ဖက်ဒရေးရှင်းလား၊ ကွန်ဖက်ဒရေးရှင်းလား
—————————————————
Areng Pui
▪️ မြန်မာ့ သမိုင်းကို ပြန်လှန်ကြည့်ရင် ဖက်ဒရယ်အစ ပင်လုံက လို့ဆိုရမှာပါ။ တိုင်းရင်းသား ပြည်ထောင် တွေစုစည်းကြပြီး နိုင်ငံတော် သစ်တစ်ခုတည်ဆောက်ကြရန် ရည်ရွယ်ချက်ဖြင့် နှစ်ဦးနှစ်ဖက် ခေါင်း ဆောင်ကြီးများက သဘောတူ ချုပ်ဆိုခဲ့ကြတဲ့ ၁၉၄၇ ပင်လုံစာချုပ်ကို လက်ညှိုးထိုးပြော ဆိုရကြမှာဖြစ် ပါတယ်။ သို့သော် ဒီဆောင်းပါးမှာ ဖက်ဒရယ်ကဘာလဲ၊ ကွန်ဖက်ဒရေးရှင်းက ဘာလဲ ဆိုတာကို အဓိ ပ္ပါယ်ဖွင့်ဆိုသွားမှာ မဟုတ်ဘဲ ဒီနိုင်ငံရေးစနစ် (၂)ခု ကိုစဉ်းစားကြတဲ့အခါ အခြေခံကျကျထည့်သွင်း စဉ်းစားနိုင် အောင် ကျနော်ရဲ့ အမြင်နဲ့ စဉ်းစားချက်အပေါ် အခြေခံပြီး ရေးသားဖော် ပြပေးသွား မှာဖြစ် ပါတယ်။
▪️ ဖက်ဒရယ်ရှင်းက ပိုကောင်းလား၊ သို့တည်းမဟုတ် ကွန်ဖက်ဒရေးရှင်းက ပိုကောင်းလာ ဆိုတဲ့ မေးခွန်း ကိုဖြေရရင် သိပ်ကို ဖြေဖို့ခက်ခဲ့တဲ့ မေးခွန်းတစ်ခုလို့ဆိုရမှာပါ။နိုင်ငံရေးစနစ်တစ်ခုကို ပုံဖော်အသုံးပြု ကြတဲ့ တိုင်းပြည်တွေမှာ အဲသည်တိုင်းပြည်ရဲ့ မတူညီတဲ့ နောက်ခံသမိုင်းတွေ၊မတူထူးခြားတဲ့ နေထိုင်မှု ပုံစံတွေ၊ ရိုးရာဓလေ့တွေ၊နယ်မြေအနေအထားတွေရှိတာဖြစ်ပါတယ်။ အဲသည် နောက်ခံ အကြောင်း အရာ သမိုင်းတွေကိုအခြေခံပြီး အသင့်တော်ဆုံးဖြစ်နိုင်တဲ့ နိုင်ငံရေးစနစ်ကို ပြုပြင်ပြောင်းလဲ အသုံးပြု အုပ်ချုပ်ကြတာဖြစ်ပါတယ်။ အဲသည်အတွက် တိုင်းပြည်တစ်ခုရပြုပြင်ပြောင်လဲရေးလုပ် တော့မယ်ဆိုရင် အဲသည် နိုင်ငံ၊တိုင်းပြည်ရဲ့ နောက်ခံသမိုင်း၊စရိုက်တွေကို မဖြစ်မနေ နားလည်ထား ဖို့လို အပ်တာ ဖြစ်ပါတယ်။
▪️ တိုင်းပြည်တစ်ပြည်၊ နိုင်ငံတစ်နိုင်ငံရဲ့အကြောင်းအရာ ကိုလေ့လာကြတဲ့အခါ အဲဒီနိုင်ငံ ဘယ်လိုမျိုး ဖြစ်တည်လာသလဲဆိုတဲ့ နိုင်ငံရဲ့နောက်ခံသမိုင်း၊ အဲသည်နိုင်ငံမှာ နေထိုင်ကြတဲ့ ပြည်သူလူထုရဲ့ အခြေ အနေစရိုက်၊နေထိုင်မှုပုံစံဓလေ့တွေ၊ ပြီးရင် အဲသည်နိုင်ငံရဲ့ နယ်မြေပထဝီ အနေအထား၊ အိမ်နီး ချင်းထိ စပ်မှု၊ စီးပွားရေးအရ ကုန်သွယ်နိုင်တဲ့ နယ်စပ်ထွက်ပေါက်တွေ၊ နိုင်ငံရေး၊စီးပွားရေးကို ဟန်ချက် ညီညီ ကစားနိုင်မှု အစရှိတဲ့ အချက်တွေကို အဓိကထား လေ့လာကြရတာဖြစ်ပါတယ်။ ဒီလိုလေ့လာ တွေ့ရှိ ချက်တွေအပေါ်အခြေခံပြီးမှသာ သင့်တော်တဲ့ နိုင်ငံရေးစနစ်ကို အစပြုအကောင် ထည်ဖော်ကြရတာ ဖြစ်ပါတယ်။
▪️ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဗမာမဟုတ်တဲ့တိုင်းရင်းသား နိုင်ငံရေးအင်အားစု၊ တော်လှန်ရေးအင် အားစုတွေ ကြားမှာ မတူညီကွဲပြားတဲ့ နိုင်ငံ ရေးအယူအဆ တွေရှိနေပါတယ်။ တစ်ချို့က ဖက်ရယ်သွားချင်ကြတယ်၊ တစ်ချို့က ကွန်ဖက် ဒရေးရှင်း သွားသင့်တယ်၊ တစ်ချို့က De facto State လိုရပ်တည်သင့်တယ် ဆိုတဲ့ တိုးလောတိုးလော ပြောကြ ဆိုကြ တာတွေကိုတွေ့ရတာဖြစ်ပါတယ်။ သို့သော် ဖက်ဒရယ်ရှင်းအတွက် ဘာတွေ လိုအပ်တယ်၊ ဘာတွေကို ပြင်ဆင်ရမလဲ၊ ကွန်ဖက်ရေးရှင်းကို သွားကြမယ်ဆိုရင် ဘာတွေက စိန်ခေါ်မှု ရှိနိုင်သလဲ၊ De facto State အနေနဲ့ ရပ်တည်ကြရင် ဘာတွေကို ပြင်ဆင်ဖို့လိုသလဲ၊ ဘယ် အချက်တွေက အားနည်းချက်၊ အားသာချက်လဲ ဖြစ်နိုင်မလဲ ဆိုတဲ့ တွေ့ဆုံ၊ဆွေးနွေး၊ ပြောဆို ကြတဲ့ အသံကျတော့ အတော်လေးအားနည်းနေသေးတာကိုတွေ့ရတာဖြစ်ပါတယ်။
▪️ နိုင်ငံရေးစနစ်တစ်ခုကို စိတ်ကူးယဉ် ပုံဖော်ကြည့်ကြတဲ့အခါ နည်းမျိုးစုံ၊ မတူညီတဲ့ ရှု့ထောင့်ပေါင်းစုံ၊ နည်းစနစ်ပေါင်းစုံကို ပုံဖော်ကြည့်ကြလို့ရပေမယ့် လက်တွေ့ဆန်ဆန် အလုပ်လုပ်ကြတော့မယ်ဆိုရင် ဖြစ်တန်ချေအရှိဆုံးနဲ့ မိမိရဲ့ နိုင်ငံ၊ ပြည်နယ်နဲ့အသင့်တော်ဆုံး၊ မိမိတို့ရဲ့ ဖြစ်တန်ချေရှိတဲ့ နိုင်ငံရေး ပြဿနာ အဖြာဖြာကို ကိုင်တွယ်ဖြေရှင်းပေးနိုင်မယ့် နိုင်ငံရေးစနစ်ကို ရုပ်သန်ရှိရှိ ရွေးချယ်ကြဖို့လို အပ်တာ ဖြစ်ပါတယ်။ “ ဝ” ပြည်နယ်က ကွန်ဖက်ဒရေးရှင်းနဲ့သွားလို့ ငါတို့လည်း ဖက်ဒရယ်ကို မလိုချင် တော့ဘူး၊ ဖက်ဒရယ်က တစ်ဆင့်နိမ့်တယ် ဆိုတဲ့အတွေးမျိုး၊ “ရခိုင်”က အင်အားရှိလို့ ကွန်ဖက်ဒရေးရှင်း ကိုသွားနေတယ်၊ ငါတို့လည်း စစ်သား အင်အား တည်ဆောက်ပြီး ကွန်ဖက်ဒရေးရှင်းကို သွားရမယ် ဆိုတဲ့ အတွေး အခေါ်မျိုးနဲ့ လုပ်လို့ မရဘူးဆိုတာ နားလည်ဖို့လိုတာဖြစ်ပါတယ်။
▪️ စစ်သားအင်အားကောင်းပါတယ်ဆိုတဲ့ အမေရိကန်ရဲ့ ကွန်ဖက်ဒရေးရှင်း ကျဆုံးမှု သမိုင်းကိုလည်း သာဓက ထားသတိချပ်ကြဖို့လိုမှာဖြစ်ပါတယ်။ အလားတူပဲ ဖက်ဒရယ်စနစ်ကို ပုံဖော်ကြပေမယ့် မအောင်တဲ့ နိုင်ငံတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ အဲသည် အတွက် စကားလုံးကောင်းတိုင်း နုတ်အသာ ဖြေရုံနဲ့ ဒီစနစ်ကောင်းတယ်၊ ဟိုစနစ်သွားသင့်တယ် ဆိုပြီး တိုးလောတိုးလော ပြောနေမယ့်အစား လက်တွေ့ဆန်ဆန် သုတေသနတွေပြုလုပ်ပြီး အနာနဲ့ ဆေး ကွက်တိဖြစ်သလို မိမိတို့ တိုင်းပြည်၊ ပြည်နယ်ရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် နိုင်ငံစနစ်တစ်ခုကို ပုံဖော်ကြဖို့ လိုအပ်တယ်ဆိုတာကို မီးမောင်းထိုးချင်တာဖြစ်ပါတယ်။
▪️ သေချာတာသည် အင်အားရှိတိုင်း ကွန်ဖက်ဒရေးရှင်းကို တည်ဆောက်လို့မရသလို အင်အားနည်းတိုင်း ဖက်ရယ်ရှင်းကိုပဲသွားရမယ်ဆိုတဲ့ အတွေးအခေါ်ကို ဖျောက်ထားဖို့လိုအပ်တာဖြစ်ပါတယ်။ မိမိတိုင်း ပြည်ရဲ့ နောက်ခံသမိုင်း၊ မိမိပြည်နယ်ရဲ့ နောက်ခံလူနေထိုင်မှုပုံစံဓလေ့၊ နယ်မြေပထဝီ အနေထား၊ စီးပွားရေး အလားအလာ အစရှိတဲ့ ကဏ္ဌ ပေါင်းစုံကနေ ရူမြင်သုံးသပ်ကြဖို့လိုတာဖြစ်ပါတယ်။အဲလို စဉ်းစားတဲ့အခါ၊ ဖက်ဒရယ်နဲ့သွားရင် ဘာတွေဖြစ်နိုင်လဲ၊ ဘာတွေက လိုအပ်နေလဲ၊ ဘယ်လိုတွေ လုပ်ဆောင်ကြဖို့လိုမလဲဆိုတာတွေ စဉ်းစား ကြဖို့လိုတာဖြစ်တယ်။ အလားတူပါပဲ၊ ကွန်ဖက်ဒရေးရှင်းနဲ့ သွားကြမယ်ဆိုရင် လိုအပ်တဲ့ အရင်းနှီး တွေက မိမိတို့မှာရှိနေသလား၊ မရှိရင် ဘယ်လိုရှိ အောင်လုပ် ဆောင်ကြမလဲ၊ ဘာတွေကို ပြင်ဆင်ဖို့လို သလဲ အစရှိတာတွေကို စည်းစနစ်ကျကျ စဉ်းစားတွေးခေါ် ကြဖို့လိုတာဖြစ်ပါတယ်။
▪️ နိဂုံးချုပ်ပြောရရင်နိုင်ငံရေး စနစ်တခုကို အကောင်ဖော်ကြတော့မယ်ဆိုရင် နိုင်ငံရေးဆိုင်ရာ သုတေသနာ တွေလုပ်ဖို့လိုပါတယ်။ မိမိရဲ့ အခြေအနေကို အရင်နားလည်အောင် ကြိုးစားလုပ်ဆောင်ကြဖို့လိုပါတယ်။ မိမိရဲ့ ပြဿနာရဲ့အရင်းခံပြဿနာကို အရင်နားလည်အောင် အဖြေရှာဖို့လိုပါတယ်။ သူများလုပ်လို့၊ သူများသွားလို့ လိုက်သွားပါတယ်ဆိုတာထက် မိမိရဲ့အခြေအနေနဲ့ အကိုက်ညီဆုံး စနစ်တခုကို သေချာ စွာ ဆန်းစစ်ပြီးမှာသာ ဆုံးဖြတ်ကြရမှာဖြစ်ပါတယ်။ အဲသည်အတွက် နိုင်ငံတော်သစ်အတွက် နိုင်ငံရေး စနစ်ကို ပြောကြ၊ ဆိုကြ၊ဆွေးနွေးကြတဲ့အခါ မိမိရဲ့လက်ရှိ အခြေအနေနဲ့ ၊နောင်ဖြစ်လာတန်ချေရှိတဲ့ နိုင်ငံရေးအခင်းအကျင်းကိုပါ ပုံဖော် ထည့်သွင်းပြီး ပြည်သူ အတွက် အသင့်တော်ဆုံး နိုင်ငံရေး စနစ်ကို ဦးတည်သွားကြဖိုလိုအပ်ကြောင့်ကို ဆွေးနွေးရေးသား လိုက်ရပါတယ်။
Areng Pui