တိုင်းရင်းသားအကြောင်း

ကြေညာ | တအာင်းအမျိုးသား နိုင်ငံရေးသမိုင်းမှတ်တမ်းများ၊ စာအုပ် ဖတ်ရှုနိုင်ပြီ။ 

ကြေညာ | တအာင်းအမျိုးသား နိုင်ငံရေးသမိုင်းမှတ်တမ်းများ၊ စာအုပ် ဖတ်ရှုနိုင်ပြီ။

 

ပြုစုသူ – မိနန်ဒီ(ဖက်ဒရယ်ဂျာနယ်၊ မြန်မာ)၊ ရွှေဖီမြေအယ်ဒီတာအဖွဲ့

ဖက်ဒရယ်ဂျာနယ်၊ မြန်မာမှ ထုတ်ဝေသည်။

တအာင်းလူမျိုးတို့၏ နိုင်ငံရေးဖြတ်သန်းမှု သမိုင်းသည် အလွန်ရှည်လျားသလို လေးစားဂုဏ်ယူဖွယ်ရာ ကောင်းလှသည်။ တအာင်းလူမျိုးတို့၏ ဆင်းသက်လာပုံသမိုင်း ကြောင်း၊ စာပေနှင့်ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် တော်လှန်ရေးခရီးသည် ရှည်လျားပြီး ခက်ခဲ ကြမ်းတမ်းလှသည်။ သို့သော် ခရီးကြမ်းကို လျှောက်လှမ်းခဲ့ရသော တအာင်းလူမျိုးတို့ သည် ပင်ပန်းဆင်းရဲမှုကို မညည်းညူဘဲ လက်ရှိအချိန်အထိ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်၊ တအာင်းပြည်နယ်ရရှိရေးအတွက် စစ်ရေး၊ နိုင်ငံရေး နည်းနာများနှင့် တိုက်ပွဲဝင်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်လာပြီ ဖြစ်သည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ကြီး မငြိမ်းသတ်နိုင်သေး သလို၊ စစ်အာဏာသိမ်းမှုများကိုလည်း အဖန်ဖန်ကြုံနေရဆဲ ဖြစ်သည်။ ပြည်တွင်းစစ်နှင့် စစ်အာဏာသိမ်းမှု ဖြစ်စဉ်သည် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ သဘောဖြစ်သောကြောင့် ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်တွန်းလှန်နိုင်ရေးသည် တပြိုင်နက် တည်း ဖြေရှင်းရမည့် ပဋိပက္ခများ ဖြစ်သည်။

မြန်မာ့နိုင်ငံရေးပဋိပက္ခကို ချုပ်ငြိမ်းစေဖို့အတွက် အမျိုးသားတန်းတူရေး ရရှိရန်  အလွန်အရေးကြီးသည်။ ထိုနည်းတူ အမျိုးသားလူထုသတ်မှတ်ချက်နှင့် အမျိုးသားလူထု သစ်များ၊ ပြည်နယ်သစ်များ ဖြစ်ထွန်းလာသည့်အပေါ်တွင် အတင်းအကျပ် ဖိနှိပ်မှုများ မပြုလုပ်ဘဲ၊ အသိအမှတ်ပြုလက်ခံနိုင်ရန်လည်း အလွန်အရေးကြီးသည်။  တအာင်း အမျိုးသားလူထုသည် မြန်မာ့မြေအတွင်း အစောဆုံး အခြေချနေထိုင်ခဲ့ကြသည့် လူမျိုးများထဲတွင် ပါဝင်ခဲ့သော်လည်း လက်ရှိအချိန်အထိ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် မရရှိသလို၊ လိုလားသည့် တအာင်းပြည်နယ်အိပ်မက်ကိုလည်း အကောင်အထည် မဖော်နိုင်သေးပေ။ ခါးသီးလှသည့်နိုင်ငံရေးပဋိပက္ခကြားတွင် တအာင်းတော်လှန်ရေးသည် လက်ရှိအချိန်တွင် အထွန်းတောက်ဆုံးကာလကို ရောက်ရှိလာပြီ ဖြစ်ပါသည်။ ပစ္စုပ္ပန် ကာလသည် တအာင်းတမျိုးသားလုံး၏ ခရီးရှည်ကြီး၏ အိမ်အပြန်လမ်းကို ရောက်ရှိ တော့မည့် အာရုံတက်ချိန်လည်း ဖြစ်ပေသည်။

တအာင်းအမျိုးသားနိုင်ငံရေးသမိုင်းမှတ်တမ်းများ စာအုပ်သည် မြန်မာပြည်၏ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အထောက်အပံ့ကောင်းတစ်ခု ဖြစ်စေပါကြောင်း မျှော်လင့်သလို၊ တအာင်းပြည်သူလူထုအတွက်လည်း အကျိုးပြုနိုင်မည့် စာတမ်းတစ်ခု ဖြစ်စေဖို့ မျှော်ရည်ပါသည်။

ဤစာအုပ်ကို ဖြစ်မြောက်အောင် အတူတကွကြိုးပမ်းခဲ့ကြသည့် ဖက်ဒရယ် ဂျာနယ်-မြန်မာ၏ ဝိုင်းတော်သားများနှင့် မိတ်ဖက်မီဒီယာဖြစ်သည့် ရွှေဖီမြေမှ အယ်ဒီတာအဖွဲ့ကို များစွာကျေးဇူးတင်ရှိပါသည်။ ထို့ပြင် PSLF/ TNLA မှ ဒုတိယဥက္ကဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား နှင့် အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး တားပန်လကိုလည်းကောင်း၊ PSLF/ TNLA ၏ ရုံးအဖွဲ့မှ မောင်နှမအားလုံးကို လည်းကောင်း အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

အယ်ဒီတာအဖွဲ့ ၊ ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ဖတ်ရှုလိုပါက အခမဲ့ ဒေါင်းလုတ်လင့်ခ် – CLICK HERE TO DOWNLOAD

Related Articles

Back to top button