စသည်ဖြင့် သန်းခေါင်စာရင်းကောက်သူများက မေးမြန်းခဲ့ကြောင်း သိရသည်။ ” အိမ်မှာလူဘယ်လောက်ရှိလဲ။ ဘာလုပ်လဲ။ မေးတာပေါ့။သူတို့ဆီမှာ(ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ) အိမ်ထောင်စုဇယားတွေက ရှိပြီးသားဆိုတော့ ပါလာတဲ့လူတွေကြည့်ပြီး မလိမ်ရဲဘူး။ မေးသမျှအမှန်အတိုင်းပဲ ဖြေရတယ်” ဟု ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှဒေသခံတဦးက ပြောသည်။ သန်းခေါင်စာရင်းကောက်ယူခြင်းသည် နိုင်ငံတော်အတွက်လိုအပ်သောအချက်လက်များကို ကောက် ယူခြင်းဖြစ်ပြီး ပုဂ္ဂိုလ်ရေးလုံခြုံမှုနှင့် အချက်လက်အလွဲသုံးမှုတို့ မဖြစ်ပေါ်စေရန်ဥပဒေဖြင့်ကာကွယ်ပေးထားကြောင်း၊ ပြည်သူများ၏ ဖြေကြားချက်များ လုံခြုံစေရန် ဘက်လိုက် သော ခန့်မှန်းမှုများ မရှိစေရန်အတွက် အထူးအလေးထားဆောင်ရွက်နေကြောင်း စစ်ကောင်စီက ကြေညာထားသော်လည်း စာရင်းကောက်ယူသူများသည် သေချာမေးမြန်းခြင်းမရှိကြောင်း ဒေသအသီးသီးမှဒေသခံများကပြောသည်။“သူတို့တွေ အိမ်တွေထဲလည်း မဝင်ရဲဘူး။ ပြီးပြီးရောကောက် တာ။ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိတဲ့ ပုံမတွေ့ရဘူး။ ကြောက်နေကြတယ်” ဟုတလုတ္ထော်မြို့ခံက ပြောသည်။ ထို့အပြင် ပြည်သူတဦးချင်းစီ၏ လုံခြုံရေးကို ချိုးဖောက်သည့် မေးခွန်းများလည်း မေးသွား သည်ဟု ၎င်းက ပြော သည်။” ကျန်းမာရေးကောင်းလား။ ရေထမ်းနိုင်လား။တောင်တက်နိုင်လားဆိုတဲ့ မေးခွန်းတွေ မေးတယ်။ လိုအပ်ရင် စစ်မှုထမ်းခေါ်ဖို့လို့ ထင်တယ်” ဟု ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့ခံတဦးကပြောသည်။ Read in Full
၃၀။ ဆီဆိုင်တွင် PNO ပြည်သူ့စစ်က မူးယစ်ဆေးသုံးသူ ၁ ဦးကို ဖမ်းပြီး သိန်း ၃၀ ဖြင့် ပြန်ရွေးခိုင်း
October 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ကောင်မူးဗွာရွာနေ မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ အသက် ၂၃ နှစ်အရွယ် ခွန်ထွန်းလေးကို PNO ပြည်သူ့စစ်က ဖမ်းဆီးပြီး ငွေသိန်း ၃၀ နဲ့ လာရောက်ရွေးခိုင်းခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အောက်တိုဘာ ၅ ရက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး လွယ်တဖြီးတောင်ခြေမှာ ဖမ်းချုပ်ထားကာ အောက်တိုဘာ ၁၃ ရက်မှာ ငွေကျပ် သိန်း ၃၀ နဲ့ မိသားစုကို လာရွေးခိုင်းပြီး လာမရွေးရင် ပစ်သတ်မယ်လို့လည်း ခြိမ်းခြောက်ထားတယ်လို့ ပြောပါတယ်။ ဒေသခံ တယောက်က “PNO က ငွေသိန်း ၃၀ နဲ့ လာရွေးခိုင်းတယ်။ လာမရွေးရင် ပစ်သတ်မယ်ဆိုပြီး ပြောတယ်။ သူ့မိဘတွေလည်း အရမ်းစိတ်ပူတော့ ကျေးရွာထဲက ပိုက်ဆံလိုက်ချေးပြီး PNO နဲ့ ပြန်ညှိနှိုင်းပြီးတော့ သိန်း ၂၀ ပေးပြီး ပြန်လွတ်လာခဲ့တယ်” လို့ ပြောပါတယ်။ PNO ပြည်သူ့စစ်က ၂၀၂၃ ခုနှစ် နှစ်စပိုင်းမှာ ပအိုဝ်းအတွင်း မူးယစ်ဆေးဝါးသုံးသူ ရောင်းဝယ်သူကို ဖမ်းဆီးပြီး သူတို့အကျင့် ပြန်လည် ကောင်းမွန်လာအောင် ပြုလုပ်ပေးမယ်၊ အရေးယူပေးမယ်လို့ ထုတ်ပြန်ထားပေမဲ့ လက်တွေ့မှာ မူးယစ် ဆေးဝါးသုံးသူကို ဖမ်းပြီး ငွေပဲညှစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ နောက်တယောက်က “မူးယစ်ဆေးဝါးကင်းစင်ဖို့ သူတို့လုပ်မယ်ပြောတယ်။ တကယ့်လက်တွေ့ကျ မူးယစ်ဆေး သုံးသူ ရောင်းဝယ်သူကို ဖမ်းပြီး ငွေတောင်းတယ်၊ ပြီးတော့ ပြန်လွှတ်တယ်။ အဲလိုမျိုးကျ ဒေသခံတွေက မလိုချင်ဘူး။ သူတို့ အဲလိုလုပ်တော့ မူးယစ်ဆေးသုံးသူ ရောင်းသူတွေက ပိုပိုလုပ်ရဲလာကြတယ်။ သူတို့အဖမ်းခံရရင် ပိုက်ဆံပေးပြီး ပြန်လွတ်လာ မယ်ဆိုပြီး ပိုပိုရဲရဲတင်းတင်းလုပ်လာကြတယ်” လို့ ပြောပါတယ်။ ပအိုဝ်းဒေသဖြစ်တဲ့ ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်မြို့နယ် အပါအဝင် ရပ်စောက်၊ ပင်လုံ၊ ညောင်ရွှေ၊ တောင်ကြီးမြို့နယ်တွေမှာ ၂၀၂၃ ခုနှစ်က PNO ပြည်သူ့စစ်က မူးယစ်ဆေးဝါးသုံးသူကို ဖမ်းပြီး ငွေညှစ်တဲ့အမှု အကြိမ် ၁၅၀ ထက်မက ပြုလုပ်ခဲ့တယ်လို့ မြေပြင်မှာ လူ့အခွင့်အရေးမှတ်တမ်း ကောက်နေတဲ့အဖွဲ့ထံက သိရပါတယ်။ Read in Full
၃၁။ နောင်ချိုမြို့ကို လပြည့်ညမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ နေအိမ်တွေ ပျက်စီးပြီး လူသေဆုံးမှု ရှိနိုင်
October 18, 2024
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်တွေ ပျက်စီးပြီး လူသေဆုံးမှု ရှိနိုင်တယ်လို့ သိရပါတယ်။ မနေ့ အောက်တိုဘာ ၁၇ ရက် သီတင်း ကျွတ် လပြည့် ည ၁၀ နာရီဝန်းကျင်ကနေ ဒီနေ့ အောက်တိုဘာ ၁၈ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်အထိ စံတော်သစ် စားသောက်ဆိုင်နဲ့ နောင်ချိုမြို့ ရဲစခန်းကို ဗုံး ၇ လုံး ကြဲချခဲ့တာပဲ ဖြစ်ပါတယ်။
“ပျက်စီးတာတွေတော့ များတယ်။ ရဲစခန်းနား ကျတာတော့ လူ ထိတယ်။ ဘယ်နှစ်ယောက်လဲပဲ သေချာမသိရသေး တာ” လို့ ဖြစ်စဉ်ကို သိရှိတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ နောင်ချိုမြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်မှာ TNLA က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ၎င်းတို့ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေတာ ဖြစ်ပါတယ်။ နောင်ချိုမြို့နဲ့ မိုင် ၂၀ သာကွာဝေးတဲ့ တောင်းခမ်းရွာမှာတော့ စစ်တပ်နဲ့ TNLA တို့အကြား စစ်ရေး တင်းမာနေပါတယ်။ Read in Full
၃၂။ ရွေးကောက်ပွဲအတွက် အပစ်ရပ် EAO တွေကို လုံခြုံရေးမှာအသုံးချဖို့ စစ်ခေါင်းဆောင်လေသံပစ်
October 17, 2024
စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲဆိုင်ရာ အကြိုလုပ်ငန်းစဉ်တွေနဲ့ ရွေးကောက်ပွဲကာလတွေမှာ လုံခြုံရေးအတွက် အပစ်ရပ်ထိုး EAO တွေကို ပူးပေါင်းပါဝင်ပေးကြဖို့ စစ်ခေါင်းဆောင်က လေ သံပစ်လာပါတယ်။ အောက်တိုဘာ ၁၅ ရက်နေ့က ကျရောက်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ချုပ်ဆိုခြင်း ၉ နှစ်မြောက် နှစ်ပတ်လည်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။ အာမခံထားတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပေးနိုင်ဖို့ စီမံနေပြီးနယ်မြေဒေသအလိုက် ရွေးကောက်ပွဲကျင်းပနိုင်တဲ့ လုံခြုံ ရေး အခြေအနေရောက်အောင် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲကာလတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေ တွေကို တွက်ဆပြီး လုံခြုံရေးကောင်း မွန်အောင် တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်သလို သက်ဆိုင်ရာ EAO တွေကလည်း ပူးပေါင်း ပါဝင်ပေးကြဖို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ ရွေးကောက်ပွဲမှာ EAO တွေ အားပေးတဲ့သဘောနဲ့ လူကြားကောင်းအောင် ဝါဒဖြန့်နေတာဖြစ်ပြီး လက်တွေ့မှာ အဓိ ပ္ပာယ်မရှိဘူး လို့ သုံးသပ်ပါတယ်။
“ဒါတွေက (အပစ်ရပ်ထိုး) EAO တွေ ပါဝင်တယ်ဆိုပြီး လူကြားကောင်းအောင် ပြောတဲ့ကိစ္စပါ။ ဘာမှကို သိပ်ပြီးတော့ ထိရောက်မှုလည်းမရှိဘူး။ ဒါကြောင့်မို့ ဒီအဖွဲ့တွေ ပါဝင်ပြီးတော့ ရွေးကောက်ပွဲကို ဝင်ရောက်ပြီး ကာကွယ်ပေးတာတွေ အားပေး တာတွေလုပ်နေလည်း စစ်ကောင်စီ ရွေးကောက်ပွဲက ပိုပြီးတော့ထူးခြားမလာနိုင်ပါဘူး။ ဒါကြောင့်မို့ အဲဒီပြောဆိုမှုတွေက ဝါဒ ဖြန့်နေတာဖြစ်ပြီး လက်တွေ့မြေပြင်မှာတော့ ဘာမှအဓိပ္ပာယ်မရှိဘူးလို့ ကျွန်တော်တော့ သုံးသပ်ပါတယ်ခင်ဗျာ” လို့ ဆိုပါတယ်။ အပစ်ရပ် EAO တွေ အများစုဟာ အင်အားမရှိတဲ့အတွက် စစ်ရေးလှုပ်ရှားမှုမရှိသလို နယ်မြေစိုးမိုးမှုတွေကလည်း ဒေသအများ အပြား မရှိနိုင်တဲ့အတွက် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆိုင်ရာတွေမှာ ပါဝင်ပူးပေါင်းဖို့ မဖြစ်နိုင်ဘူးလို့ သူကထောက်ပြပါတယ်။ ရွေးကောက်ပွဲမှာ လုံခြုံရေးအတွက် ပူးပေါင်းပါဝင်ဖို့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ အပစ်ရပ် EAO တွေဘက်က လိုက်လျော လိမ့်မှာမဟုတ်ဘူးလို့ သုံးသပ်မှုတွေလည်း ရှိနေပြန်ပါတယ်။ စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲဆိုင်ရာ အကြိုလုပ်ငန်းစဉ် ကဏ္ဍတွေမှာ EAO တွေရော တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကပါ လုံခြုံရေးအသိ၊ လုံခြုံရေးအမြင်တွေထားရှိပြီး တစ်တပ်တအား ပူးပေါင်းပါဝင်မှုတို့နဲ့ နိုင်ငံ့သားကောင်းစိတ်ဓာတ်ကို ပြသကြဖို့ တိုက်တွန်းခဲ့သေးတာပါ။ မွန်ပြည်ကာကွယ်ရေးတပ် MSDF တပ်မှူး ဒေါက်တာသီရိမွန်ချမ်းကတောာ့ ရွေးကောက်ပွဲအတွက် တကယ်လို့ (အပစ်ရပ်) EAO တွေက မိမိတို့လှုပ်ရှားတဲ့ ဒေသမှာ အကာအကွယ်အဟန့်အတားပြုခဲ့ရင် စစ်ရေးအရ ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ ပြောပါတယ်။
၃၃။ မင်းတပ် တိုက်နယ်(၄)တွင် စစ်ကောင်စီ လေကြာင်းတိုက်ခိုက်၊ လူထိခိုက်ရှိနိုင်ဟု ဒေသခံပြော
October 18, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၄)ရှိ နေရာကို စစ်ကောင်စီက ယမန်နေ့သီတင်းကျွတ်လပြည့်ညတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးသည်။ အောက်တိုဘာ ၁၇ ရက် ည ၉ နာရီခန့်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ် ၃ စီးသည် မင်းတပ် တိုက်နယ်(၄)ရှိ နေရာ နှစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။ လူထိခိုက်မှုရှိသည်ဟု ကြားသိရသော်လည်း ဖုန်းလိုင်းများ မရ၍ အသေးစိတ် အခြေအနေများ မသိရဟု မင်းတပ်ဒေသခံက ပြော သည်။ စစ်ကောင်စီတပ်သည် ယမန်နေ့ည လေကြောင်းတိုက်ခိုက်ရာတွင် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးများ၊ ဗုံးအသေးများ အသုံး ပြုတိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။ စစ်ကောင်စီအနေဖြင့် စက်တင်ဘာအတွင်းက မင်းတပ်မြို့နှင့် မြို့နယ်အတွင်းနေရာ များကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း အောက်တိုဘာတွင် မင်းတပ်မြို့နယ်အတွင်း လေကြောင်း တိုက်ခိုက်မှုမရှိရာ ယမန်နေ့ညတွင် ပြန်လည် ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်။
မင်းတပ် ချင်းဒေသကာကွယ်ရေးတပ်(CDF)၏ ထုတ်ပြန်ချက်အရ ဩဂုတ်နှင့် စက်တင်ဘာအတွင်း စစ်ကောင်စီက မင်းတပ်မြို့နယ်ကို လေကြောင်း တိုက်ခိုက်မှု ၄၄ကြိမ်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ မင်းတပ်မြို့ပေါ်ရှိ ပြည်သူလူထု နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းများကို စစ်ကောင်စီ က အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ ထို့အပြင် ယမန်နေ့ သီတင်းကျွတ်လပြည့်ညတွင် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နှင့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့တို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ Read in Full
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။