တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 61, July 30, 2024)

၁။ ရွေးကောက်ပွဲအလွန်ကာလတွင် ပြည်တွင်းစစ်မီး ပိုကြီးထွားလာနိုင်မည်ဟုဆို
 July 30, 2024

စစ်ကောင်စီက အရေးပေါ်ကာလကို သက်တမ်းထပ်တိုးပြီး ရွေးကောက်ပွဲကျင်းပနိုင်သော်လည်း ရွေးကောက်ပွဲအလွန် ကာလတွင် ပြည်တွင်းစစ်မီးပိုမိုကြီးထွားလာနိုင်သည်ဟု မွန်တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တို့က ပြောသည်။ လက်ရှိဖြစ်ပေါ် နေသည့် စစ်ရေးပဋိပက္ခကို မဖြေရှင်းနိုင်ဘဲ ရွေးကောက်ပွဲကျင်းပခြင်းသည် သွေးထိုးသံယိုများ ဖြစ်ပေါ်စေပြီး ရွေးကောက်ပွဲ အလွန်ကာလတွင်လည်း ပြည်တွင်းစစ်မီး ပိုမိုကြီးထွားလာနိုင်သည်ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က ပြောသည်။“သူတို့(စစ်ကောင်စီ) က အာဏာကို ရေရှည်ထိန်းသွားဖို့အတွက် ရွေးကောက်ပွဲကျင်းပမှာ ဖြစ်တယ်။ တရုတ် နိုင်ငံကလည်း နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲမြန်မြန်လုပ်ဖို့ ဖိအားပေးနေတယ်။ ဒါပေမဲ့ စစ်ကောင်စီရွေးကောက်ပွဲ က ပြည်သူလူထုတွေလည်း မထောက်ခံဘူး။ ရွေး ကောက်ပွဲက ကျင်းပနိုင်သည်ဖြစ်စေ၊ အစိုးရတစ်ခု တည်ဆောက်နိုင်သည် ဖြစ်စေ၊ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး။ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခကို အရင်မဖြေရှင်း ဘဲနဲ့ ရွေးကောက်ပွဲကျင်းပဖို့အရေးကိုသာ ကြိုးစားနေတာဟာ ရွေးကောက်ပွဲနောက်ပိုင်းမှာလည်း ပဋိပက္ခတွေက ပိုပြီးကြီးထွားလာမယ်။ သွေးထွက်သံယိုတွေလည်း ပိုပြီး များလာမယ်” ဟု  NMSP-AD ဒု-အဖွဲ့ခေါင်းဆောင် နိုင်ဗညားလယ် က ပြောသည်။

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲသည် အကောင်းထက် ဆိုးသည့်ကိစ္စများသာ ပိုများလာနိုင်သည်ဟု တော်လှန် ရေးအင်အားစုတို့က ဆိုသည်။ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးကလည်း “ရွေးကောက် ပွဲအလွန် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းမယ်ဆိုရင်လည်း အဲဒီအစိုးရက ဒီမိုကရေစီလမ်းကြောင်းကို သွားပါ့မလား၊ ပြည်သူတွေတောင်းဆိုတဲ့ အခွင့်အရေးတွေကို သူတို့ပေးနိုင်မလာပေါ့။ သူတို့ကတော့ ပေးမှာမဟုတ်ဘူး။ ဒါ့ကြောင့် တော် လှန်ရေးအဖွဲ့တွေကတော့ ဆက် ပြီး တိုက်ပွဲဝင်နေကြမှာပဲလေ။ အဲတော့ စစ်ရေးပဋိပက္ခတွေက လျော့ကျသွားတာမရှိဘူး။ ပိုပြီး ကြီးထွားလာဖို့ပဲ ဖြစ်နိုင်တယ်။ ပြည်တွင်း စစ်ရေးပဋိပက္ခတောင် မပြောနဲ့၊ စစ်ကောင်စီ ရွေးကောက်ပွဲမှာ ပါဝင်ထားတဲ့လူတွေလည်း သတ်ဖြတ်ခံရမှုတွေ အရင် ကထက် ပိုများလာမှာ” ဟု ပြောသည်။ နိုင်ငံတစ်ဝန်း စစ်ရေးအရှိန်မြင့်တက်နေချိန်တွင် စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ ခပ်စိပ်စိပ် ပြောဆိုလာပြီး ပြင်ဆင်မှုတွေလည်း လုပ်ဆောင်လာသည်။ စစ်ကောင်စီက ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်အတွင်း ကျင်းပသွားမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ Read in Full

၂။ ပုဏ္ဏားကျွန်းမှာ စစ်ဘေးရှောင်ကလေးငယ်များ ဝမ်းရောဂါ ဆက်ဖြစ်နေဆဲဖြစ်
 July 29, 2024

ဇူလိုင်လ ပထမ အပတ်ကစ၍ ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင်ကလေးငယ်များ ဝမ်းရောဂါဖြစ်ပွား နေသည်မှာ ကောင်းမွန်လာခြင်းမရှိဘဲ ယနေ့ အချိန်အထိ ဝမ်းရောဂါ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူများက ပြောသည်။ ကလေးငယ်များ ဝမ်းရောဂါဖြစ်ပွားမှုနှုန်းမှာ စဖြစ်ခါစနှင့် နှိုင်းယှဥ်လျှင် လျော့ကျလာခြင်းမရှိ ကြောင်း လင်းရောင်ခြည်ဖောင်ဒေးရှင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဝမ်းရောဂါက ဖြစ်မြဲအတိုင်း ဖြစ်နေကြပါတယ်။ ဆေးဝါးလိုအပ်ချက်က ရှိနေတော့ ထိထိရောက်ရောက် ကုသမှု၊ ကာကွယ်မှုတွေ မလုပ်နိုင်ဘူး။ လသားအရွယ်ကနေ ၁၃ နှစ်ကြား ကလေးတွေ အဖြစ်များတယ်။ လူကြီးတွေလည်း ဖြစ်ကြတာရှိတယ်။ ဒါပေမယ့် ကလေးတွေက ခုခံအားပိုနည်းတော့ ပိုဖြစ်ကြ တယ်” ဟု ပြောသည်။ လက်ရှိ ဝမ်းရောဂါ ဖြစ်ပွားမှုနှုန်းမှာ စစ်ဘေးရှောင်ကလေးငယ် ၃ ပုံ ၁ ပုံခန့်နှုန်းဖြင့် ဖြစ်ပွားနေပြီး ရာသီ တုတ်ကွေးများလည်း ဖြစ်ပွားလျှက်ရှိနေကြောင်း သိရသည်။

စစ်ဘေးရှောင်များမှာ သန့်ရှင်းမှုမရှိသည့် ပတ်ဝန်းကျင်တွင် နေထိုင်ရပြီး သန့်ရှင်းသည့် သောက်သုံးရေ မရရှိခြင်းတို့ ကြောင့်လည်း ယခုကဲ့သို့ ဝမ်းရောဂါဖြစ်နေရသည်ဟု ပုဏ္ဏားကျွန်း မြို့နယ် အောင်ဖြူပြင်ရွာမှ စစ်ရှောင်တစ်ဦးက ပြောသည်။ ” ကျနော်တို့က လမ်းဘေးနေရာတွေ ရွံ့အိုင်၊ ဗွက်အိုင်တွေမှာ ဖြစ်သလို နေကြရတာပါ။ သောက်သုံးရေလည်း သန့်သန့်ရှင်းရှင်းမရှိ ဘူး။ မိုးတွင်းဆိုတော့ ပိုဆိုးတယ်။ တာလပေါ်နဲ့ ဖြစ်သလို မိုးထားရတာဆိုတော့ အမိုးလည်းမလုံဘူး။ ခြင်ယင်တွေပေါတယ်။ ဒီတော့ ဝမ်းရောဂါနဲ့ တုတ်ကွေးတွေ ဖြစ်လာကြတယ်။ ဒါပေမယ့် စစ်ရှောင်နေကြတဲ့ အခြေနေမှာ ဆေးလည်းသေချာမကုနိုင် ကြတော့ ရောဂါဖြစ်တာတွေက မပျောက်သွားဘဲ ရေရှည်ဖြစ်နေကြရတယ်။ ” ဟု ဆိုသည်။ ဝမ်းရောဂါကြောင့် လက်ရှိအချိန် အထိ အသက်သေဆုံးခြင်းများမရှိသေးသော်လည်း ယခုထက် ပိုဆိုးရွားလာပါက အသက်အန္တရာယ်အတွက် စိုးရိမ်နေရသည်ဟု စစ်ရှောင်မိဘများက ပြောဆိုကြသည်။ စစ်ဘေးရှောင်များမှာ ယိုးငုံ၊ သရက်ချို၊ အောင်ဖြူပြင်၊ တောဖျားချောင်း ဒေသများမှ လယ်ကွင်းပြင်များ၊ ကားလမ်းဘေးများနှင့် တောင်အောက်နေရာများတွင် ပြန့်ကြဲနေထိုင်ကြပြီး လူဦးရေအားဖြင့် ခန့်မှန်းခြေ ၄၀၀၀ ကျော်ခန့် ရှိနေကြောင်း သိရသည်။ Read in Full

၃။ လားရှိုး မန်ဆူဘုန်းကြီးကျောင်း ဗုံးကြဲခံရ စစ်ဘေးရှောင် အမျိုးသမီး ၃ ဦးအပါအဝင် ၅ ဦး သေဆုံး
 July 29, 2024

သျှမ်းပြည် လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် သီရိမင်္ဂလာ မန်ဆူသျှမ်း ကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် အမျိုးသမီး ၃ ဦးအပါအဝင် (၅) ဦး ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ (ဇူလိုင် လ ၂၈ ရက်) နံနက်ပိုင်းတွင် လားရှိုးမြို့ရှိ သီရီမင်္ဂလာ မန်ဆူဘုန်းကြီးကျောင်း အနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ရပ်ကွက်(၅) ဝမ်ကောင်းဘက်မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် အမျိုးသမီး ၃ ဦးအပါ အဝင် (၅) ဦး ပွဲချင်းပြီး သေဆုံးသွားပြီး (၇) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း လားရှိုးဒေသခံများထံမှ သိရသည်။“မန်ဆူသျှမ်းကျောင်း ဇရပ်ထဲက စစ်ရှောင်တွေကို ထိတယ်၊ အဒေါ်ကြီး ၃ ယောက်နဲ့ အမျိုးသား ၂ ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတာ။ ဘေးနားက တခြားစစ်ရှောင်တွေလည်း ဒဏ်ရာရတာရှိတယ်။ ဝမ်ကောင်းဘက်ကနေ ဘုန်းကြီးကျောင်းထဲ တည်းနေ ပြီး ဘယ်မှမသွားနိုင်တဲ့ စစ်ရှောင်တွေကျန်နေတာ”ဟု လားရှိုးမြို့မှဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ လားရှိုးမြို့ သီရိမင်္ဂ လာ မန်ဆူသျှမ်းကျောင်းတွင် လားရှိုးမြို့ ရပ်ကွက် (၅)ဘက် ဝမ်ကောင်းကျေးရွာအုပ်စုမှ စစ်ဘေးရှောင် (၈၀)ကျော် ကျန်ရှိနေ ပြီး ၎င်းတို့ကို ဘေးလွတ်ကင်းရာ စစ်ဘေးရှောင်စခန်းသို့ စတင်ရွှေ့ပြောင်းပေးနေကြောင်း စစ်ဘေးရှောင် ကူညီပေးသူ များ ထံမှ သိရသည်။

“ဦးပဉ္ဇင်းနဲ့ကိုရင် ၄၃ ပါးရယ်၊ နောက်ပြီး ကပ္ပိယတွေနဲ့ဆိုရင် စုစုပေါင်း ၆၀ ကျော်လောက်ရှိမယ်။ ကျောင်းဝင်းထဲ ဗုံးဆံ မကျခင်ရက်က အားလုံးထွက်နိုင်ခဲ့တယ်။ ကျောင်းမှာ ကျန်တာကတော့ ရပ်ကွက်(၅) ဝမ်ကောင်းဘက်ကနေ ဘုန်းကြီးကျောင်း ကို ရှောင်လာတဲ့ စစ်ဘေးရှောင် ၈၀ ကျော် ကျန်တာ”ဟု လားရှိုးမြို့မှ ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။ အလားတူ မန်ဆူကျောင်းထိုင်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ပုညနန္ဒသည်လည်း ဇွန်လပိုင်းမှ စတင်၍ သျှမ်းပြည်တောင်ပိုင်းသို့ ကြွရောက်ပြီး ဝါဆိုဝါကပ်နေကြောင်း သိရသည်။“ဗမာစစ်သားနဲ့ ကိုးကန့်တပ်နဲ့က မန်ဆူဘုန်းကြီးကျောင်းနားမှာ ကပ်လျက်ရှိနေတာ လမ်းမ ကြီးပဲခြားတယ်။ လက်နက်ကြီးနဲ့ကော သေနတ်အသေးနဲ့ကောပစ်နေတုန်းပဲ။ မြို့ထဲလမ်းပေါ်မှာ ဒဏ်ရာနဲ့သေနေတဲ့ အလောင်းတွေလည်းရှိတယ်၊ အခု ကြာကန်သုဿာန် ပို့လို့မရတော့ အကုန်ဒုက္ခရောက်နေတယ်”ဟု လားရှိုးမြို့ စစ်ဘေးရှောင် ကူညီနေသူ တစ်ဦးက ပြောသည်။ Read in Full

၄။ မိုးမိတ်နဲ့ ကျောက်မဲမှာ တိုက်ပွဲဆက်ဖြစ်နေ
 July 29, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနဲ့ မိုးမိတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ မိုးမိတ်မြို့ စစ်ကောင်စီတပ် ဗျူဟာကုန်းအပါအဝင် ခလရ (၃၄၈)၊ ခလရ (၂၇၆)၊ ခလရ (၂၃၃) တပ်ရင်းတွေနဲ့ တိုက် ပွဲဖြစ်ခဲ့ပြီး လက်နက် တချို့ သိမ်းဆည်းရမိတယ်လို့ TNLA က ပြောပါတယ်။ ကျောက်မဲမြို့နယ်မှာတော့ လွယ်ခွန်တောင်နဲ့ တာဝါတိုင်စခန်းနေရာတွေ အပါအဝင် ခမရ (၅၀၁)၊ ခမရ (၅၀၂) တပ်ရင်းတွေနဲ့ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ကျောက်မဲဒေသခံတစ်ဦးက ပြောပါတယ်။“ပစ်တော့ပစ်နေကြတာပဲ၊ ပစ်လိုက်ရပ်လိုက်နဲ့ပေါ့၊ အဲဒီလိုပါပဲ။ မနေ့က ပစ်တာတော့ ၅၀၁၊ ၅၀၂ နဲ့ ပစ်နေကြတယ်။ မန္တလေး ဘက်ကို စစ်ရှောင်တဲ့သူတွေကလည်း တချို့ပြန်လာတာရှိတယ်။ တချို့ကလည်းဘေးလွတ်ရာကိုထွက်ပြေးနေကြတုန်းပဲ” TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာတော့ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံ တိုက်ခိုက်ချိန် လက်နက်တချို့ကို သိမ်းဆည်းရမိသလို စစ်သုံ့ပန်း နှစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။

၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲ တစ်လအတွင်း TNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တွေ က ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့၊ မန္တလေးတိုင်း စဉ့်ကူးနဲ့ မိုးကုတ်မြို့တွေကို သိမ်းပိုက်ထားပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က လားရှိုးမြို့ရဲ့ နေရာအများအပြားကို ထိန်းချုပ်ထားပါတယ်။ Read in Full

၅။ တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ  ၃၀ ကျော်သေဆုံး
 July 29, 2024

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ် ကောင်စီတပ်သား ၃၀ ကျော်သေဆုံးခဲ့ကြောင်း မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူတစ် ဦးက ပြောကြားသည်။ ဇူလိုင်လ ၁၈ ရက်နေ့ အကြမ်းဖက်စစ်သား အင်အား ၂၀၀ ခန့်ဖြင့် ကျွန်းစုမြို့နယ်ဘက်မှ စစ်ကြောင်းထိုးဝင်လာသော စစ်တပ်ကို မြိတ်ခရိုင်ပူးပေါင်း စစ်ကြောင်း ၂ တပ်ဖွဲ့မျာ က ခုခံတိုက်ခိုက်ခဲ့ရာ ဇူလိုင်လ ၂၈ ရက်နေ့အထိ ၁၀ ရက်အတွင်း အပြင်းအထန်ထိတွေ့တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၃၀ ကျော်သေဆုံးကာ  အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ ဇူလိုင်လ ၂၈ ရက်နေ့ တိုက်ပွဲပိုမိုပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သားများက လယ်သစ်ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထား ကြောင်း သိရသည်။

“ဇူလိုင်လ ၁၈ ရက်နေ့ကတည်းက ကျွန်းစုမြို့နယ်ဘက်ကနေ စစ်ကြောင်းထိုးလာတာ၊ ကြည်း ၊ ‌ရေ၊ လေ ၃ ခုပေါင်းစစ် ကြောင်းထိုးတာ၊ ၁၀ ရက်အတွင်း အပြင်းအထန်ထိတွေ့တိုက်ပွဲ ၆ ကြိမ်ဖြစ်တယ်၊ ဒီနေ့က ပိုပြင်းထန်တယ်၊ အခုတော့ စစ်ခွေး စစ်ကြောင်းက လယ်သစ်ကို ဝင်သွားတယ်။ စခသေတာ ၃၀ ကျော်တယ်၊ ကျနော်တို့ဘက်က ရဲဘော်တစ်ဦးထိခိုက် ဒဏ်ရာရ ထားတယ်။” ဟု မြိတ်ခရိုင်ပူး ပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထို့သို့အကြမ်းဖက်စစ်ကောင်စီတပ် သားများ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ဒေသနေ ပြည် သူ အမြောက်အများ ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ကြီး၊ လေ ကြောင်းနှင့် ရေကြီးမှု ကပ်ဘေးပါ ခံစားနေရသဖြင့် စား၊ဝတ်၊ နေရေးအခက်အခဲဖြစ်ပေါ် လျက်ရှိကြောင်းသိရသည်။ Read in Full

၆။ လေကြောင်းရန်ကြောင့် ဖရူဆိုမြို့နယ် နယ်စပ်က စစ်ရှောင်ကျောင်းသားတွေ တောထဲမှာ စာသင်နေရ
 July 29, 2024

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် နယ်စပ်မှာ ရှိတဲ့ ကလိလျား(ဂျူလော) စစ်ရှောင်စခန်းက ကျောင်းသူ၊ ကျောင်းသားတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းရန်နဲ့ လက်နက်ကြီးရန်တွေကြောင့် တောတောင်ထဲမှာ စာသင်ကျောင်းဖွင့်ထားရပြီး မိုးတွင်းမှာ သွား လာရခက်ခဲနေတယ်လို့ စာသင်ကျောင်းတာဝန်ခံ ဆရာမနော်ကပေါ်ထူး က ပြောပါတယ်။ ” တိုက်ပွဲက ဖြစ်တော့ ဒီဘက်ကို လက်နက်ကြီးကျော်လာတော့ တောထဲမှာ ကျောင်းဆောက်ပြီးတော့ အဲ့မှာပဲ တက်ဖြစ်သွားတာပေါ့၊ အဓိက လက်နက်ကြီးရယ်၊ လေကြောင်းရယ်ပေါ့။ အခုက တိုက်ပွဲငြိမ်သွားပြီ ဒီမှာပဲ ပြန်လာတက်မလားဆိုပြီးတော့ ခုလည်း လေကြောင်းက ခနခဏ လာ တော့ စိုးရိမ်နေတော့ တောထဲမှာပဲ ဆက်ပြီး သင်ဖြစ်သွားတယ်။” လို့ ဆရာမ နော်ကပေါ်ထူးက ပြောပါတယ်။  လက်ရှိမှာတော့  မိုးရွာသွန်းမှု များတာကြောင့် တောထဲက စာသင်ကျောင်းကို သွားလာဖို့ အခက်အခဲတွေရှိနေပြီး ကျောင်းသူ၊ ကျောင်းသားတွေ အတွက် မိုးတွင်းစီး ဖိနပ်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

“မိုးရွာတဲ့ အချိန်ဆိုရင် လမ်းက ဒီလို အခြေအနေရှိတာပေါ့၊ ကျောင်းမှာဆိုရင်လည်း မိုးရွာတဲ့အခါမှာ အဖျားတက်တာရှိတယ်၊ ဆေးမရှိတော့ မပြုစုနိုင်ဘူး၊ ဒီအတိုင်းလွှတ်ပြန်လိုက်ရတာမျိုးရှိတော့ တော်တော်လေးအခက်အခဲရှိတယ်။” လို့ စေတနာ့ ဝန်ထမ်း တစ်ဦးဖြစ်တဲ့ ဒိုနေစေးက ပြောပါတယ်။ ကလိလျား(ဂျူလော) စစ်ဘေးရှောင်တွေရဲ့  ကိုယ်ထူ ကိုယ်ထ အထက်တန်း ကျောင်း မှာတော့ KG တန်းကနေ အထက်တန်းအထိ တစ်ခန်းထဲ စုပေါင်း သင်ကြားနေရပြီး အခန်းခွဲ စာသင်ကြားမှုတွေ လုပ်နိုင် ဖို့အတွက် အမိုးအကာတွေလိုအပ်နေတယ်လို့ဆိုပါတယ်။  ဒါ့အပြင်တောတောင်တွင်းမှာ စာသင်နေကြရတာကြောင့် ခြင်ကြောင့်ဖြစ်တဲ့ ငှက်ဖျားနဲ့ တုပ်ကွေးရောဂါတွေလည်း ဖြစ်ပွားသူရှိနေပါတယ်။  အဆိုပါ ကလိလျား(ဂျူလော) စစ်ဘေးရှောင်စခန်းရဲ့ ကိုယ်ထူကိုယ်ထ အထက်တန်းကျောင်းမှာ ကျောင်းသူ၊ ကျောင်းသား ၁၀၀ ကျော်ရှိပြီး၊ ဆရာ၊ ဆရာမ ၁၃ ဦးက သင်ကြားပေးနေပါတယ်။ Read in Full

၇။ KNU တပ်မဟာ ၆ ခရိုင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲပြုလုပ်
 July 29, 2024

စစ်ကောင်စီတပ်နဲ့တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ တပ်မဟာ(၆) ဒူပလာ ယာခရိုင်ရဲ့ နယ်မြေခေါင်းဆောင်ပိုင်း  အပြောင်းအလဲကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်လိုက်တယ်လို့ တပ်မဟာ ၆ ရဲ့ သတင်းရင်း မြစ်ထံကသိရပါတယ်။ ဒူပလာယာခရိုင်(ကြာအင်းဆိပ်ကြီး) ရဲ့ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူးနဲ့ တရားသူကြီးနေရာတွေကို ဇူလိုင်လ နောက်ဆုံးပတ်အတွင်းက ကျင်းပတဲ့  ဒူပလာယာခရိုင်ရဲ့ (၁၇) ကြိမ်မြောက်ကွန်ဂရက်ညီလာ ခံမှာ ရွေးကောက်တင်မြှောက်တာ ပါ။ ဇူလိုင်လ ၂၃ ရက်ကနေ ၂၇ ရက်အထိကျင်းပတဲ့ ဒူပလာယာခရိုင်ရဲ့ (၁၇) ကြိမ်မြောက် ကွန်ဂရက်ညီလာခံမှာ ခရိုင်ဥက္ကဋ္ဌ အဖြစ် ပဒိုစောလစ္စတန်ကို မဲပေးရွေးချယ်ပြီး ခန့်အပ်တာဝန်ပေးအပ်လိုက်တာဖြစ်ပါတယ်။ “ဟုတ်တယ် ပဒိုစောလစ္စတန်က ခရိုင်ဥက္ကဋ္ဌ ဖြစ်တယ်”လို့  တပ်မဟာ ၆  သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ခရိုင်ဥက္ကဋ္ဌဖြစ်လာသူ ပဒိုစောလစ္စတန် ဟာအရင်က ခရိုင်အတွင်းရေးမှူးတာဝန်ယူခဲ့သူပါ။ အတွင်းရေးမှုးနေရာကို ပဒိုစောမိုးအဲ့ဒို၊ တရားသူကြီးအဖြစ် ပဒိုစောနေ့ထူး တို့ တင်မြှောက်ခံရတယ်လို့ သိရပါတယ်။ အရင်ခရိုင် ဥက္ကဋ္ဌဖြစ်သူ ပဒို စောရွှေမောင် က တော့ အခုတစ်ခေါက် ကွန်ဂရက်ညီလာခံမှာ ဝင်ရောက်အရွေးမခံဘူးလို့သိရပါတယ်။ ဒူပလာယာခရိုင်  ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင် ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့နဲ့  ဒူပလာယာခရိုင်ကို အခြေပြုပြီး စစ်ရေးဆောင်ရွက်မှုတွေမလုပ်ဖို့ သဘော ထား ထုတ်ပြန်ခဲ့ဖူးပါတယ်။ ဒါအပြင် စစ်ကောင်စီဖိတ်ကြားတဲ့ အခမ်းအနားတွေကို တက်ရောက်တာတွေရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်း မှာ ခရိုင်အရေးပေါ် အစည်းအဝေးခေါ်ပြီး တာဝန်ကနေ နုတ်ထွက်သွားတာပါ။ KNU ရဲ့ ဒူပလာယာခရိုင်၊တပ်မဟ  ၆  နယ်မြေ အတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ထားပါတယ်။ Read in Full

၈။ မတူပီမြို့အုပ်ချုပ်ရေးလုပ်ငန်းဖော်ဆောင်ရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုပြန်လည်ဖွဲ့စည်း
 July 29, 2024

ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မတူပီမြို့တွင် အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မတူပီ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းကြောင်း CDF – မတူပီ၊ တပ်မဟာ -၁၊ ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့ထံမှသိရ သည်။“ပြည်သူလူထုတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ အခြေခံစားသောက်ကုန်များ၊ မြို့တွင်းရေ ရရှိနိုင်ရေးတို့တွက် ဆက်လက် လုပ်ဆောင်နေဆဲ ပါ။ မကြာခင် စစ်ရှောင်တွေ ဝင်ရောက်နေထိုင်နိုင်အောင် လုပ်ဆောင်နေဆဲပါ။ စစ်ဘေးရှောင်တွေ ပြန်လည် နေထိုင်ဖို့က စာနဲ့ထုတ်ပြန်သွားမှာပါ။  အမြန်ဆုံး နေထိုင်နိုင်အောင် ကြိုးစားနေပါတယ်။”ဟု မတူပီမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ကပြောသည်။ လူထုအတွက် လိုအပ်သော အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများဆက်လက် အကောင်အထည် ဖော်ဆောင်ရန် ဇူလိုင်လ ၂၀ ရက်က မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ CDF- မတူပီ၊ တပ်မဟာ – ၁ ထိန်းချုပ်နယ်မြေဖြစ်သည့် မတူပီမြို့အပါအဝင် တိုက်နယ် (၄) ခုတွင် အုပ်ချုပ်ရေးလုပ် ငန်းများကို ဖော်ဆောင်သွားမည်ဖြစ် ကြောင်းသိရသည်။

မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် CDF – မတူပီ၊ တပ်မဟာ- ၁ မှ တာဝန်ရှိသူများ၊ တိုက်နယ် ၄ ခုမှ တာဝန် ရှိ သူများနှင့် အရပ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူများစုစုပေါင်း ၄၀ ကျော်ဖြင့် ဖွဲ့စည်းထားကြောင်းသိရသည်။ မတူပီမြို့ကို ချင်းညီ နောင် စစ်ဆင်ရေးအဖြစ် ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက်ပြီး ရက်ပေါင်း ၂၀ ကျော်တွင် မြို့နယ် ပအဖ အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ CDF- မတူပီ၊ တပ်မဟာ – ၁ ၊ မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် ချင်းညီ နောင်နှင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ (ICNCC)တို့၏ နိုင်ငံရေးလမ်းစဉ်အတိုင်း လက်တွဲ ပူးပေါင်းဆောင် ရွက်သွားမည်ဟု သိရသည်။ ချင်းလဲန်းကောင်စီ အဖွဲ့ဝင်ဖြစ်သည့် CDF – မတူပီ၊ တပ်မဟာ – ၂ ၏ မတူပီမြို့နယ်အတွင်းက ထိန်းချုပ်နယ်မြေများတွင် ပြည်သူအုပ်ချုပ်ရေးလုပ်ငန်းများကို ဖော်ဆောင်နိုင်မည်မဟုတ်ကြောင်း သိရသည်။ 

၉။ ရခိုင်ပို့မည့် ကုန်ပစွည်းများကို ချောင်းသာကမ်းခြေတွင် စစ်တပ်က နေ့စဥ်ဖမ်းဆီး
 July 29, 2024

ရခိုင်ပြည်နယ်ဘက် ဧရာဝတီတိုင်းကနေ ရေကြောင်းမှ ကုန်ပစွည်းပို့တာကို စစ်ကောင်စီက ချောင်းသာကမ်းခြေကနေ ဖြတ်တောက်ပြီး နေ့စဥ်ကုန်ပစွည်းတွေ ဖမ်းဆီးသိမ်းဆည်းနေတယ်လို့ ကုန်စည်ပို့ဆောင်သူတွေဆီက သိရပါတယ်။ ချောင်းသာ ကမ်းခြေမှာတပ်စွဲထားတဲ့ ဗိုလ်မှူးဇော်နိုင်နဲ့အဖွဲ့ဟာ ဌာနဆိုင်ရာနဲ့ပူးပေါင်းကာ ရခိုင်ပြည်နယ်ပို့မယ့် ကုန်ပစွည်းတွေကို  ဖမ်းဆီးသိမ်းဆည်းလေ့ရှိတယ်လို့ ကုန်သည်တဦးက ပြောပါတယ်။“မတရားဝင်ကုန်စည်ဆိုပြီး ဖမ်းတာ၊ ရခိုင်ကို ဧရာဝတီတိုင်းကနေ ကုန်ပစွည်းတွေပို့တာ လက်မခံဘူး။ သဘော်ပေါ်မှာ ရခိုင်လူမျိုးပါလာရင် အတော်ရစ်တာ၊ ပစွည်တွေသိမ်းပြီး ရေတပ်စခန်းကိုပို့ တာ။” အနောက်တောင်တိုင်းစစ်ဌာနချုပ်က ဇွန် ၃၀ ရက်မှစတင်ကာ ချောင်းသာနဲ့ငွေဆောင်မှာရှိတဲ့ စစ်ကောင်စီတပ် နဲ့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့အား ရခိုင်ကို ကုန်ပစွည်းပို့မယ့် ရေယာဥ်တွေကို စစ်ဆေးဖို့ ညွှန်ကြားခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နဲ့ ဗိုလ်မှူးဇော်နိုင်တို့ အစည်းအဝေးလုပ်ပြီး ဌာနဆိုင်ရာနဲ့ ပေါင်းပြီးဖမ်းတာ။ တရားမဝင်ကုန်ပစွည်းဆိုပြီး ဖမ်းလိုက်ရင် ရခိုင်ကုန်သင်္ဘောတွေချည်းပဲ။”  ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်က ချောင်းသာကမ်းခြေ အမှတ် ၁ ရပ်ကွက်မှာ ရခိုင်ပြည်နယ်ကို ကုန်ပစ္စည်းပို့နေတဲ့ သင်္ဘောတစီးကို ဗိုလ်မှူးဇော်နိုင်နဲ့ဌာနဆိုင်ရာက ဖမ်းဆီးပြီး ကုန်ပစွည်း တွေသိမ်းယူခဲ့တယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။ Read in Full

၁၀။ စစ်ရှုံးလို့ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့မိသားစုများ တောထဲတွင်အစာငတ်ပြတ်ပြီး သေဆုံးမှုများရှိနေ
 July 29, 2024

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား နှစ်ရာ‌ကျော်ကို စစ်သုံ့ပန်းအဖြစ်ဖမ်းမိထားတယ်လို့ စစ်ဆင်ရေးဖော်ဆောင်ခဲ့တဲ့ ချင်းညီနောင်တပ်ဖွဲ့က သိရပါတယ်။ မတူပီမြို့က စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ ၃၀၄)၊ ခြေလျင်တပ်ရင်း (ခလရ ၁၄၀)နဲ့ မတူပီအခြေချ စစ်ဗျူဟာတို့ကို ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက် အပြီးမှာ စခန်းစွန့်ခွာထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၂၀)ခန့်ကို ပြီးခဲ့တဲ့ ဇူလိုင်လ (၁၇)ရက်နေ့မှာ ချင်းညီနောင် မဟာမိတ်ပူးပေါင်းအဖွဲ့က လက်နက်ခဲယမ်း၊ စစ်အသုံးဆောင်ပစ္စည်းတွေနဲ့အတူ ပထမသုတ်အနေဖြင့် ဖမ်းဆီးရမိခဲ့တာဖြစ်ပါ တယ်။ ဇူလိုင် ၂၅ ရက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေပါဝင်တဲ့ စစ်ကြောင်း (၂) ကြောင်းနဲ့ ချင်းညီနောင် မဟာမိတ်အဖွဲ့တို့အကြား နှစ်နာရီခန့်တိုက်ပွဲဖြစ်ပွားပြီးနောက် ဒုတိယသုတ်အနေနဲ့ ထပ်မံဖမ်းဆီးမိတာကြောင့် နှစ်သုတ်ပေါင်း စစ်ကောင်စီ အရာရှိ၊ တပ်ဖွဲ့ဝင်တွေ၊ မိသားစုတွေနဲ့ Non CDM တွေအပါအဝင် နှစ်ရာကျော်ဖမ်းမိထားတယ်လို့ ချင်းညီနောင်တပ်ဖွဲ့က သိရပါတယ်။

ဖမ်းဆီးမိတဲ့သူတွေဟာ အစောပိုင်းက ခံပစ်နေပေမဲ့ ဝိုင်းထားတာကိုသိ‌တော့မှ အလံဖြူထောင် လက်နက်ချခဲ့တာဖြစ် တယ်လို့ CDF–Matupi တပ်မဟာ (၁) ပြန်ကြားရေးတာဝန်ခံ ကိုဘွေအုပ် က ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်သားတွေနဲ့ မိသားစုဝင်တွေဟာ တောထဲမှာ လနဲ့ချီထွက်ပြေးနေကြတာကြောင့် အစာရေစာငတ်ပြတ်၊ စောင်မရှိ၊ အမိုးအကာမရှိ၊ ဆေးဝါး မရှိတာတွေကြောင့် သေဆုံးခဲ့ကြသူတွေ ၅၀ ကျော်ရှိပြီး သေဆုံးသူတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ပြောပါ တယ်။“စစ်ကောင်စီတပ်မှူးတွေရဲ့ စီမံကွပ်ကဲမှု လွဲချော်ညံ့ဖျင်းမှုကြောင့် အလကား သက်သက် တောတောင်တွေထဲမှာ လသား ကလေးငယ်တွေအပါအဝင် အသက်တွေ သေဆုံးတာဟာ စိတ်မကောင်းစရာပါ။ ချင်းပြည်တခွင်က စစ်ကောင်စီတပ်ဖွဲ့ တွေကို ပြည်သူနှင့် တော်လှန်ရေးတပ်ဖွဲ့တွေဆီ အမြန်ဆုံးအလင်းဝင်ကြဖို့ တိုက်တွန်းလိုပါတယ်”လို့ ကိုဘွေအုပ်က ပြောပါတယ်။ လက်ရှိမှာ ချင်းညီနောင်တပ်ဖွဲ့အနေနဲ့ ဖမ်းဆီးမိထားသူတွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီထိန်းသိမ်းထားပြီး ရှားပါးဆေးဝါး တွေနဲ့ အကောင်းဆုံးကုသပေးကာ ကျွေးမွေးစောင့် ရှောက်ထားတယ်လို့ ချင်းညီနောင်က ဇူလိုင် ၂၈ ရက်မှာ သတင်းထုတ်ပြန်ထားပါ တယ်။  Read in Full

၁၁။ လက်နက်ကြီးကျ၍ မောင်တောဒေသခံ ၅ ဦး ဒဏ်ရာရ
 July 29, 2024

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အထက်ကံသာယာရွာကို စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ၍ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံ ၅ ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။ အထက်ကံသာ ကျေး ရွာသည် မောင်တောမြို့တောင်ပိုင်း ၄ မိုင်ခန့်အကွာတွင်တည်ရှိပြီး (ဇူလိုင် ၂၈) မွန်းလွဲ ၂ နာရီကျော်အချိန် နခခ (၅) မြို့သူကြီး စခန်းမှ ပစ်ခတ်သည့်လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းဟု ကျေးရွာသားတစ်ဦးက ပြောသည်။“မနေ့က အဲဒီတပ် ရင်းကနေ လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတာ။ အဲဒီထဲက တစ်လုံးက ကျမတို့ရွာထဲမှာ ကျပါတယ်။ ရွာသား ၅ ယောက် ဒဏ်ရာရပါတယ်။ အုပ်ချုပ်ရေးမှူးနဲ့ နောက်တစ်ယောက်မှာ ဒဏ်ရာပြင်းပါတယ်” ဟု ပြောသည်။ ဒဏ်ရာရရှိသူများမှာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘထွန်းအောင်(၄၇)နှစ်၊ ဒေါ်မသန်းစိန်(၄၂) နှစ်၊ ဒေါ်ညိုမ (၇၃ )နှစ်၊ ဦးကျော်ဗန်းအောင်(၆၆)နှစ်နှင့် မဝါဆိုမိုး (၁၃)နှစ် တို့ဖြစ်ပြီး ဦးဘထွန်းအောင်နှင့် ဦးကျော်ဗန်းအောင် တို့မှာ ဒဏ်ရာပြင်းထန်သဖြင့် အရေးပေါ် ဆေးကုသမှုခံယူ နေရ သည်ဟု သိရသည်။

မောင်တောဒေသရှိ စစ်ကောင်စီ၏နောက်ဆုံးလက်ကျန်စခန်းဖြစ်သောနခခ(၅) မြို့သူကြီးစခန်းအားအာရက္ခတပ်တော် (AA)က ဆက်လက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲများပြင်းထန်နေကြောင်း မောင်တောမြို့ခံ တစ်ဦးက ပြောသည်။“စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အကုန်လုံးက နခခ(၅)ကို ဆုတ်ခွာသွားတာဆိုတော့ အဲဒီတပ်ရင်းမှာ တပ်အင်အား များသွားတာပေါ့။ အဲဒီတပ် ရင်းကို AA က ဝိုင်းရံပြီးတော့ တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲကတော့ နေ့တိုင်းလိုလို ပြင်းနေတယ်။ မြို့ထဲမှာလည်း တိုက်ပွဲဖြစ် တာ ရှိတယ်” ဟု ပြောသည်။ ရခိုင်ဒေသတွင် စစ်ရေးအရှုံးနှင့်ရင်ဆိုင်နေရသော စစ်ကောင်စီသည် ပြည်သူများအား ပစ်မှတ်ထား ကာ ပစ်ခတ်တိုက်ခိုက်နေ၍ အရပ်သားသေဆုံးဒဏ်ရာရရှိမှုမှာ တစ်နေ့ထက်တစ်နေ့ တိုးလာနေသည်။ 

၁၂။  တနင်္သာရီတိုင်းကမြို့နယ်သုံးခုမှာ စစ်ကောင်စီတပ်က ဒေသခံတွေကိုဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ
 July 29, 2024

တနင်္သာရီတိုင်းထဲက လောင်းလုံး၊ ရေဖြူနဲ့ ပုလောမြို့နယ်တွေမှာ စစ်ကောင်စီတပ်က အရပ်သားတွေကိုဖမ်းဆီးခေါ် ဆောင်ပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အခုလ ၂၆ ရက်နေ့က အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခုဟာ လောင်းလုံးမြို့နယ်က မြို့ဟောင်းကျေးရွာနဲ့ ဒေါင်းရှောင်ကျေးရွာတွေဘက်ကို စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ဝင်ရောက်လာခဲ့ပါတယ်။ မြို့ဟောင်းရွာမှာရှိနေတဲ့ စစ်ကြောင်းဟာ မနေ့က မနက်ပိုင်းမှာတော့ ဒေါင်းရှောင်ရွာ နဲ့ ပိန်းရှောင်ရွာကြားက အသက်လတ်ပိုင်းအရွယ် အမျိုးသားသုံးဦးကို စစ်ကြောင်းနဲ့အတူဖမ်းဆီးပြီး ရေဖြူမြို့နယ်၊ ပိန်းရှောင် ရွာဘက်ကို စစ်ကြောင်းဆက်ထိုးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီထဲက အမျိုးသားတစ်ဦးကတော့ စစ်ကြောင်းကနေ ပြန်လည်ထွက်ပြေးလွတ်မြောက်လာခဲ့ပေမဲ့ နှစ်ဦးကတော့ လက်ရှိ အချိန်ထိပြန်လွတ်မလာသေးဘူးလို့ ဒေသခံတွေကဆိုပါ တယ်။“အထုပ်တွေထမ်းခိုင်းပြီး ခေါ်ဆောင်နေတာတဲ့။ တစ်ယောက်က အသက်လုပြီးထွက်ပြေးလာတာ။ ဆိုင်ကယ်တွေ ပိုက်ဆံတွေ တော့ပါသွားတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်း မြို့ဟောင်းကျေးရွာကိုစရောက်တဲ့နေ့ကလည်း အမျိုးသား သုံးဦးကိုဖမ်းဆီးခဲ့ပေမဲ့  သံဃာတော်တွေက တောင်းဆိုတာကြောင့် ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရသိရပါတယ်။ အဲဒီစစ်ကြောင်းဟာ လက်ရှိမှာရလိုင်‌ကျေးရွာကိုရောက်ရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ရေဖြူမြို့အ‌နောက်ဖက်ကမ်းကရပ်တော်မူဘုရား အနီးမှာစခန်းချထားတဲ့ စစ်‌ကောင်စီတပ်သားတွေကလည်း သပြေဇွန်းကျေးရွာနဲ့ ကျခတ္တပင်အင်းကျေးရွာတွေဘက်ကို စစ် ကြောင်းနှစ်ကြောင်းခွဲပြီး ဝင်ရောက်လာခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။ ရေဖြူမြို့နယ်အတွင်းက ပိန်းရှောင်၊ ကျောက်ဝှက် ကုန်း၊ ရလိုင်၊ ပုဂေါဇွန်း၊ သပြေဇွန်း၊ သစ်တိုထောင့်နဲ့ ကျခတ္တပင်အင်းရွာတွေက ဒေသခံတွေနေအိမ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြပါတယ်။ ပုလောမြို့နယ်၊ ခန္တီရွာကိုရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းကလည်း အမျိုးသား နှစ်ဦးကိုလည်း ဖမ်းဆီးပြီး စစ်ကြောင်းတစ်လျှောက် ခေါ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “နာမည်စာရင်းနဲ့ လာဖမ်းတာဆိုတော့ သတင်း ပေးရှိလို့အဖမ်းခံရတဲ့ပုံစံမျိုးဖြစ်နေတယ်။ အဲဒီစာရင်းမှာပါတဲ့သူတွေအိမ်ကိုဝင်တယ်။ အိမ်မှာ ကာယကံရှင်မတွေ့ရင် အိမ်က တစ်ဦးဦးကိုခေါ်ယူစစ်ဆေးပီးရင်ပြန်လွှတ်တယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ Read in Full

၁၃။ ထန်တလန်မြို့ရဲ့  ရှေ့တန်း တပ်စခန်းသုံးခုကို ချင်းတပ်ဖွဲ့တွေ သိမ်းပိုက်
 July 29, 2024

ချင်းပြည်နယ် ထန်တလန်မြို့နယ် အော်တိုတောင်က စစ်ကောင်စီရဲ့ ရှေ့တန်းတပ်စခန်း သုံးခုကို ဇူလိုင်လ ၂၈ ရက် ဒီနေ့ မှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Chinland Information Center (CIC) က ထုတ် ပြန်ပါတယ်။ စစ်ခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၁၅ ဦးသေဆုံးပြီး နှစ်ဦးကို အရှင်ဖမ်းမိခဲ့သလို လက်နက်တချို့ လည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ ဒီရှေ့တန်းစခန်းတွေကို သိမ်းပိုက်နိုင်တာကြောင့် ဟားခါး-ထန်တလန်လမ်းကို ချင်းတပ်ဖွဲ့တွေက ပြန်လည်စိုးမိုးထားနိုင်ပြီလို့  ချင်းအမျိုးသားတပ်မတော် (CNA) ပြောခွင့်ရသူ ဆလိုင်းထက်နီက ပြောပါတယ်။

“ကျွန်တော်တို့ဘက်က နှစ်ယောက်အကျအဆုံးရှိသလို စစ်ကောင်စီဘက်ကလည်း ၁၅ ယောက် အလောင်းကောက်ရ တယ်။ လက်ရှိမှာ ဟားခါးနဲ့ ထန်တလန်ကြား စစ်ကောင်စီချိတ်ဆက်တဲ့ လမ်းကတော့ ကျွန်တော်တို့ပြန်လည်ပြီးတော့စိုးမိုးထား နိုင်ပြီလို့ ပြောလို့ရပါတယ်” ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေဟာ ဟားခါး-ထန်တလန် ကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ဇူလိုင် ၂၂ ရက်နေ့မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။ ဇူလိုင်လ ၂၂ ရက်နေ့ကလည်း တပ်စခန်း သုံးခုကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် အချိန်တစ်ပတ်အတွင်းမှာ တပ်စခန်း ခြောက်ခုအထိ သိမ်းပိုက်နိုင်ခဲ့တယ်လို့ Chinland Information Center (CIC) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Read in Full

၁၄။ ဗန်းမော်မြို့အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပြင်းပြင်း       ထန်ထန်ခုခံနေ
 July 29, 2024

ဗန်းမော်မြို့အနီးတဝိုက်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး မြို့အဝင်အထွက်လမ်းများ ပိတ်ဆို့နေကြောင်း သိရှိရသည်။ ဇူလိုင် ၂၅ ရက်နေ့မှစတင်ပြီး KIA နှင့် ပူးပေါင်းအဖွဲ့သည် ဗန်းမော်တက္ကသိုလ် အနောက်ဘက်ခြမ်းရှိ တာမိုင်းလုံး၊ မိုးဖိန်း၊ ရွှေစည်၊ သာစည်၊ နန့်လှိုင် စသည့်ကျေးရွာတစ်လျှောက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က လေ ကြောင်း၊ လက်နက်ကြီး များဖြင့် ပြင်းပြင်းထန်ထန် ခုခံနေကြောင်း ဗန်းမော်ဒေသခံထံမှ သိရှိရသည်။“တာမိုင်းလုံ၊ မိုးဖိန်း၊ ရွှေစည်၊ သာစည် အဲ့တကြော ကရွာတွေ အကုန်စစ်ရှောင်နေရပြီ။ စစ်တပ်ကလေယာဉ်နဲ့ရော လက်နက်ကြီးတွေနဲ့ရော ပစ်တာလေ”ဟု ဆိုသည်။ ဗန်းမော် – ရွှေကူကားလမ်းကိုလည်း စစ်ကောင်စီတပ်က ပိတ်ဆို့ထားကြောင်း သိရပါသည်။ ထို့အပြင် စစ်ကောင်စီသင်္ဘောများ မန္တလေးမှ ဆန်တက်လာသည့်သတင်းကြောင့် ရေလမ်းကြောင်းလည်း ပိတ်ပင်မည့်သတင်းများ ထွက်ပေါ်နေသည်ဟုလည်း ဆိုသည်။

“ခုကရေလမ်းပိတ်မယ် ကြားတယ်တဲ့။ ရေလမ်းက ထွက်လာတုန်းကအထိ ရသေးတယ်။ (စစ်ကောင်စီ) သင်္ဘောတွေ လည်း တက်သွားတယ်လေ။ အဲ့တာကြောင့် ရေလမ်းပိတ်မယ်ထင်တယ်။”ဟု သတင်းရင်းမြစ်က ပြောသည်။ မံစီသွားလမ်း ဗန်းမော်မြို့နယ် ကောင်ဂျာယန်ကျေးရွာတွင်လည်း တိုက်ပွဲဖြစ်ပွားနေပြီး ဗန်းမော် – မိုးမောက်မြို့ကြား လမ်းမပေါ်တွင်လည်း ခမရ (၄၃၇) စခန်းသိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေဆဲဖြစ်ကြောင်း သိရှိရသည်။ Read in Full

၁၅။ ပင်လောင်းစစ်ရှောင် ၁၀၀၀ ကျော်အတွက် စောင်၊ ခြင်ထောင်နှင့် အခြေခံဆေးဝါး လိုအပ်နေ
 July 30, 2024

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်အစပ်မှာ စစ်ရှောင်နေကြတဲ့ ပင်လောင်းမြို့နယ်ထဲက စစ်ရှောင် ၁၀၀၀ ကျော်အတွက် စောင်၊ ခြင်ထောင်နဲ့ အခြေခံဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေထံကသိရပါတယ်။ စစ်ရှောင်တွေကို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို တောက်လျှောက်ကူညီနေခဲ့ပေမဲ့ လက်ရှိအချိန်မှာ ဆက်ပြီးကူနိုင်ဖို့ ခက်ခဲကျပ်တည်းလာတယ်လို့လည်း စစ်ရှောင်တွေကို ကူညီနေတဲ့ ဖယ်ခုံဒေသခံက ပြောပါတယ်။ ”ဖယ်ခုံအနောက်ဖက်ခြမ်းမှာ အဲ့ဖက်တကြောလုံးက ဆေးရုံ၊ ဆေးခန်းတွေမရှိဘူး။ ဆေးရုံ၊ ဆေးခန်းကောင်းတွေမရှိဘူး။ ဆရာဝန်တွေမရှိဘူး။ ကျန်းမာရေး ပြဿနာကလည်း အလှမ်းဝေးတယ်။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကြီးမားတယ်။ ပြီးတော့လှောင်ကန်တွေနဲ့ ပဲနေရတဲ့အတွက် ယင်လုံအိမ်သာတွေလည်း မလုံလောက်ကြဘူးပေါ့။ ရေလှောင် ကန်တွေမှာလည်း ပိုးလောက်လန်းတွေများတယ်ပေါ့။ များ တော့ စောင်၊ ခြင်ထောင်တွေလည်းမရှိတော့ တကိုယ်ရေသန့်ရှင်းမှုကိစ္စရပ်ကလည်း အားနည်းနေတဲ့ခါကျတော့ ကျန်းမာရေး ကလည်း အခက်ခဲတွေ၊ စိန်ခေါ်မှုတွေ ကြီးမားတယ်။ အဘက်ဘက်က လိုအပ်နေတဲ့နေရာမျိုးပေါ့။” စစ်ရှောင်တွေအတွက် အဖွဲ့အစည်း တခုက စောင်နဲ့ ခြင်ထောင်တွေကို ကံစမ်းမဲစနစ်နဲ့ ဝေခဲ့တာရှိပေမဲ့ မလုံလောက်တဲ့အတွက် ခြင်မကိုက်အောင် မီးမွေးပြီး အိပ်ကြ တာလည်းရှိတယ်လို့ ပင်လောင်းစစ်ရှောင်တစ်ဦးက ပြောပါတယ်။

“စောင်တွေ၊ ခြင်ထောင်တွေ ဝေတာမျိုးတော့ရှိတယ်။ ဒါပေမဲ့ လောက်ငှမှုမျိုးမရှိပဲနဲ့ မဲနိုက်တဲ့စနစ်နဲ့ပဲ အဖွဲ့အစည်း တခု က လာလုပ်ပေးထားတာတော့ရှိတယ်။ အိမ်လုံးစေ့ ရတာမျိုးတော့မရှိဘူး။ တယောက်ကခြင်ထောင်ရရင်၊ တယောက်က စောင်ရ တယ်၊ တယောက်က ဖျာရတယ် အဲ့မျိုးတော့ရှိတယ်။ ကံစမ်းမဲပေါက်တဲ့လူကျတော့ ခြင်ထောင်နဲ့ အိပ်ရတာပေါ့။ မပေါက်တဲ့ လူကျတော့ ဒီတိုင်းပဲခြင်ကိုက်ခံပြီး အိပ်တာမျိုးလည်းမဟုတ်ဘူး။ သူတို့ကမီးမွေးတယ်။ မီးမွေးပြီးအိပ်တာမျိုးပေါ့။” အဲ့ဒီစစ်ဘေး ရှောင်တွေဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ထဲက တောင်စလုံး၊ မြောက်စလုံး၊ ဘောရန်အထက်နဲ့ ဘောရန်အောက်စတဲ့ ကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူတွေ ဖြစ်တယ်လို့ဆိုပါတယ်။ ပင်လောင်းမြို့နယ်ထဲက စစ်ဘေး ရှောင်တွေဟာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလလောက်ကတည်းက ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်တွေ ကြား ဖြစ်ပွားတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သူတွေ ဖြစ်ပါတယ်။ Read in Full

၁၆။ လွိုင်ကော်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေ အရပ်ဝတ်နဲ့ စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေ
 July 29, 2024

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတချို့မှာ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာပြီး နောက် အရပ်သားဝတ်စုံတွေ နဲ့ စစ်ရေးလှုပ်ရှားနေတယ်လို့ ကရင်နီပြည်၊ တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူး ကြီးဘုန်းနိုင်က ပြောပါတယ်။“ သူတို့ (စစ်ကောင်စီ) အရပ်ဝတ်နဲ့ပဲနေတာပေါ့ လက်နက်တော့ပါတာပေါ့။ အရှေ့ဘက်ခြမ်းက ၂ နေရာ ၃ နေရာ ယူထားတယ်လို့ ပြောတယ်။ လူတွေကို မရိုက်မပုတ်ဘူးပေါ့။ လွတ်လွတ်လပ်လပ်တော့ ပေးသွားလာတယ်။ စစ်ရေးအရလုပ်တာ လည်း ပါမှာပေါ့။ နောက်တခုက လွိုင်ကော်မြို့ရဲ့ လုံခြုံရေးယူတာလည်းပါတာပေါ့။”လို့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုပါ တယ်။ ဇူလိုင်လအတွင်းမှာ လွိုင်ကော်-လောပိတကို သွားလာတဲ့ လမ်းမကြီးပေါ်က ကျေးရွာ ၃ ရွာနဲ့ အနီးတဝိုက်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး နေရာယူလာတာဖြစ်ပြီး ဒါဟာလွိုင်ကော်မြို့အဝင်အတွက်လုံခြုံရေးယူတာဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီး ဘုန်းနိုင် က သုံးသပ်ပြောဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ စစ်ကောင်စီစစ်ကြောင်းဟာ ဇရပ်ဖြူ၊ စံပြလေးမိုင်ကျေးရွာမှာရှိနေပြီး လတ်တလောမှာ တော့နှစ်ဖက်ပစ်ခတ်မှုမရှိပေမယ့် ဒေသခံတွေကတော့ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ဆိုပါတယ်။“တိုက်ပွဲတော့ မဖြစ်သေးဘူး။ မြို့ထဲဘက်တော့ တခါတရံအသံကြားတယ်။ ရွာတွေဖက်မှာ စစ်ကြောင်းရှိနေတယ်လို့တော့ကြားတယ်။ ရွာသားတွေတော့ သွားသွားလာလာ နားစွင့်ရတယ်ပေါ့နော။ သွားလာရတာတော့ အဆင်မပြေဘူး။ သွားလည်းမသွားရဲတော့ဘူး။ အချိန် မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်။”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ကရင်နီအမျိုးသားများကာကွယ် ရေးတပ်ကတော့ လွိုင်ကော်မြို့ ပြစစ်ဆင်ရေးဖြစ်တဲ့ ၁ လေးလုံးစစ်ဆင်ရေးစတင်တဲ့အချိန်ကစပြီး လွိုင်ကော်မြို့နေရာအနှံ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ စစ်ကောင်စီက လွိုင်ကော်မြို့တွင်း အခြေအနေနဲ့ပတ်သက်ပြီး ဝါဒဖြန့်နေတာကိုလည်း သတိပြုဖို့လိုအပ်ပြီး လုံခြုံရေးကို ဦးစားပေးကြဖို့ KNDF က တိုက်တွန်းထားပါတယ်။ Read in Full

၁၇။ ရေး-ထားဝယ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီ အပြင်းအထန်ထိုးစစ်ဆင်နေ
 July 30, 2024

တော်လှန်ရေးအင်အားစုးပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းဖြစ်တဲ့ ရေး-ထားဝယ် လမ်းပိုင်း ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီ အပြင်းအထန်ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတယ်လို့ ပူးပေါင်းတပ်ဖွဲ့ထံက သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ရေး-ထားဝယ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ဇူလိုင် တတိ ယအပတ်ကစပြီး အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေနဲ့ နေ့စဉ်အမျှ ဖြစ်ပွားခဲ့တာပါ။ အဲဒီ တိုက်ပွဲတွေဟာ ဇူလိုင် ၂၅ ရက်နေ့ကစပြီး ရေးမြို့နယ် ပြည်ထောင်စုလမ်းပိုင်းပေါ်မှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဖြစ်ပွားနေသလို တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ချက်ချင်းဆိုသလို စစ်ကူပို့ဆောင်တာတွေလည်း ရှိနေပါတယ်။ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ မော့ကနင်ကျေးရွာကနေ မော့ကနင်ရွာသစ်၊ ကနင်ကမော့၊ အောင်သာယာ၊ လိမ္မော်ခြံ၊ နှစ်ကရင်ကျေးရွာ တွေအထိ ထိုးဖောက်ဝင်ရောက် လာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ဇူလိုင် ၂၉ ရက်နေ့ကလည်း လိမ္မော်ခြံကျေးရွာအနီးမှာ နှစ်ဖက်တိုက် ပွဲ ပြင်းထန်ခဲ့သလို ရေးအခြေစိုက် အမှတ် ၃၁၇ အမြောက်တပ်က လက်နက် ကြီး အဆက်မပြတ် ပစ်ကူပေးခဲ့တာပါ။ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် PDF စစ်ကြောင်းတစ်ကြောင်းဖြစ်တဲ့ တောင်ညိုစစ်ကြောင်း တာဝန်ရှိသူကတော့ ရေး-ထားဝယ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်ဖို့ ကြိုးပမ်းလာတဲ့ စစ်ကောင်စီတပ်ကို အကောင်းဆုံး ခုခံတိုက် ခိုက်သွားမယ်လို့ ပြောပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ရေး -ထားဝယ်လမ်းပိုင်းကို မလိုအပ်ဘဲ ခရီးမသွားဖို့နဲ့မဖြစ်မနေသွားလာရပါက တိုက်ပွဲသတင်းတွေ နား ထောင်ပြီးမှ သွားလာကြဖို့ တိုက်တွန်းတာပါ။ လက်ရှိမှာဖြစ်ပွားနေတဲ့ ရေး-ထားဝယ်လမ်းပိုင်း တိုက်ပွဲတွေအတွင်း အရပ်သား နှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေလည်းရှိနေပါတယ်။ ရေး- ထားဝယ် လမ်းပိုင်းကို ပြီးခဲ့ တဲ့နှစ်ကစပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတာဖြစ်ပြီး လုံခြုံရေးစစ်ဆေးမှုတွေကိုလည်း မကြာခဏဆိုသလို လုပ် ဆောင်နေပါတယ်။ Read in Full

၁၈။ နိုင်ငံတော်မှခွဲထွက်ပြီး နိုင်ငံအသစ်ထူထောင်မည်ဆိုသည်မှာ သတင်းအမှားဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်
 July 29, 2024

နိုင်ငံတော်မှ ခွဲထွက်ခြင်းဟူသည့် သတင်းအတုနှင့်ပတ်သက်၍ ကိုးကန့်တပ်မတော်(MNDAA)၊ ရက္ခိုင့်တပ်တော် (AA)နှင့် တအာင်းတပ်မတော်(TNLA)တို့က (ဇူလိုင် ၂၉ ရက်) နေ့စွဲဖြင့်ထုတ်ပြန်လိုက်ပြီး ကျူးလွန်သည့် အဖွဲ့အ စည်း၊ လူပုဂ္ဂိုလ်များ ပြင်း ထန်စွာ အရေးယူခံရမည်ဟု သတိပေးသည်။ အသိဉာဏ်မဲ့ပြီး အောက်တန်းကျသည့် ပုဂ္ဂိုလ်တချို့သည် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများသည် နိုင်ငံတော်မှခွဲထွက်ပြီးနိုင်ငံအသစ် ထူထောင်တော့မည်ဟူသော ခေါင်းစဉ်အပြင် အခြားသော ခေါင်းစဉ်များဖြင့် ယခုရက်ပိုင်းတွင် လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်မှုပြုလုပ်နေသည်ဟု ဖော်ပြသည်။ ညံ့ဖျင်းလှသော တရုတ်ဘာသာ အရေးအသားဖြင့်လည်းကောင်း၊ တိကျမှန်ကန်မှုမရှိသောရေးပုံရေးနည်း၊ Photoshop တို့ဖြင့်လည်းကောင်း မိမိတို့အဖွဲ့အစည်းများ၏ တံဆိပ်များကိုအသုံး ပြုပြီး ၁၀ စောင်ထက်မနည်းသောထုတ်ပြန်ချက်များကိုသတင်းအချက်အလက် အတု များဖြင့်ဆက်သွယ်ရေး လူမှုကွန်ရက်မှတဆင့်ထုတ်ပြန်ခြင်းများကို ယခုရက်များအတွင်းဆက်တိုက်ပြုလုပ်လျက်ရှိဟုဆိုသည်။

ထိုသို့ ပြုလုပ်ရခြင်းမှာ တိုက်ပွဲတိုင်းအောင်ပွဲရရှိနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဖိအားပေးရန်၊ အိမ်နီးချင်းနိုင်ငံအား အထင်အမြင်လွဲမှားစေရန် မင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်းလက်နက်ကိုင်အဖွဲ့အား အသက်ရှူ အနားယူခွင့်ရရှိစေရန် ရည်ရွယ်ပြီးလုပ်ဆောင်နေခြင်းဖြစ်သည်ဟု ရှုမြင်ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။ ထို့ကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့မှ ဤကဲ့သို့ အသိဉာဏ်မဲ့ အောက်တန်းကျပြီးနိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်နေသော ပုဂ္ဂိုလ် (သို့မ ဟုတ်) အစုအဖွဲ့(သို့မဟုတ်)အဖွဲ့အစည်းများအား ပြင်းထန်စွာအရေးယူမည်ဟုသတိပေးခဲ့သည်။ ညီနောင်သုံးဖွဲ့တို့၏ အဖွဲ့ အစည်းအမည်၊ တံဆိပ်တုံးများကိုအသုံးပြုပြီး သတင်းအချက်အလက်အတုများဖြင့် ဆက်တိုက်ထုတ်ပြန်နေခြင်းမှာ အီလက် ထရွန်နစ် ဥပဒေနှင့် လူ့ဘောင်အဖွဲ့အစည်းစနစ်ကိုပြင်းထန်စွာ ချိုးဖောက်နေခြင်းဖြစ်ကြောင်းလည်း ဖော်ပြသည်။ ဆက်သွယ် ရေး လူမှုကွန်ရက်သည် ဥပဒေလွတ်ကင်းသည့် နေရာမဟုတ်ကြောင်း ဆက်သွယ်ရေး လူမှုကွန်ရက်သည် Memory ရှိကြောင်း၊ သတင်းအတုများကို ထုတ်ပြန်နေသောသူများ၏ IP address မှ တဆင့်စုံစမ်းစစ်ဆေးနိုင်ကြောင်း၊ နောက်နောက် တချိန်တွင် မိမိတို့အဖွဲ့အစည်းများအပေါ် တိုက်ခိုက်နေသောသူများ၏ အသိဉာဏ်မဲ့သော လုပ်ရပ်များကို ရှာဖွေဖော်ထုတ်ပြီး ပြင်းထန်စွာ အရေးယူခံရမည်ဖြစ်ကြောင်းသတိပေး ထုတ်ပြန်ကြေညာခဲ့သည်။ Read in Full

၁၉။ ဖမ်းဆီးခံရတဲ့ စီတာပူနှစ်ခြင်းအသင်းတော်က သင်းအုပ်ဆရာနဲ့လူငယ်ခေါင်းဆောင်လွတ်မြောက်လာ
 July 29, 2024

ကချင်ပြည်နယ် မြစ်ကြီးနား စီတာပူရပ်ကွက်မှာရှိတဲ့ ကချင်နှစ်ခြင်းအသင်းတော် KBC ကသိက္ခာတော်ရ သင်းအုပ်ဆရာ ဂျုံးခေါင် နဲ့ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆရာဆွတ်အောင် ကို စစ်တပ်ဖမ်းဆီးသွာားပေမယ့် ၂၄ နာရီမပြည့်ခင် ပြန်လွတ် ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၂၆ ရက်နေ့ စစ်ကောင်စီတပ်တွေဟာ စီတာပူကချင်နှစ်ခြင်းအသင်းတော် အမှု တော်ဆောင်တွေဖြစ်တဲ့ သိက္ခာတော်ရ သင်းအုပ်ဆရာ ဂျုံးခေါင် နဲ့လူငယ်ခေါင်း ဆောင် ဆရာဆွတ်အောင် ၂ ဦးကို နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။ ဒါပေမယ့် ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းမှ ပြန်လွတ်ပေးလိုက်ပြီ ဖြစ်တယ်လို့ မြစ်ကြီးနားကနေ ရန်ကုန်ကို ခေတ္တရောက်နေတဲ့ မြစ်ကြီးနားဒေသခံတစ်ဦးက ပြောပါတယ်။“၂၄ နာရီမပြည့်ခင် ပြန်လွတ်ပေး လာတယ် ကျနော်တို့ကြာားရသလောက်တော့ စီတာပူနှစ်ခြင်းအသင်းတော်မှာ ဖမ်းမခံရခင် ရှေ့အပတ်မှာ တိုက်ပွဲဖြစ်လာရင် အသင်းသူ၊ သားတွေကို ဘယ်လိုရှောင်ကြမလဲဆိုပြီးပြောထားတဲ့ကိစ္စကြောင့်လို့တော့ ပြောတယ်။ အသေးစိတ်တော့မသိရ ဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဇူလိုင် ၁၈ ရက်နေ့မှာလည်း ဝိုင်းမော်မြို့ ဝူယန်ပြည်သူ့စစ်စခန်းအနီး ဘက်ဟိုးနဲ့ ကတုတ်ကျင်း တူးဖော်နေတဲ့ ဗီဒီယိုဖိုင်ရိုက်ကူးခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝူယန် KBC သိက္ခာတော်ရ သင်းအုပ်ဆရာတစ်ဦးကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပါသေးတယ်။  ခုလို စစ်တပ်က ဘာသာရေးလွတ်လပ်ခွင့်ကို တားဆီးပိတ်ပင် တာ၊ ဘာသာရေးဆရာတွေကို ဖမ်းဆီးထောင်ချတာတွေကြောင့် ၂၀၂၃ ခုနှစ် မေလ ၁ ရက်နေ့က ထုတ်ဝေတဲ့ USCIRF ရဲ့ ၂၀၂၃ ခုနှစ်အတွက် အစီရင်ခံစာမှာ မြန်မာနိုင်ငံကို တရုတ်၊ ကျူးဘား၊ အီရစ်ထရီးယား၊ အီရန်၊ နီကာရာဂွာ၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တာဂျစ်ကစ္စတန်နဲ့ တာ့ခ်မင်နစ္စတန်နိုင်ငံတွေနဲ့အတူ အထူးစိုးရိမ်ရတဲ့နိုင်ငံများ ( Countries of Particular Concern- CPC )စာရင်းထဲမှာ ထည်သွင်းသတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ Read in Full

၂၀။ “ဝ”တပ်ဖွဲ့ နေရာယူထားတဲ့ လားရှိုးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ
 July 29, 2024

လားရှိုးမြို့မှာရှိတဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ပြီလို့ MNDAA က သတင်းထုတ်ပြန်ထားပေမဲ့ ဒီနေ့ အထိ အမှတ် (၁၀)ရပ်ကွက် စစ်တိုင်းရုံးနဲ့ အမှတ်(၉) ရပ်ကွက် ဆင်တောင်ခြေအနီးက သံချပ်ကာတပ်ရင်း၊ အမှတ်(၆၂၆) ထောက်ပံ့နဲ့ ပို့ဆောင်ရေးတပ်ရင်း၊ အမြောက်တပ် စတဲ့နေရာတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါ တယ်။ ဇူလိုင် ၂၈ ရက် မနေ့မနက်ပိုင်းက လားရှိုးမြို့ မန်ဆူဘုန်းတော်ကြီးကျောင်းအနီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ကြောင့် စစ်ဘေးရှောင်နေတဲ့ အရပ်သားငါးဦး သေဆုံးခဲ့တယ်လို့ လားရှိုးမြို့က ဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက ပြောပါ တယ်။“မနေ့က လေယာဥ်ဗုံးကြဲတာ၊ မြို့ထဲမှာကြဲတော့ မန်ဆူရှမ်းကျောင်းထဲ တစ်လုံးကျတယ်။ ပြီးရင် ရပ်ကွက် (၉) နယ်မြေ (၃) မှာ တစ်လုံးကျတယ်။ မန်ဆူဘက်မှာ ကြဲတုန်းကဆိုရင် ပထမလှိုင်းတုန်းက စစ်ရှောင်နေတဲ့ သိန္နီကအဖွဲ့တွေ ငါးယောက် သေတယ်။ ပြီးတော့ ရပ်ကွက် (၉) နယ်မြေ (၃) ထဲမှာက အိမ်ရှေ့မှာ မိုင်းစကျတော့ မိုင်းစက မှန်ကနေပေါက်ပြီး နောက်စေ့ကို ထိသွားတော့ မဝင်းဝင်းဆိုတဲ့ အသက် ၂၅ နှစ်အရွယ် ကလေးမတစ်ယောက်သေတယ်” လားရှိုးမြို့မှာ ဆက်သွယ်ရေး ဖုန်းလိုင်း တွေ ပြတ်တောက်နေတာကြောင့် သေဆုံးသူတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးပါဘူး။ ကိုးကန့် တပ်ဖွဲ့ (MNDAA) က လားရှိုးမြို့ပေါ်က ဆေးရုံ၊ မြို့မဈေး၊ ရဲစခန်း၊ ပြည်နယ်ရဲတပ်ဖွဲ့ရုံး၊ ခလရ – ၄၁၊ ခမရ – ၅၀၇၊ ခလရ – ၆၈ နဲ့ ဘူတာရပ်ကွက်မှာရှိတဲ့ ဆင်တောင်အသံလွှင့်ရုံ စတဲ့နေရာတွေကို အပြည့်အဝထိန်းချုပ်ထားပြီး မြို့အုပ်ချုပ်ရေးကို စတင်မယ်လို့ ဇူလိုင် ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

MNDAA က သတင်းမထုတ်ပြန်ခင် တစ်ရက်အလို ဇူလိုင် ၂၇ ရက်နေ့ ညပိုင်းမှာ UWSA “ဝ” တပ်ဖွဲ့ဝင်တွေ လားရှိုးမြို့ကို ဝင်ရောက်နေရာယူခဲ့ပါတယ်။ လားရှိုးလူထုရဲ့ လိုလားချက်နဲ့ လားရှိုးမှာရှိတဲ့ “ဝ” ဆက်ဆံရေးရုံးနေရာတွေကို ကာကွယ်ဖို့ အတွက် အခုလို ဝင်ရောက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီနဲ့ MNDAA နှစ်ဖွဲ့လုံးကို အကြောင်းကြားထားပြီးဖြစ်တယ်လို့ လားရှိုးမြို့ “ဝ” ဆက်ဆံရေးရုံးတာဝန်ခံ ကိုညီရမ်းက အတည်ပြုပြောပါတယ်။“ဝ”တပ်ဖွဲ့က နှစ်ဖက်တိုက်ပွဲ အခြေအနေတွေပေါ်မှာ အားပေး တာနဲ့ ဝင်ရောက်စွက်ဖက်တာမျိုး လုပ်မှာမဟုတ်ဘူးလို့လည်း ကိုညီရမ်းက ပြောပါတယ်။ တိုက်ပွဲကာလတစ်လျှောက်မှာလည်း “ဝ”တပ်ဖွဲ့က မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ အနီးစပ်ဆုံးနေရာက ပါဝင်နေတာကို တွေ့ရတဲ့အတွက် အခုလားရှိုးဖြစ်စဥ်မှာလည်း မဟာမိတ်အချင်းချင်း ညှိနှိုင်းမှုတွေရှိထားပြီးသား ဖြစ်နိုင်တယ်လို့ ရှမ်းပြည်နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက သုံးသပ်ပါ တယ်။ Read in Full

၂၁။ ကျိုက်ဒုံမြို့ရေကြီးမှုတွင် သေဆုံးသူများရှိ၍ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်နေ
 July 29, 2024

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့ရေကြီးရေလျှံမှုဖြစ်ပွား ရာတွင် သေဆုံးသူများရှိ၍ အရေးပေါ်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်နေရကြောင်း ကျိုက်ဒုံမြို့ခံများက ပြောသည်။ ကျိုက်ဒုံမြို့ရှိ ရပ်ကွက် (၆) ခုအနက် ရပ်ကွက် (၃)ခုတွင် ရေကြီးရေလျှံမှုဒဏ်အပြင်းအထန်ခံနေရပြီး ရေနစ်သေဆုံးသူများရှိ၍ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်နေရခြင်းဖြစ်ကြောင်း ကျိုက်ဒုံမြို့ ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ၎င်းက”ကျိုက်ဒုံမြို့ရပ်ကွက် (၆) ခုမှာ ရပ်ကွက် ၁/၂/၃ က ရပ်ကွက် (၃)ခုက ရေကြီးမှုဒဏ် အပြင်းအထန် ခံနေရတယ်။ ဒီမနက်မှာလည်း ရပ်ကွက် (၂)က ဦးမုန့်လုံး ရေနစ်သေဆုံးသွားတယ်”ဟု ယနေ့တွင် ပြောသည်။ ထို့အပြင် ကျိုက်ဒုံ မြို့တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နေအိမ်များ ရေနစ်မြှုပ်နေပြီး ပြည်သူများ၏ ကူညီကယ်ဆယ်မှုများ လိုအပ်မှုကြောင့် မြို့နယ်ကေအဲန်ယူ-ကရင်အမျိုးသားအစည်း အရုံး တာဝန်ရှိ သူများက ကူညီကယ်ဆယ်ပေးလျက်ရှိကြောင်း ကျိုက်ဒုံမြို့တာဝန်ရှိ သူတစ်ဦးက ပြောသည်။

“မိုးဆက်တိုက်ရွာသွန်းလို့ နေအိမ်တော်တော်များများရေနစ်မြှုပ်ပြီး ပြည်သူတွေလည်း ရွှေ့ပြောင်းနေရတယ်။ ပြည်သူ တွေ အကူအညီလိုတော့ ကော့ကရိတ်မြို့နယ် ဥက္ကဋ္ဌနှင့်ခေါင်းဆောင်တွေ ကိုယ်တိုင်လာရောက်ကူညီနေတယ်”ဟု ကျိုက်ဒုံမြို့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်း၍ ကျိုက်ဒုံမြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား သောကြောင့် နေအိမ် ၆၀၀ လုံးခန့်မှ ဒေသခံပြည်သူများမှာ ကုန်းမြင့်နေရာသို့ ယာယီရွှေ့ ပြောင်းနေထိုင်ရပြီး အရေး ပေါ်အကူ အညီများလိုအပ်လျက်ရှိကြောင်း ကျိုက်ဒုံမြို့ကူညီကယ်ဆယ်ရေးလုပ်သူများက ပြောသည်။ Read in Full

၂၂။ ဟိုင်ဂင်သဘောတူညီချက် အရှိန်မြှင့်ဖို့ နိုင်ငံရေးပါတီဘက်က တရုတ်ကိုတောင်းဆို
 July 30, 2024

တရုတ်ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ ဟိုင်ဂင်သဘောတူညီချက်ကို ဆက်လက်အရှိန်မြှင့်သွားဖို့ စစ်‌ကောင်စီ ခွင့်ပြုပေးထား တဲ့ နိုင်ငံရေးပါတီလေးခုက တရုတ်ခရီးစဉ်အတွင်း တိုက်တွန်းခဲ့တယ်လို့ ပါတီဘက်က ပြောပါတယ်။ ဇူလိုင် ၂၀ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ တရုတ်နိုင်ငံကို လာရောက်ဖို့ ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) တို့ကို တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားခဲ့တာပါ။ အဲဒီခရီးစဉ်အတွင်း မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့နဲ့ စစ်ကောင်စီ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC တို့ရဲ့ ဟိုင်ဂင်သဘောတူညီချက်ကို အရှိန်မြှင့်ဖို့ တရုတ်ဘက်ကို တင်ပြခဲ့တယ်လို့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဌဒေါက်တာအေးမောင် က ပြောပါတယ်။“သူတို့ ဦးဆောင်စီစဉ်ပေးတဲ့ မြောက်ပိုင်း သုံးဖွဲ့နဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးအဖွင့်ပေါ့။ NSPNC နဲ့ တွေ့ဆုံဆွေးနွေးပြီးမှ အဖြေရှာဖို့ အဲဒီဟာကိုအရှိန်မြှင့်ဖို့ ကျွန်တော်တို့ ဘက်ကညွန်းတာ ဟိုင်ဂင်ပေါ့။ ဟိုင်ဂင်သဘော တူညီချက် ဆွေးနွေးပွဲ ၆ ကြိမ်မြောက်အနေနဲ့ဆွေးနွေးကြပါ။ ကျပ်ပေးပါ။ မြန်မာ နိုင်ငံညှိနှိုင်းခြင်းအဖြေရမှပဲ တရုတ်ပြည်လည်း ဆက်စပ်ဖွံ့ဖြိုးတိုးတက်သွားမယ်။ နိုင်ငံရေးတည်ငြိမ်မှုက အင်မတန်အရေးကြီး တယ်။ အဲဒါမျိုးတွေ ကျွန်တော်တို့က တင်ပြတာပေါ့”လို့ ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mrs. Mao Ning ကတော့ မြန်မာနိုင်ငံမြောက်ပိုင်းက အပစ်အခတ်ရပ်စဲရေးနဲ့ငြိမ်းချမ်းစွာ ဆွေးနွေးရေး အရှိန်အဟုန်ကို ထိန်းသိမ်းထားဖို့တွန်း အားပေးသွားမယ်လို့ ဇူလိုင် ၂၅ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဟိုင်ဂင်အစည်းအဝေးဟာ မကြာမီခေါ်ယူမယ့် ကာလုံအစည်းအဝေးပေါ် မူတည်နေပြီးတင်းမာတဲ့ သဘော ထားတွေရှိမယ်ဆိုရင် ထူးခြားတဲ့အပြောင်းအလဲ တွေ ဖြစ်နိုင်စရာမရှိဘူးလို့ သုံးသပ်ပါတယ်။“ဒီတခါ ဟိုင်ဂင်အစည်း အဝေးက ရှမ်းမြောက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်း နိုင်မလား မေးလို့ရှိရင် အဲဒီနေ့မတိုင်ခင် ၃၁ ရက်နေ့မှာ ကျင်းပမယ့် ကာလုံအစည်းအဝေးအပေါ်မှာ မူတည်တယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။ အဲဒီကာလုံအစည်းအဝေးမှာ မင်းအောင်လှိုင်အနေနဲ့ တရုတ်လိုလားတဲ့ ပျော့ပျောင်းတဲ့ အရပ်သားတစ်ပိုင်း အစိုးရ ညွန့်ပေါင်းအစိုးရစတာမျိုး ဖော် ထုတ်မလား။ ဒါမှမ ဟုတ် အရင်အတိုင်းပဲဆက်ပြီး အကြမ်းဖက်လုပ်ငန်းတွေလုပ်ပြီးတော့ စစ်ရေးအရရင်ဆိုင်မလား။ အဲဒီလိုတင်းမာတဲ့ သဘောထားတွေ ရှိမယ်ဆိုရင် ဒီတစ်ကြိမ်ဆွေးနွေးတဲ့ ဟိုင်ဂင်အစည်းအဝေးက လည်း သိပ်ပြီးထူးထူးခြားခြား အပြောင်းအလဲတွေ ဖြစ်နိုင်စရာမရှိပါဘူး”လို့ ဆိုပါတယ်။ Read in Full

၂၃။ လောင်းလုံးက ရွာတစ်ရွာတွင် ကာကွယ်ရေးအဖွဲ့ အတွက် ငွေကြေးအချိုးကျထည့်ဝင်စေသဖြင့် ဒေသခံများအခက်တွေ့
 July 30, 2024

လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုအတွက် ငွေကြေး အချိုးကျသတ်မှတ် ထည့် ဝင်စေသည့်အတွက် အခက်အခဲဖြစ်နေကြောင်း ဒေသခံအချို့က ပြောသည်။ ထားဝယ်နှင့် လောင်းလုံးမြို့ကြားရှိ ကျေးရွာတစ်ရွာ သို့ ဇူလိုင်လ ၂၆ ရက်က လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဇုန်-၃ က တပ်ဖွဲ့ဝင်အချို့ရောက်လာပြီး အစည်း အဝေးပြု လုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ထိုအစည်းအဝေးတွင် ဇုန် – ၃ တပ်ဖွဲ့ အသုံးပြုရန် ကားတစ်စီးလိုအပ်နေကြောင်း ဒေသခံ တို့က ပြောဆိုသည်။“သူတို့က ဒရုန်းတွေဘာတွေသယ်ဖို့ဆိုရင် ဆိုင်ကယ်နဲ့သွားလို့ အဆင်မပြေဘူး။ ကားနဲ့မှ အဆင်ပြေမယ် ဆိုပြီး ကားတစ်စီး ဝယ်ဖို့လိုနေတယ်ပြောတယ်။ အဲဒီအတွက် ရွာသားတွေဝိုင်းပြီး ကူညီပေးကြပါဆိုပြီး ပြော တယ်” ဟု အစည်း အဝေးတက်ရောက်ခဲ့သူတစ်ဦးက ပြော သည်။ ထိုကားဝယ်ရန်အတွက် စပါးရိတ်စက်တစ်စီးပိုင်ဆိုင်သူက ကျပ် ၅ သိန်း၊ လယ် ထွန်စက်အကြီးတစ်စီးပိုင်သူက ကျပ် ၂ သိန်း၊ ခရီးသည်တင်ဟိုက်ဂျက်ကားတစ်စီးပိုင်သူက ကျပ် ၃ သိန်း၊ သုံးဘီးတစ်စီးပိုင်သူက တစ်သိန်းငါးသောင်းကျပ် စသည်ဖြင့် သတ်မှတ်ကောက်ခံကြောင်း ဒေသခံတို့ကဆိုသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ကမူ ထိုကဲ့သို့ ငွေကြေးသတ်မှတ်ချက်ကို ၎င်းတို့အဖွဲ့က သတ် မှတ်ပေးခြင်းမဟုတ်ကြောင်း ပြောဆိုသည်။ “ကျွန်တော်တို့ရဲ့ ရဲဘော်တွေက ကားလိုအပ်လို့ ပြည်သူတွေကို ချပြတာပဲရှိတယ်။ ငွေရေး၊ ကြေးရေး သတ်မှတ်ချက်တွေကို ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ တိုင်ပင်တယ်။ ပြီးတော့ သူတို့ဘာသာသူတို့ (ဘယ် လောက်ကောက်မယ်ဆိုတာကို) ဆုံးဖြတ်တယ်”ဟု‌ ပကဖ ဒုတာဝန်ခံ ရဲဘော်ကြွက်ဖြူ ကပြော ဆိုသည်။ ကားလိုအပ်နေကြောင်း ဒေသခံများကိုပြောပြပြီး မည်သို့ကူညီနိုင်မည်နည်းဟု မေးမြန်းရာ ဒေသခံတို့က ငွေကြေးထည့်ဝင်ခြင်းဖြင့် ကူညီမည်ဖြစ် ကြောင်းပြောဆိုပြီး ငွေကြေးသတ်မှတ်ချက်ကိုလည်း ဒေသခံအချို့ကပင် သတ်မှတ်ပေးခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ ကနဦး တွင် ကျပ်သိန်း ၆၀ ဝန်းကျင် ကားတစ်စီးဝယ်ယူရန်ဟုပြော ဆိုခဲ့သော်လည်း ရွာထဲရှိ ကား၊ သုံးဘီး၊ စပါးရိတ်စက်၊ ထော်လာဂျီ ပိုင်သူများအားလုံးကို အချိုးချပြီး ပေါင်းလိုက်သောအခါ ကျပ်သိန်း ၁၀၀ ဝန်းကျင်ရရှိနိုင်သည်ဟု ခန့်မှန်းခဲ့ကြကြောင်း ဒေသခံတို့ ကဆိုသည်။ ဒေသခံတို့ကမူ ငွေ ကြေးသတ်သတ်မှတ်မှတ်ဖြင့် ကောက်ခံမည့်အစား စေတနာအလျောက် ထည့်ဝင်စေခြင်းကသာ ဖြစ်သင့်ကြောင်း ပြောဆိုသည်။ သို့သော် အစည်းအဝေးတွင် ထိုသို့မပြောရဲသဖြင့် လက်ခံပေးလိုက်ရ သည်ဟုဆိုသည်။  Read in Full

၂၄။ စစ်ရှောင်တစ်သိန်းကျော်အတွက် ရေရှည်ထောက်ပံ့မှုများ လွန်စွာခက်ခဲလာ
 July 30, 2024

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ချွတ်ခြုံလာမှုကြောင့် သျှမ်းပြည်တောင်ပိုင်းက စစ်ဘေးရှောင် တစ်သိန်းကျော်အတွက် ရေရှည်ထောက်ပံ့မှုများ ခက်ခဲသည့် အခြေအနေရောက်ရှိနေကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး PYO ကထုတ်ပြန်သည့် သုတေသနစာတမ်းတွင်ဖော်ပြထားသည်။ စစ်ဘေးရှောင်အခြေအနေများသည် အာဏာ သိမ်းပြီးကာလနှင့် ယခုကာလနှိုင်းယှဉ်ပါက အခြေအနေများ မတူညီတော့ဘဲ တိုက်ပွဲများကြောင့် သျှမ်းပြည်တောင်ပိုင်းတွင် စစ်ဘေးရှောင် ဦးရေ တစ်သိန်းနီးပါးအထိ မြင့်တက်လာနေသည်ဟု ဇူလိုင် ၂၉ ရက်တွင် ပအိုဝ်းလူငယ်အစည်းအရုံး PYO မှ ထုတ် ပြန်သော စစ်အာဏာရှင်စနစ်ဆိုး၏မြေစာပင် သုတေသနစာတမ်းတွင် ဖော်ပြထားသည်။ စစ်ဘေးရှောင် သုံးပုံ နှစ်ပုံခန့် အခြေခံ စားဝတ်နေရေး လက်လှမ်းမီနိုင်ရန် အခက်အခဲ၊ စိတ်ခေါ်ချက်များစွာဖြင့် အရေးပေါ်လိုအပ်မှု ပမာဏပိုပိုမြှင့်မားလာနေဆဲဖြစ် ပြီး၊ နီးစပ်ရာ တောတောင်နှင့် ဒေသများတွင် စစ်ဘေးတိမ်းရှောင်နေရဆဲသော ပြည်သူများလည်း အများအပြားရှိနေဆဲဟု ပအိုဝ်းလူငယ်အစည်းအရုံး PYO မှဝာာဝန်ခံ လီလီ ကပြောသည်။

လက်ရှိ စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့မှုများတွင် တချို့သော အကူအညီများမှာ ဟန့်တားခံရခြင်း အထူး သဖြင့်ဆေးဝါးများကို ဟန့်တားခြင်းကြောင့် စစ်ဘေးရှောင်ကျန်းမာရေးစောင့်ရှောက်မှုအပေါ် ထိခိုက်လာကြောင်း ဆိုသည်။ ယခု ၂၀၂၄ ခုနှစ်အတွင်း စားနပ်ရိက္ခာ၊ ဆေးဝါး အခက်ခဲအမျိုးမျိုးကြောင့် စစ်ဘေးရှောင်များ စစ်ရှောင်နေစဉ် ကာလအတွင်း မသေသင့်ဘဲ သေဆုံးရသူ ၁၀ ရာခိုင်နှုန်းရှိသည်ဟု ပအိုဝ်းလူငယ်အစည်းရုံးကပြောသည်။ မလုံခြုံမှုအခြေအနေများကြောင့် သေဆုံးခဲ့ရသည့် အသက်အရွယ်ပေါင်းစုံ အရပ်သား ၉၆ ဦးရှိသည့်အပြင် ကိုယ်ခန္ဓာထိခိုက်ဒဏ်ရာသွားသည့် အရပ်သား ၁၄၂ နှင့်၊ စိတ်ပိုင်းဆိုင်ရာထိခိုက် ဒဏ်ရာရသည့် အရပ်သား အမြောက်အများမရေမတွက်နိုင်အောင်ရှိခဲ့ပြီဟုလည်း စားတမ်းတွင်ဖော်ပြထားသည်။ စစ်ဘေးရှောင်များကို လူသားချင်းစာနာအကူညီပေးနေသည့် နိုင်ငံတကာအဖွဲ့အစည်းများလည်း အာဏာရှိသည့် စစ်ကောင်စီထံမှတစ်ဆင့် ထောက်ပံ့မှုများပေးနေသော ကြောင့် တကယ်မြေပြင်တွင် လိုအပ်နေသော စစ်ဘေးရှောင်များထံသို့ ရောက်မလာနိုင်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO တာဝန်ခံ ခွန်ဦး ကပြောသည်။“နိုင်ငံတကာကအကူအညီတွေကို အာဏာရှိတဲ့သူတွေက ကိုင်ထားပြီးတော့ ဒီကနေမှ တစ်ဆင့်လူထုကို ပြန်ပြီးတော့မှပေးတယ်ဆိုတဲ့ဟာ။ နိုင်ငံတကာလူသား ချင်းစာနာ ထောက်ထားမှုဆိုတဲ့ခေါင်းစဉ်ကတော့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူငယ်တွေ၊ လူမှုအသင်းအဖွဲ့ကနေတစ်ဆင့် သွားဖို့လိုတယ်” ဟု ခွန်ဦးက ပြောသည်။ Read in Full

၂၅။ မွတ်ဆလင်များအား အတင်းအကျပ် စစ်မှုထမ်းခြင်းမှ ရပ်တန့်ရေး Fortify Rights တောင်းဆို
 July 29, 2024

ရခိုင်ပြည်နှင့် အခြားနေရာဒေသများတွင် မြန်မာစစ်ကောင်စီ၏ တရားမဝင် အတင်းအကျပ်စစ်မှုထမ်းခေါ်ဆောင်ခြင်း လှုပ်ရှားမှုကို ရပ်တန့်ရမည်ဟု Fortify Rights အဖွဲ့က ဇူလိုင်လ ၂၆ ရက်တွင် တောင်းဆိုလိုက်သည်။ ဘင်္ဂလားဒေ့ရှ်တွင် လှုပ်ရှား သော မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် မွတ်ဆလင်ဒုက္ခသည်များအား အတင်းအကျပ်ဖမ်းဆီး ခေါ်ဆောင်နေခြင်းကို လည်း ရပ်တန့်တားဆီးသင့်သည်ဟု ဆိုသည်။  Fortify Rights ၏ စုံစမ်းစစ်ဆေးမှုအသစ်အရ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများမှ မွတ်ဆလင်က္ခသည်များကို အတင်းအကြပ်ဖမ်းဆီးကာ  မြန်မာနိုင်ငံသို့ ပို့ ဆောင်နေကြောင်း သိရသည်။  ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် မွတ်ဆလင်ဒုက္ခသည်များမှာ စစ်ကောင်စီထံ အတင်းအကျပ် စစ်မှုထမ်းနေရ၍ ယင်းလုပ်ရပ်များသည် ဥပဒေချိုးဖောက်မှုနှင့် လူကုန်ကူးမှု မြောက်သည်ဟု Fortify Rights က ဆိုသည်။ Fortify Rights မှ Human Rights Associate ဖြစ်သူ Ejaz Min Khant က ” မြန်မာစစ်ကောင်စီက ကျူးလွန်လျက်ရှိတဲ့ လူမျိုးတုံး သတ်ဖြတ်မှုကနေ လွတ်မြောက်လာတဲ့ ရိုဟင်ဂျာတွေဟာ အခုဆိုရင်သူတို့အပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကျူးလွန်ထားတာ တွေအတွက် အဓိကတာဝန်ရှိသူတွေရဲ့ စစ်မှုထမ်းတပ်သားအဖြစ်ပါဝင်ဖို့ အတင်းအကျပ် ခိုင်းစေခံနေရပါတယ်။”ဟု ပြော သည်။

မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ယုံကြည်ရသော လက်နက်ကိုင်အမျိုးသားများ က ဒုက္ခသည် စခန်းတစ်ခုမှ အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့သည်ဟု အသက် ၁၇ နှစ်အရွယ် မွတ်ဆလင်ဒုက္ခသည် လူငယ် တစ်ဦးက ပြောသည်။ “သူတို့က ကျွန်တော့်ကို သေနတ်နဲ့ ချိန်၊ မျက်စိကို အဝတ်နဲ့ ပိတ်စည်းပြီး လက်တွေ၊ ခြေတွေကို ကြိုးနဲ့ ချည်ပြီး အဲဒီကနေ ဖမ်းခေါ်သွားကြတယ်။ ပြီးတော့ ကျွန်တော့်ကို မြန်မာနိုင်ငံကို ခေါ်လာတယ်။ ” ဟု ဆိုသည်။ ဘင်္ဂလားဒေ့ရှ် အစိုးရက မွတ်ဆလင်ဒုက္ခသည်များကို အကာအကွယ်ပေးရန် လိုအပ်သလို တကမ္ဘာလုံးကလည်း ဦးစားပေးအဆင့် သတ်မှတ်ရန် လိုအပ်ကြောင်း Fortify Rights အဖွဲ့က ဆိုသည်။ Ejaz Min Khant က “ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာ ဘေးကင်းလုံခြုံမှုရှိ နေရမယ့် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာဒုက္ခသည်တွေကို အတင်းအကြပ် စစ်မှုထမ်းစေခြင်းကနေ ကာကွယ်ပေးဖို့ လိုအပ်ပါ တယ်။ ” ဟု ပြောသည်။  Read in Full

၂၆။ မိုးဗြဲရေကာတာ ဖွင့်ချမှုကြောင့် လယ်ဧက ၁,၀၀၀ ကျော်နစ်မြှုပ်ပြီး ဒေသခံ​ ၁,၅၀၀ ဝန်းကျင် ရေဘေးသင့်​
 July 29, 2024

စစ်ကောင်စီက မိုးဗြဲရေကာတာ ရေတံခါးဖွင့်ချမှုကြောင့် လွိုင်ကော်နှင့်   မိုးဗြဲမြို့နယ်တွင် လယ်ဧက ၁,၀၀၀ ကျော် ရေနစ်မြှုပ်ကာ ဒေသခံ ၁,၅၀၀ ဝန်းကျင်ရေဘေးသင့်၍  နေရာပြောင်းရွေ့နေရကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်​ရေး​ကောင်စီ (IEC)နှင့် ကူညီ​ကယ်ဆယ်​ရေး​ဆောင်ရွက်​ပေးနေသူများထံမှ သိရသည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးထား သည့်စပါးများနှင့် လယ်ယာသုံးပစ္စည်းများနစ်မြှုပ်ခြင်း၊ ညဘက်ရေတက်မြန်ဆန်သည့်အတွက် ဒေသခံအချို့၏ အသုံးအဆောင် ပစ္စည်းများ ရေထဲမျောပါ သွားခြင်းများရှိကြောင်း သိရသည်။“လတ်တလောကတော့ လယ်ဧက တော်တော်များများရေမြှုပ် သွားတယ်။ ရွာတွေကတော့ ဘုရားဖြူ၊ ဘုရားနီ၊ ဖောင်းတောပေါ့။ လွိုင်ကော်မြို့နယ်ထဲက အဲ့ဒီရွာသုံးရွာကတော့ ရေအောက် အကုန်လုံးတော့ မရောက်သေးဘူးပေါ့။ ရေတော်တော်မြှုပ်သွားတဲ့အနေအထားမှာရှိတယ်”ဟု ကူညီကယ်ဆယ်ရေး ဆောင်ရွက် နေသူတဦးက ပြောသည်။ လက်ရှိ ရေမြင့်တက်​နေမှုမှာ မိုးရာသီတွင် မိုးဗြဲဆည်မှ ပုံမှန်ရေလွှတ်သည့် ပမာဏထက် ၁၅ ပေခန့် ပိုမိုမြင့်တက်နေကြောင်းလည်း အဆိုပါ စစ်ဘေးရှောင်ကူညီသူက ခန့်မှန်းသည်။

ထို့ပြင် ဘီလူးချောင်းရေမှာ ဇူလိုင်လ ၂၇ ရက်နေ့ မနက်ပိုင်းက စတင်ပြီး ယနေ့အထိ ထပ်မံမြင့်တက်လာခြင်းမရှိသော် လည်း ဘီလူးချောင်းမှ စီးဆင်းသည့် အင်းများတွင် ရေများတဖြည်းဖြည်းတိုးလာနေကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက် ပေးနေသူများထံမှ သိရသည်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကလည်း စစ်ကောင်စီ၏ ခမရ (၄၂၂) တပ် က ဇူလိုင်လ ၂၅ ရက်နေ့ နံနက်အ​စောပိုင်းက စပြီး မိုးဗြဲရေကာတာ တံခါးကို အဆင်အခြင်မဲ့ ဖွင့်ချလိုက်မှုကြောင့် ၂၄ နာရီ အတွင်း ဘီလူးချောင်းရေ ရှစ်ပေခန့် မြင့်တက်သွားခဲ့ကြောင်း ဇူလိုင်လ ၂၅ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် မိုးဗြဲအင်း၊ ဖာလိုင်အင်း၊ ဘုရားနီ၊ ဘုရားဖြူနှင့် ဖောင်းတောကျေးရွာတို့တွင် ရေကြီးမှုများဖြစ်ပေါ်ပြီး ဘီလူးချောင်း၏ ဘေးဝဲယာ တလျှောက်ရှိ စပါးခင်းဧက ၁,၀၀၀ ခန့် ရေနစ်မြုပ်ပြီး ပျက်စီးဆုံးရှုံးနိုင်ကြောင်း IEC က ခန့်မှန်းခဲ့သည်။ “​ရေလွှမ်းဧကက အရမ်း များလွန်းသွားတယ်​ပေါ့​နော်။ အဲ့ဒီလိုမျိုး​တော့ရှိတယ်။ အကြမ်းဖျဥ်း​ပြောရရင်​တော့ စနစ်တကျ​ဖောက်ချတဲ့ စနစ်မရှိဘဲနဲ့ ​ရေကို စိတ်ထင်ရာ​ဖောက်ချတဲ့အတွက်​ကြောင့် ပိုပြီး​တော့မှ အန္တရာယ်နဲ့ကြုံ​တွေ့ရတယ်လို့ ကျွန်​တော်တို့​ပြောလို့ရတယ်”​ဟု ဦးဗညား က​ပြောသည်။ လက်ရှိတွင် ရေ​ဘေးသင့်ပြည်သူများအတွက် ​အ​ရေး​ပေါ် ​သောက်​ရေသန့်၊ အမိုးအကာများနှင့် ဆေးဝါးများ အဓိက လိုအပ်ချက်ရှိ​နေ​ကြောင်း သိရသည်။ Read in Full

၂၇။ သံတွဲမှာ တံတားကျိုးပြီး စစ်ရှောင်ကလေးများ အပါအဝင် ၇ ဦးထက်မနည်းသေဆုံး
 July 29, 2024

ရခိုင်ပြည် သံတွဲမြို့နယ်တွင် မိုးကြီးနေ၍ တောင်ကျချောင်း ရေစီးပြင်းထန်မှုကြောင့် ကျွဲအိုတံတား ကျိုးကျရာတွင် စစ်ဘေးရှောင် ကလေးငယ်များအပါအဝင် ဒေသခံ ၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲပြင်းထန်နေသည့် ဂျိတ္တောဖက်က စစ်ရှောင်ဒေသခံများမှာ သံတွဲမြို့ အနီးရှိ ကျွဲအိုတံတားကို ဖြတ် သန်းနေစဉ်မှာ တံတားကျိုးကျသွားခြင်းဖြစ်ပြီး စစ်ဘေးရှောင် ၇ ဦးထက်မနည်း သေဆုံးခဲ့ကာ ကလေး ၃ ဦး၏ ရုပ်အလောင်း များကို ရှာဖွေရရှိထားသည်ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။“ဂျိတ္တောမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေကြတာကြောင့် ဒေသခံတွေက သံတွဲဖက်ကို စစ်ရှောင်လာကြတာလို့ သိရတယ်။ အဲဒီမှာ ကျွဲအိုတံတားအရောက်မှာ တံတားပြိုကျပြီးတော့ စစ်ဘေးရှောင် ၇ ဦးထက်မနည်း သေဆုံးသွားတယ်လို့ သိရတယ်။ အခုတော့ ဆယ်ကျော်အသက်အရွယ် ကလေး ၃ ဦးရဲ့ ရုပ် အလောင်းတွေကို တွေ့ထားတယ်လို့ သိရတယ်။ အဲဒီရက်ပိုင်းက သံတွဲမှာက ရေကြီးနေတာကြောင့် ရေစီးကြောင့် တံတားက ကျိုး ကျသွားတာဖြစ်နိုင်တယ်” ဟုပြောသည်။

လက်ရှိမှာ ပျောက်ဆုံးနေသူများကိုလည်း ဆက်လက်ရှာဖွေမှုများပြုလုပ်နေကြသည်ဟုလည်း သိရသည်။ သံတွဲမြို့နယ် အတွင်းမှာ ဖုန်းလိုင်းများပြတ်တောက်နေသည့်အတွက် တံတားကျိုးကျပြီး သေဆုံးသွားသူများ၏ အမည်နှင့်အသက်များကို အတိအကျရရှိဖို့ ခက်ခဲနေဆဲဖြစ်သည်။“အခုကသံတွဲမှာက ဖုန်းလိုင်း၊ အင်တာနက်ပြတ်တောက်နေတော့ ဆက်သွယ်ရေး အခက်ခဲ့ရှိတယ်။ တံတားကျိုးပြီး သေဆုံးသူတွေရဲ့ အမည်အသက်တွေကို စုံစမ်းနေကြဆဲဖြစ်တယ်”ဟု သံတွဲ စစ်ဘေးရှောင် တစ်ဦးကပြောသည်။ သံတွဲမြို့နယ်အတွင်းမှာ တိုက်ပွဲကာလ အတွင်းပျောက်ဆုံးနေသည့် အရပ်သား ရာနှင့်ချီပြီး ရှိနေ သည်ဟု ဒေသခံများထံက သိရသည်။ သံတွဲမြို့နယ်အတွင်းတိုက်ပွဲကာလ ၃ လကျော်အတွင်းမှာ အာရက္ခတပ်တော်က စစ်ကောင်စီတပ် ရင်းနှစ်ခုနှင့် သံတွဲမြို့တို့ကို သိမ်းပိုက်ထားပြီး လက်ကျန်တပ်ရင်းဖြစ်သည့် မောင်ရွှေလေးရေတပ်ကို AA က ထိုးစစ်ဆင်တိုက် ခိုက်နေခြင်းဖြစ်သည်။ Read in Full

၂၈။ ဟိုပုံး နဲ့ရပ်စောက် ရွာတွေမှာ လက်နက်ကိုင်အဖွဲ့တွေ ညမထွက်ရအမိန့်ထုတ်လို့ ဒေသခံတွေ အခက်အခဲဖြစ်
 July 29, 2024

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုန်းနဲ့ ရပ်စောက်မြို့နယ်က ကျေးရွာအချို့မှာ လက်နက်ကိုင်အဖွဲ့တွေက ညမထွက်ရကန့် သတ်လို့ ဒေသခံတွေ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ဟိုပုံးမြို့နယ်က မိုင်းပျဉ်း၊ လဲသက် တိုက်နယ်ကကျေးရွာတွေနဲ့ ရပ်စောက်၊ အင်တော ကျောက်ဂူဘက်က ကျေးရွာတွေကို ယင်းနယ်မြေတွေမှာ လှုပ်ရှားနေတဲ့ SSPP၊ UWSA တပ်တွေက ညမ ထွက်ရ ကန့်သတ်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။“မနက် ၈ နာရီက ညနေ ၄ နာရီအထိတဲ့၊ ခြံလဲ အစောကြီးသိမ်း ပြန်ရတယ်၊ တရားဝင်စာထုတ်တာတော့ မရှိဘူး၊ အဲလို ပြောထားတာကြားလို့ မထွက်ရဲကြဘူး၊ ပစ်ခံ ဖမ်းခံရမှာစိုးလို့ ခြံတွေ လည်း သိပ်မသွားရဲကြဘူး၊ ခြံသမားတွေတအားဒုက္ခရောက်နေကြတယ်” လို့ မိုင်းပျဉ်းတိုက်နယ်၊ ဖာလဲ ဒေသခံတစ်ဦးက ပြောပါ တယ်။ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းတိုက်နယ်အတွင်း စမ်အော့၊ ကျည်တော်၊ ကျောက်ငှက်၊ ဖာလဲ၊ နားယောင်း၊ နမ့်ခုတ်၊ နားပုံ ကျေးရွာတွေဘက်နဲ့ ရပ်စောက်၊ အင်တော၊ ကျောက်ဂူ၊ အုံးကွဲ ရွာတွေဘက်မှာ SSPP၊ UWSA တပ်တွေ လှုပ်ရှားနေတာအပြင် စစ်ကောင်စီတပ်တွေလဲ အတူတွေ့ရတယ်လို့ ဆိုပါတယ်။

“ကျမတို့တော့နားမလည်ဘူး၊ ရှမ်းတပ်နဲ့ စစ်တပ်က ဂိတ်တွေနီးနီးလေး ကားတွေ လူတွေကို စစ်တာလဲအတူတူပဲ၊ အခြားတိုင်းရင်းသားတွေနဲ့ တိုက်နေကြတယ်လို့သိထားတာ၊ ဒီမှာတော့ သူငယ်ချင်းတွေကြနေတာပဲ၊ သူတို့ကို တပ်ကားတွေနဲ့ တင်ပြီးလာပို့တာ ၀ တွေလဲပါတယ်”လို့ ရပ်စောက်ဒေသခံတစ်ဦးက ပြောပါတယ်။ ကျောက်မဲကနေ အင်တော-ကျောက်ဂူ-ရပ်စောက်လမ်းအတိုင်းစစ်ရှောင်လာတဲ့ မိသားစုကလည်း လမ်းမှာ စစ်တပ် ၁ ဂိတ်၊ SSPP  ၁ ဂိတ်တွေ့ခဲ့ရပြီး SSPP ဂိတ်တွေက ငွေမတောင်းသော်လည်း စစ်ကောင်စီဂိတ်က ငွေတောင်းပြီး စစ်ဆေးမှုတွေလုပ်တယ်လို့ ကျောက်မဲစစ်ရှောင်တစ်ဦးက ပြောပါ တယ်။“အထက်ရဲရွာလမ်းမှာ SSPP  က စစ်တပ်ကားကို မှားပစ်လို့ စစ်တပ်က ၉ ယောက်ကျတယ်ဆိုတဲ့ မီးလောင်ထားတဲ့ ကား ကို တွေ့ခဲ့ရတယ်၊ လမ်းမှာလည်း ကိုက် ၁၀၀ စီလောက်မှာ တပ် ၁ဂိတ်၊ ရှမ်း ၁ ဂိတ်ပဲ”လို့ သူက ပြောပါတယ်။ လက်ရှိမှာ မြောက်ပိုင်းမဟာမိတ် FPNCC အဖွဲ့ဝင် MNDAA, TNLA, AA, KIA တို့က စစ်ကောင်စီကို အပြင်းအထန်တိုက်ခိုက်နေပြီး UWSA, SSPP တို့ဟာ စစ်ကောင်စီနဲ့ မတိုက်ပဲ မိုင်းရယ်၊ တန့်ယန်း၊ လားရှိုးမြို့တွေမှာ နေရာဝင်ယူထားပြီး NDAA ကတော့ မိုင်းယောင်း နယ်ထဲ ခဏဝင်ရောက်ပြီး ပြန်ထွက်ခွာသွားတယ်လို့ သိရပါတယ်။ Read in Full

၂၉။ ထားဝယ်မှာ စစ်လက်ကျန်ဗုံးသီး ပေါက်ကွဲပြီး ကလေးနှစ်ဦး သေဆုံး
 July 29, 2024

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ တောင်သုံးလုံးရွာမှာ ဇူလိုင်လ ၂၈ ရက်နေ့က မပေါက်ကွဲသေးတဲ့ ၄၀ မမ ဗုံးသီးကို ဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်ပွားတာကြောင့် ကလေးနှစ်ဦး သေဆုံးပြီး နောက်ထပ် ကလေးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အသက် ၂ နှစ်ခွဲနဲ့ ၄ နှစ်အရွယ် ကလေးနှစ်ဦး သေဆုံးတာဖြစ်ပြီး ဒဏ်ရာရတဲ့ ၄ နှစ်အရွယ် နောက် ထပ် ကလေးတစ်ဦးကတော့ မစိုးရိမ်ရဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။“ကလေးတစ်ယောက်တော့ ပွဲချင်းပြီး ဆုံးတယ်။ နောက် ကလေးတစ်ယောက်ကတော့ ဆေးရုံခေါ်သွားရင်းနဲ့ လမ်းမှာပဲ ဆုံးတယ်။ တောင်သုံးလုံးဒေသက ပြီးခဲ့တဲ့ တစ်ခေါက် တုန်းက စစ်ကာင်စီက လေကြောင်းကနေ ဗုံးကြဲတာတို့၊ မီးရှို့တာတို့ လုပ်ခဲ့တဲ့ ဒေသ။ အဲဒီမှာ ကျန်ခဲ့တဲ့ ၄၀ မမ ဗုံးသီးကို ကလေးတွေကယူဆော့မိတာ” ပြီးခဲ့တဲ့ မေလအတွင်းက တောင်သုံးလုံးဒေသကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာ မြေပြင်စစ်ကြောင်းတွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကလည်း ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်က မူလတန်းကျောင်းထဲမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာ ကြောင့် အသက် ၉ နှစ်အရွယ် တတိယတန်း ကျောင်းသားတစ်ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။ Read in Full

၃၀။ ဘားအံ-သထုံကားလမ်း ရေကြီးမှုကြောင့် ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ပင်
 July 29, 2024

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်လမ်းပိုင်းဖြစ်တဲ့ ဘားအံ – သထုံကားလမ်းမှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေတဲ့အတွက် ဖြတ် သန်းသွားလာခွင့် ယာယီပိတ်ပင်ထားတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်‌ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ သံလွင် မြစ်ရေနဲ့ဒုံသမိချောင်းရေ မြင့်တက်နေတာကြောင့် ဘားအံ – သထုံကားလမ်းပေါ်က မြိုင်ကလေးနဲ့ ဒုံသမိဘက်ခြမ်းက နေရာ ၄ ခုထက်မနည်း လမ်းရေကျော်မှု ဖြစ်ပွားနေတာပါ။ “မြိုင်ကလေးဘက်ခြမ်းမှာဆို ၃ နေရာလောက်ရှိတယ်။ သထုံဘက်ခြမ်းမှာ နှစ်နေရာလောက်ကျော်တယ်။ အနည်းဆုံး ၂ ပေခွဲ ၃ ပေလောက်ရှိနိုင်တယ်။ ကားကြီးတွေကအစ သွားလာလို့မရဘူး”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ ဇူလိုင် ၂၉ ရက်နေ့ မနက် ၁၀ နာရီကျော်ထိရေပြန်မကျသေးတာကြောင့် ကားတွေဖြတ်သန်းသွားလာ တာတွေလုပ်လို့မရသေးဘူးလို့ ဆိုပါတယ်။

ကားလမ်းရေကျော်နေတာကြောင့် ဘားအံ – သထုံကားလမ်းပေါ်မှာ ခရီးသွားကား ၁၀၀ နီးပါးဟာ မြိုင်ကလေးနဲ့ သထုံ ဘက်ခြမ်းတွေမှာ ပိတ်မိနေတာတွေရှိနေပါတယ်။ ရေကြီးရေလျှံမှုကြောင့် မြိုင်ကလေးဘက်ခြမ်းမှာ ကျေးရွာပေါင်း ၂၀ နီးပါးနဲ့ သထုံဘက်ခြမ်းမှာ ကျေးရွာ ၁၀ ရွာကျော်ရေနစ်မြုပ်နေပြီး ဒေသခံ‌ ထောင်နဲ့ချီ ရေဘေးလွတ်ရာအမြင့်ပိုင်းတွေမှာ ပြောင်းရွေ့ နေထိုင်နေကြရပါတယ်။ ရေကြီး‌ရေလျှံမှုနဲ့အတူ သွားရေးလာ‌ရေး အခက်အခဲတွေကြောင့် ရေဘေးသင့်ပြည်သူတွေမှာ ရေသန့်နဲ့ စားသောက်စရာလိုအပ်ချက်ရှိနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ကစတင်ပြီး သံလွင်မြစ်ရေ၊ ဘီးလင်းမြစ်ရေ၊ တောင်ကျချောင်းရေတွေကြောင့် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က မြို့နယ်အနှံအပြားမှာ ရေကြီးနစ်မြုပ်တာတွေ ဖြစ်ပေါ်နေ တယ်လို့ သိရပါတယ်။ Read in Full

၃၁။ စစ်ကောင်စီ ဖမ်းဆီးသွားသည့် အမ်းက အလယ်တန်းပြ ကျောင်းဆရာ မိသားစုနှင့် အဆက်အသွယ်မရသေး
 July 29, 2024

ရခိုင်ပြည် အမ်းမြို့နယ်အမှတ် ၂ ရပ်ကွက်မှအလယ်တန်းပြကျောင်းဆရာတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇူလိုင်လ ၂၃ ရက်နေ့က ဖမ်းဆီးသွားပြီး မိသားစုဝင်များမှာ ယခုအချိန်အထိ အဆက်အသွယ် မရသေးကြောင်း သိရသည်။ ဖမ်းဆီးခံရသည့် ကျောင်းဆရာမှာ အမှတ် ၂ ရပ်ကွက်နေ အသက် ၄၀ အရွယ်ရှိ ဦးတင်မိုးထွန်းဖြစ်ပြီး မိသားစုဝင်များကို စစ်ကောင်စီ က အကြောင်းကြားမှု လုံးဝမရှိသေးကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။ “၂၃ ရက် မနက်ပိုင်းက ဖမ်းသွားတာပါ။ အိမ်က ဖမ်း သွားတာတော့ မဟုတ်ဘူး။ သူ့ကို ရဲစခန်းကဆင့်ခေါ်တယ်။ ပြီးတော့ ပြန်မလွှတ်ဘဲ ဖမ်းထားလိုက်တာ။ အခု ရဲစခန်းမှာလည်း မရှိဘူး။  စခန်းကနေ ဘယ်ကို ယူသွားလဲ မသိဘူး။ စခန်းကလည်း ဘာတစ်ခုမှ မပြောဘူး။ ” ဟု ပြောသည်။ ကျောင်းဆရာ ဦးတင်မိုးထွန်းမှာ အမ်းမြို့နယ် ကြောင်ဖြူကွင်းကျေးရွာမှာ တာဝန်ကျနေခြင်းဖြစ်ပြီး မြို့မရဲစခန်းက အကြောင်းမဲ့ဆင့်ခေါ်ကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။ ” ဘာကြောင်းပြချက်နဲ့ ဖမ်းတာလဲ မသိရဘူး။ မိသားစုကို အဆက်အသွယ်လည်း မလုပ် ကြဘူး။ အိမ်ပြန်မရောက်လို့ စခန်းသွားမေးမှ သိရတာ။ ဖမ်းသွားတယ်ဆိုတာကို ဘယ်နေရာမှာထိန်းသိမ်းထားလဲ သေချာမသိရ သေးဘူး။ ” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

အမ်းမြို့နယ်မှာ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံများကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြောင်းအမျိုးမျိုးပြ၍ မကြာခဏ ဖမ်းဆီးမှုများရှိနေကြောင်း စုံစမ်းသိရသည်။  ဖမ်းဆီးခံရသူအများ စုသည် မတရားအသင်ဆက်သွယ်မှုပုဒ်မ၊ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုပုဒ်များဖြင့် စစ်ကောင်စီက မတရားဖမ်းဆီးနေခြင်းဖြစ် သည်။ ယင်းအပြင် အာဏာသိမ်းစစ်ကောင်စီသည် အမ်းမြို့နယ် ဆင်ပွတ်၊ငပြယ်၊ သင်္ဂနက်၊ သပြုချောင်း၊ ပိန္နဲပင်၊ တောင်စောက်၊ နေပဆေး၊လုံးတုံ၊ လော်ဟိန်းစံပြစသော အခြေခံပညာရေးကျောင်းက ဆရာ၊ဆရာမ ၇၁ ဦးကို ကျောင်းမရောက်သည့်အကြောင်း ပြချက်ဖြင့် ယခုနှစ် ဇွန်လတွင် အလုပ်မှထုတ်ပယ်ခဲ့ကြောင်း သိရသည်။ Read in Full

၃၂။ ဖားကန့်မှာ တုံကင်စနစ်နဲ့ တစ်နာရီမှာ ကျပ် ၂ သောင်းကျပ်ပေးပြီး အင်တာနက်သုံးနေရ
 July 29, 2024

ကချင်ပြည်နယ် ဖားကန့်မြို့မှာ အင်တာနက်လိုင်းသုံးရဖို့ တုံကင်စနစ်နဲ့တန်းစီနေရပြီး တစ်နာရီ ကျပ် ၂ သောင်းပေးပြီး သုံးနေရတယ်လို့ ဖားကန့်မြို့ခံတွေကပြောပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်း၊ အင်တာ နက်လိုင်းပြတ်တောက်သွားတဲ့နောက် ဖားကန့်မြို့နယ် ပြည်သူတွေ IP Star နဲ့ Star link တပ်ဆင်ထားတဲ့ဆိုင်တွေမှာ တုံကင် စနစ်နဲ့တန်းစီနေပြီး တစ်နာရီကို ကျပ် ၂ သောင်းပေးပြီးသုံးနေရတယ်လို့ ဖားကန့်မြို့ခံတစ်ဦးက ပြောပါတယ်။“ဆိပ်မူမှာက နာရီဝက် တစ်နာရီ တန်းစီစောင့်ရင်ရတယ် တုံကင်နံပါတ်နဲ့ ဘယ်နေ့ ဘယ်အချိန်ရမယ် မသိဘူး။ နာရီဝက် သုံးမိနစ်နောက်ကျ တာနဲ့ တခြားလူ နေရာဝင်ယူပဲ”လို့ပြောပါတယ်။ ပြည်သူတွေဟာ အင်တာနက်လိုင်းသုံးရဖို့ တုံကင်နံပါတ်နဲ့တန်းစီစောင့်နေရပြီး တစ်ခါတစ်လေ အလှည့်ရောက်ဖို့ ၂ ရက်ခန့် စောင့်ရတဲ့သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ ဖားကန့်မြို့တွင်း အင်တာနက်လိုင်းသုံးရတဲ့ ဆိုင်တွေဟာ လုံးခင်းမှာတစ်ဆိုင်၊ ဆိပ်မှုနဲ့ ငှက်ပျောတောရပ်ကွက်တွေမှာ သုံးလို့ရနေတယ်လို့ ဖားကန့်ပြည်သူတစ်ဦးက ဆက်ပြောပါတယ်။

ခုလို ဖုန်း၊ အင်တာနက် ဖြတ်တောက်ခံထားရတဲ့အတွက် ငွေလွှဲ၊ ငွေထုတ်ခက်ခဲသွားပြီး ကုန်သည်များ ကုန်ပစ္စည်းမှာ ယူဖို့ခက်ခဲနေကြတာကြောင့် ကုန်အဝင်နည်းပြီး ကုန်စျေးနှုန်းတွေလည်း ပိုတက်လာနေတယ်လို့ သိရပါတယ်။ “လုပ်ငန်းလုပ် သူတွေ မန်းလေး ရန်ကုန်ကိုငွေလွှဲပစ္စည်းမှာဖို့မရဘူး၊ ကျောက်သမားတွေ ကျောက်ကယ်ရီ ရောက်မရောက် ဖုန်းဆက်လို့မရဘူး၊ ကျောက်ပွဲစားတွေ အစရှိသဖြင့် ပြည်သူတွေ လုပ်ငန်းတွေ အဆင်မပြေကြတော့ဘူး”လို့ပြောပါတယ်။ ဒါ့အပြင် ကျောက် အရောင်းအဝယ်လုပ်သူတွေ၊ အွန်လိုင်းကနေ ပညာလေ့လာနေတဲ့ကျောင်းသားတွေ၊ အွန်လိုင်း စျေးသည်များအပါအဝင် ပြည်သူ တွေအဖက်ဖက်ကနေ ခက်ခဲနေပြီး သတင်းသိရှိဖို့လည်း ခက်ခဲသွားပြီဖြစ်တယ်လို့ ဖားကန့်ပြည်အမျိုးသားတစ်ဦးက ခုလိုပြောပါ တယ်။ ဖားကန့်မြို့မှာ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်ကအာဏာသိမ်းတဲ့နောက် ၇ လအကြာ ဩဂုတ်လကစပြီး  ဖုန်းအင်တာ နက် Mobile Data နှင့် Wifi များ၊ ဖုန်းအော်ပရေတာလိုင်းအားလုံးပြတ်တောက်သွားတာဖြစ်ပါတယ်။ Read in Full

၃၃။ ရှမ်းပြည်တောင်ပိုင်းကို  RCSS/SSA က ကာကွယ်မည်ဟု ကြေညာလာ
 July 29. 2024

ရှမ်းပြည်တောင်ပိုင်းတည်ငြိမ်ရေးနှင့် ပြည်သူလူထုကိုကာကွယ်သွားမည်ဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ မျက်နှာချင်းဆိုင်တွေ့ဆုံဖြေရှင်း သွားကြရန် RCSS/SSA က ကြေညာလာသည်။ ဇူလိုင်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ဗဟို ဌာနချုပ် လွယ်တိုင်းလျဲန်း၌ ကျင်းပသော ၂၀၂၄ ခုနှစ်၊ ၆ လပတ်အစည်း အဝေးနှင့်ပတ်သက်၍ ကြေညာချက်ထုတ်ပြန်ရာတွင် ထည့်သွင်းထားခြင်းဖြစ်သည်။ သျှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများကြောင့် သျှမ်းပြည်လူထုတို့သည် အိုးအိမ်ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးရခြင်း၊ သေဆုံးဒဏ်ရာ ရခြင်း၊ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရခြင်းများ ကြုံ တွေ့ရသည့်အပြင် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီး ရွယ်အို များတို့သည်လည်း အတိဒုက္ခများ၊ အခက် အခဲများကြုံတွေ့နေရခြင်းတို့အပေါ် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အနေဖြင့် စိတ်မကောင်းခြင်းများစွာ ဖြစ်ခဲ့ရကြောင်း RCSS/SSA က ပြောဆိုသည်။ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူမှု နောက်ပိုင်း ၃ နှစ်ကျော် ကာလအတွင်း၌ အကျိုးဆက်အားဖြင့် တိုင်းပြည်အနှံ့တိုက်ပွဲများ စဉ်ဆက်မပြတ်ဖြစ်ပွားခြင်း၊ စီးပွားရေး ကျဆင်းခြင်း၊ လူ့ အခွင့်အရေးချိုးဖောက်မှု များပြားလာခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကြောင့် နေရာဒေသ အသီးသီးတွင် လူဆိုးသူခိုးဓားပြတို့ များပြားလာခြင်းတို့သည် ပြည်သူလူထုအား လူမှုဒုက္ခအဝဝနှင့် အခက်အခဲများကြီးစွာကြုံ တွေ့စေခဲ့ကြောင်း RCSS/SSA က ဆက်လက်ပြောဆိုသည်။

သျှမ်းပြည်တောင်ပိုင်းဒေသ တည်ငြိမ်ရေးနှင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ ပစ္စည်း ကာကွယ် စောင့်ရှောက်သွား မည်ဖြစ်ပြီး ပစ္စည်း ဥစ္စာများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးအတွက် သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (RCSS) အနေဖြင့် ပြည်သူလူထုနှင့် လက်တွဲပူးပေါင်း၍ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ သက်ဆိုင်ရာအဖွဲ့အ စည်းများအနေဖြင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နိုင်ကြရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက်တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် ဖြေရှင်းဆောင်ရွက်သွားကြပါရန် RCSS/SSA က တိုက်တွန်း သည်။ အဆိုပါ အစည်းအဝေးကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ – RCSS အကြံပေးပုဂ္ဂိုလ်များ၊ ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင် (CEC) များ၊ ဗဟိုဦးစီးကော်မတီဝင် (CLC) များ၊ ဗဟိုကော်မတီ ဝင် (CC) များနှင့် ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ် စုစုပေါင်း ၂၃၂ ဦး တက် ရောက်ခဲ့ပြီး အစည်းအဝေး တွင် ဌာနအသီးသီးက တင်ပြသည့် (၆) လတာ လုပ်ငန်းအစီရင်ခံစာ များ အပေါ် ပြန်လည်သုံးသပ် ဆွေးနွေးခြင်း၊ သျှမ်းပြည်နှင့် ပြည်ထောင်စု၏ လက်ရှိနိုင်ငံရေး၊ စစ်ရေး အခြေအနေများအား ကျယ် ပြန့်စွာ သုံးသပ်ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။ Read in Full

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button