တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းစုစည်းတင်ပြခြင်း

(No. 38, May 10, 2024)

၁။ ချင်းတော်လှန်ရေးတပ်ဖွဲ့ လှုပ်ရှားနေသည့် တွန်းဇံတွင် တိုက်ပွဲဖော်ဆောင်ခြင်းမပြုလုပ်ရန် ဒေသခံအချို့က တောင်းဆို
  May 9, 2024
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ရှိ မြို့နှင့်ကျေးရွာများတွင် တိုက်ပွဲဖော်ဆောင်ခြင်းမပြုပဲ ရှောင်ရှားပေးရန် ဒေသခံဘာသာ ရေးခေါင်းဆောင်နှင့် ရပ်မိရပ်ဖများကတောင်းဆိုလိုက်ကြောင်းဒေသခံများထံကသိရသည်။ ဒီမိုကရေစီဖော်ဆောင်ရေးကို နှောင့် နှေးစေလိုသည့် သဘောထား လုံးဝမဟုတ်ဘဲ လူသားစာနာထောက်ထားမှု ရှုထောင့်တစ်ခုတည်းမှရှုမြင်ပြီး ဒေသခံ ဘာသာရေး ခေါင်းဆောင်နှင့် ရပ်မိရပ်ဖများက တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း ဆိုသည်။ “တိုက်ပွဲကြောင့်  ပြည်သူတွေ အသက် အိုးအိမ် စည်းစိမ်ပျက်စီးဆုံးရှုံးရတယ်။ တိုက်ပွဲကြောင့် ပြည်သူတွေနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတယ်။ ဒါတွေကို ရှောင်ရှား ပေးဖို့နဲ့ မြို့ရွာတွေမှာ တိုက်ပွဲမဖော်ဖို့ ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က ပြုလုပ်တဲ့ အစည်းဝေးမှာ ဘာသာရေးဆရာတွေ၊ ရပ်ဖိရပ်ဖ တွေက တောင်းဆိုလိုက်တာပါ “ဟု တွန်းဇံမြို့မှ ခရစ်ယာန် ဓမ္မအမှုတော်ဆောင် ဆရာတစ်ဦးက မိန့်ကြား ထားသည်။
ထို့သို့ အများပြည်သူ  အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုကို အဓိက ဖြစ်ပေါ်စေသော လက်နက်စွဲကိုင် တိုက်ခိုက်မှုမှန်သမျှ ကို အများပြည်သူ မှီတင်းနေထိုင်ရာ မြို့ရွာများတွင် ဖော်ဆောင်ခြင်းမပြုလုပ်ရန်နှင့် ရှောင်ရှာပေးနိုင်ပါရန် ပြည်သူများ၏ ဆန္ဒ အမှန်ကို တင်ပြအပ်ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ “တွန်းဇံမြို့ထဲ တိုက်ပွဲဖြစ်လာမယ်ဆိုတဲ့သတင်း တွေ ထွက်ပေါ်လာပြီး ရဲစခန်းအနီးနားက ပြည်သူတွေက ပြီးခဲ့တဲ့ ရက်ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြတယ်။  မြို့ထဲက ဒေသခံအချို့လည်း ထွက်ပြေးတိမ်းရှောင်မူတွေရှိနေတယ်။ မြို့ထဲမှာတော့ တိုက်ပွဲမဖော်ဆောင်စေချင်ဘူး။ တိုက်ပွဲကြောင့် ပြည်သူတွေ တည်ဆောက်ထားတဲ့ နေအိမ်တွေနဲ့ပြည်သူတွေကို မထိခိုက်စေချင်ဘူး”ဟု တွန်းဇံမြို့ဒေသခံတစ်ဦးက ပြောသည်။ တွန်းဇံမြို့သည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယားတွင် တည်ရှိနေဆဲဖြစ်ပြီး ချင်းအမျိုးသားတပ်မတော်(CNF/CNA) နှင့် ချင်းလဲန်းကာကွယ်ရေးတပ်(တွန်းဇံ)၊ ပြည်သူ့ကာကွယ်ရေးတပ်-ဇိုလန်း၊ ထာဒိုကာကွယ်ရေးတပ်(TDF)အပြင် ဇိုမီးတော်လှန် ရေးတပ်မတော် (ZRA)တို့ စစ်ရေးလှုပ်ရှားသည့် မြို့နယ်လည်းဖြစ်သည်။ Read ni full

၂။  သရက်ချောင်းရှိ ပဲဒက်စစ်ကောင်စီစခန်းကို သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးပြီး ၂၆ ဦး အရှင်ဖမ်း ဆီးရမိ
May 9, 2024
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရေး-ထားဝယ် အဝေးပြေး လမ်းမကြီးပေါ်ရှိ ပဲဒက်ကျေးရွာ စစ်ကောင်စီတပ်စခန်း နှင့် ကျောက်ဆည်ရွာရှိ ပျူစောထီးစခန်းတို့ကို  တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် မေ ၅ ရက် နေ့မှ စတင်ကာ စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ကြောင်း သိရသည်။ လေးရက်တာ တိုက်ခိုက်မှုအပြီး မေ ၈ ရက်နေ့ နံနက်ပိုင်း တွင် စစ်ကောင်စီ တပ်သား၊ ရဲ နှင့် ပျူစောထီး အင်အား ၄၀ ကျော်ရှိ ပဲဒက်ကျေးရွာစစ်ကောင်စီစခန်းကို စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး ကျောက်ဆည်ရွာရှိ ပျူစောထီးစခန်းကိုမူ ဆက်လက်တိုက်ခိုက် နေကြောင်း သိရသည်။ ပဲဒက်ကျေးရွာစစ်ကောင်စီစခန်းသိမ်း တိုက်ပွဲအတွင်း စစ်‌ကောင်စီ တပ်ဖွဲ့ဝင် ရှစ် ဦးသေဆုံးခဲ့ပြီး ၂၆ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကာ လက်နက်မျိုးစုံ  ၃၀ လက်၊ ခဲယမ်း များနှင့် ဆက်စပ်ပစ္စည်းများကို သိမ်း ဆည်းရမိခဲ့ကြောင်း တနင်္သာရီတိုင်း စစ်ဌာနထံကသိရသည်။
“ကျောက်ဆည်ရွာရှိ ပျူစောထီးစခန်းကိုတော့ ဆက်လက်တိုက်ခိုက်နေတုန်းပါ။ ပဲဒက်ကျေးရွာ စစ်ကောင်စီစခန်းက နေ မမိသေးပဲထွက်ပြေးနေတဲ့သူတွေလည်း ရှိပါတယ်။ ဖမ်းဆီးရမိတဲ့သူတွေထဲမှာ‌တော့ ရာထူးအစုံပါတယ်။ ဒီစခန်းက စစ်‌ရေး အရအရေးပါတဲ့ စခန်းလည်းဖြစ်တယ်။ လက်ရှိမှာ စစ်ကောင်စီက ရေကြောင်းကနေရော၊ ကုန်းကြောင်းကနေရော စခန်းကိုပြန်ရ ဖို့ အင်အားဖြည့် တိုက်ခိုက်နေတာရှိပါတယ်” ဟု တနင်္သာရီတိုင်းစစ်ဌာနမှ ရဲဘော်ဂျိုကာက ပြောသည်။ စခန်းသိမ်း တိုက်ခိုက် နေစဉ်အတွင်း စစ်ကောင်စီ ရေတပ်မှ လက်နက်ကြီးပစ်ကူများ၊ ရဟတ်ယာဥ်၊တိုက်လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှု များပြုလုပ်ခဲ့ပြီး ဗုံးသီး အလုံး ၁၀၀ ကျော်ကြဲချတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။ တိုက်ပွဲအတွင်း မဟာမိတ် ပူးပေါင်းအဖွဲ့မှ တော်လှန်ရေးရဲဘော် နှစ် ဦး ကျဆုံးခဲ့ရပြီး ခြောက် ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၃။  ဗလမင်းထင်တံတားရှိ စစ်ကောင်စီ၏ မိုင်းနားစုပေါင်းဂိတ်ကို KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး
 May 9, 2024
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ စစ်ကောင်စီ၏ စုပေါင်းဂိတ်ကို ကချင်လွပ်လပ်ရေးတပ်မတော် (KIA) က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မေ ၉ ရက် နေ့လယ် ၁ နာရီခန့်က ဗလမင်းထင်တံ တားထိပ်ရှိ စစ်ကောင်စီ ၏ မိုင်းနားစုပေါင်းဂိတ်ကို KIA က ဝင်ရောက်တိုက်ခိုက်ရာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံး၍ အများအပြား ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံကသိရသည်။ “နေ့လယ်က လက် နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ကြတယ်။ ပြီးတော့ ဂိတ်ကို KIA က မီးရှို့ဖျက်ဆီးထားနိုင်ခဲ့ တယ်ပြောတယ်။ တံတားတော့ မသိမ်းနိုင်လိုက်ဘူး။ မြစ်ကြီးနားကနေ စစ်ကူတွေရောက်လာတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် မွန်းလွဲ ၃ နာရီခန့်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ စစ်ကူကား သုံးစီးဖြင့် ရောက်ရှိ လာပြီး တံတားထိပ်နှစ်ဖက်လုံးကို ပိတ်ဆို့ခဲ့ကြောင်း သိရသည်။ “တံတားထိပ်နှစ်ဖက်လုံး ယာယီပိတ်လိုက်တယ်ပြောပါတယ်။ ပစ်ခတ်တာတွေက ငြိမ်သွားပါပြီ။ စစ်ကောင်စီရဲ့ မိုင်းနားစုပေါင်းဂိတ်ရယ်၊ ကားတွေနဲ့ ဆိုင်ကယ်တွေလည်း မီးလောင်သွားတယ် လို့သိရပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ Read ni full

၄။ အနန်းကွင်းတွင် စစ်ကောင်စီအထိနာ၍ လေယာဉ် ၃ စင်းဖြင့် တုန့်ပြန်တိုက်ခိုက်နေ
 May 9, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိအနန်းကွင်းဗျူဟာကုန်း တပ်စခန်းမှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA ၏ ကြား ဖြတ်တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၂၀ ကျော် ထိခိုက်ပြီး ၃ ဦးထက်မနည်း သေဆုံးမှုရှိသည့်အတွက် စစ်ကူလေယာဉ် ၃ စင်းဖြင့် တုံ့ပြန်တိုက်ခိုက်နေကြောင်း နယ်မြေခံ KNLA ကပြောသည်။ အနန်းကွင်းစစ်ဗျူဟာတွင်ရောက်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များသည် စခန်းပြင်ပတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရန် ထွက်သည့်အချိန်တွင် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ထိခိုက်သေဆုံး မှုတွင် အရာရှိများပါဝင်၍ ရဟတ်ယာဉ် ၃ စင်းရောက်လာ၍ တစ်စင်းမှာ ထိခိုက်လူနာများကို သယ်ဆောင်ပြီး ကျန်၂ စင်းမှာ အနီး နားဝန်းကျင်ကို  မနားတမ်းလှည့်ပတ် ပစ်ခတ်ပေးသည်ဟု KNLA အရာရှိတစ်ဦးက ယခုလိုပြောသည်။ ၎င်းက ” အနန်းကွင်း ဗျူးဟာမှာ ရောက်လာတဲ့စစ်ကောင်စီတပ်တွေက သူတို့လူစုပြီးတော့ စခန်းပတ်ပတ်လည် တွေမှာ ရှင်းလင်းရေးလိုက်လုပ်ဖို့ ဖြစ်မယ်။ ကျနော်တို့ လူတွေကသွားစောင့်ထားတော့ အဲဒီမှာတိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တာက မနက် ၇ နာရီမှာစဖြစ်ပြီးတော့ နေ့လယ် ၁၂ နာအရီအထိကြာတယ်။ ညနေ ၃နာရီ မိနစ်၂၀ လောက်တော့ လေယာဉ်တွေတက်လာတယ်။ ညနေ ၄ နာရီ ထိုးတာ တောင် မပြန်သေးဘူး အဲလောက် ကြာ တယ်။” ဟု ပြောသည်။
နှစ်ဖက်ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အထိနာများသော်လည်း နယ်မြေခံ KNLAပူးပေါင်း တပ်ဘက်မှ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်းလည်း အဆိုပါ မြေပြင်ရှိ KNLA အရာရှိက ဆက်ပြောသည်။ ယခုလို လေကြောင်း တိုက်ခိုက် မှုများအပြင် မွန်ပြည်နယ်ရှိ စစ်ကောင်စီ အခြေစိုက် စခန်းများမှ တစ်ဆင့် အမြောက်လက်နက်ကြီး များဖြင့်လည်း စစ်ကူပစ်ခတ်ပေးသည့်အတွက် ဒေသခံလူထု တစ်သောင်းကျော်သည် ၂ လ ကျော်ကြာသည်အထိနေရပ်မပြန်ရဲသေးဘဲ တောတောင်နှင့် ဂူများ တွင်ဆက်လက်ပုန်းရှောင်နေကြရဆဲဖြစ်သည်။ အနန်းကွင်းစစ်ကောင်စီဗျူဟာကုန်း တပ်စခန်းသည်ဘုရားသုံးဆူ-သံဖြူဇရပ် လမ်းမပေါ်တွင်ရှိသည့်တပ်စခန်းတစ်ခုဖြစ်ကာ ယခုမေလ(၃)ရက်နေ့တွင်လည်းထိုလမ်းပေါ်တွင်ရှိသည့်တောင်စွန်း စစ်ကောင်စီ တပ်စခန်း တစ်ခုကို KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ တိုက်ခိုက် သိမ်းပိုက်ခဲ့သေးသည်။ Read ni full

၅။ မင်းတပ်မြို့ပေါ်တွင် မှတ်ပုံတင်ပြုလုပ်လာသူ စစ်ဘေးရှောင်အမျိုးသမီး ၂ ဦးကို စစ်ကောင်စီကဖမ်းဆီး
 May 9, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ကျေးရွာဖက်တွင်  စစ်ဘေးတိမ်းရှောင်ရင်း မြို့ပေါ်သို့ မှတ်ပုံတင်ပြုလုပ်ရန် ပြန်လာကြ သည့် အမျိုးသမီး ၂ ဦးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးရုံးအနီးတွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ပြန် လွတ်ပေးခြင်း မရှိသေးကြောင်းသိရသည်။ မင်းတပ်မြို့ ဒေသခံတစ်ဦးက “သူတို့က မလွတ်သေးဘူး၊ ဘာမှတော့ မထူးသေးဘူး၊ မေးမြန်းစစ် ဆေးနေတုန်းလို့ သူတို့(စကစ)က ပြောတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာ အတိအကျတော့မသိရသေဘူး” ဟု ပြောသည်။ အဆိုပါ အမျိုးသမီး ၂ ဦးသည် ယမန်နေ့ မနက်ပိုင်းထွေအုပ်ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များက နာမည်စာရင်းနှင့် အတူ မသက်ာသောကြောင့်ဟု ဆိုကာ ဖမ်းဆီးခံခဲ့ကြရခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် အဆိုပါ အမျိုးသမီး (၂) ဦးကို မင်းတပ်မြို့ ပေါ် ခလရ (၂၇၄) တပ်ရင်းထဲ ဖမ်းဆီးစစ် ဆေးမေးမြန်းမူများ ပြု လုပ်နေဆဲဖြစ်ကာ မင်းတပ်မြို့မိမြို့ဖများအနေဖြင့်လည်း ဖမ်းဆီးခံရသူနှစ်ဦး၏ အခြေအနေများကိုဆောင်ရွက်ပေးနိုင်ရန်စုံးစမ်း မူများပြုလုပ်နေသည်ဟု သိရသည်။ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ် အာဏာသိမ်း သုံးနှစ်တာကာလအတွင်း မြို့တွင်း အရပ်သား ဖမ်းဆီးခံ ရသူ ၃၀၀  နီးပါးရှိလာပြီဖြစ်ကာ အချို့မှာ ပြန်လည်လွတ်မြောက်လာကြသော်လည်း တချို့မှာလည်း ယနေ့ ချိန်ထိပြန်လည်လွတ် မြောက်လာခြင်းမရှိကြပေ။  ယခုရက်ပိုင်း မင်းတပ်မြို့တွင်း အိမ်ထောင်စုစာရင်းပြုလုပ်သူများ၊ မှတ်ပုံတင် ပြုလုပ်ရန်လာကြသည့် ပြည်သူများ ပြားသည်ဟုသိရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှလည်း မင်းတပ်မြို့တွင်း နေ့တိုင်း လုံခြုံရေး ပိုင်းတွင် တင်းကြပ်စွာ စစ်ဆေးမူများပြုလုပ်သည်ဟု မင်းတပ်မြို့ဒေသခံထံမှ သိရသည်။ Read ni full

၆။ ငွေတောင်ဆည်မှာ ငါးဖမ်းနေတဲ့အရပ်သားတွေကို စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၊ ၂ ဦးသေဆုံး
 May 9, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်မှာ ငါးဖမ်းနေတဲ့ အရပ်သားတွေကို စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားနှစ်ဦး ထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ” ဖြစ်ချင်တော့ သူတို့က ငါးမြှားမလို့ ကန်ဘောင်ဘေးမှာ ကျွတ်ထိုးနေတာ။ ထိုးနေတဲ့ချိန်မှာ ကွက်တိကျတယ်။ စစ်တပ်ရဲ့ဒရုန်း လာတယ်။ လာပြီး လက်နက်ကြီး ဆက်တိုက် ထုလာတယ်ပေါ့နော။ အဲ့လို ထရင်းနဲ့တန်းကျတယ်။  ကန်ဘောင်ရဲ့ ပလက်ဖောင်းတောင့်ကအုတ်မှာ ကွက် တိကျတော့ သူတို့ကို ထိတယ်။”လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။ နေ့လည် ၁၂ နာရီ၀န်းကျင်မှာ ငါးဖမ်းဖို့ပြင်နေတဲ့ အမျိုး သား ၅ ဦးကို စစ်ကောင်စီက ဒရုန်းနဲ့  အရင်ထောက်လှမ်းပြီးနောက် လက်နက်ကြီး ၈ လုံးတွဲကို ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ၈လုံးတွဲ ၃ ကြိမ် ပစ်ခတ်ခဲ့ပြီး ငါးဖမ်းဖို့ ပြင်နေတဲ့ အမျိုးသားနှစ်ဦးကို ထိမှန်ခဲ့တာဖြစ်ပါတယ်။

သေဆုံးသူတွေကတော့ ဒီးမော့ဆို၊ မြို့မရပ်ကွက်က အသက် ၃၉ နှစ် ၀န်းကျင် အမျိုးသားတစ်ဦး နဲ့ ဒေါငံခါး ကျေးရွာက အမျိုးသားတစ်ဦးတို့ဖြစ်ပါတယ်။ သေဆုံးသူနှစ်ဦးလုံးဟာ လက်နက်ကြီးထိမှန်တဲ့ ဒဏ်ရာကြောင့် သေဆုံးခဲ့ရတယ်လို့ ဆိုပါ တယ်။  ငွေတောင်ဆည်အနီးမှာ ငါးဖမ်းနေကြတဲ့သူတွေကို စစ်ကောင်စီက မကြာခဏ လက်နက်ကြီးပစ်ခတ်မှု ရှိခဲ့တယ်လို့ ဆိုပါ တယ်။ ဒီးမော့ဆိုမြို့နယ်အတွင်းက မြို့ပေါ် ရပ်ကွက်၊ ကျေးရွာအများစုကို စစ်ကောင်စီက ၁ နှစ်ကျော်ကြာ တပ်စွဲနေထိုင်ခဲ့ပြီး နောက် လက်ရှိမှာတော့ တပ်ဆုတ်သွားတာ ၇လ ကျော်ရှိသွားပြီဖြစ်ပါတယ်။ ဒေသခံအများစုကတော့ မိမိတို့နေအိမ်ကို သန့်ရှင်း ရေးပြုလုပ်တာရှိသလို သွားလာလှုပ်ရှားနေကြပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးသူတွေ လည်းရှိနေတာဖြစ်ပါတယ်။ Read ni full
 
၇။ ဆီဆိုင်မြို့နယ်၊ ဖက်နမ်ရွာတိုက်ပွဲမှာ PNO ၂ ဦးသေ ၂ ဦးပြင်းထန်ဒဏ်ရာရ
 May 10, 2024
ဆီဆိုင်မြို့နယ်အတွင်း မေ ၇ ရက်နေ့က PNLO နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PNO ဘက်က ၂ ဦးသေ ၂ ဦး ပြင်းထန်ဒဏ် ရာတွေရတာရှိခဲ့တယ်လို့ သိရပါတယ်။ ရှမ်းတောင်၊ ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ် ထမ်းယံမြောက်ဘက်၊ ဖက်ယမ်းကျေးရွာမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီအပါအဝင် ပြည်သူ့စစ်တို့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PNOဘက်က သေဆုံး ဒဏ်ရာရခဲ့တာပါ။ တိုက်ပွဲအခြေအနေနဲ့ပါတ်သတ်ပြီး ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “ဟုတ် ကဲ့ဗျ၊ အဲဒီနေ့က သူတို့ဘက်က ၂ ယောက်သေတယ်၊ ၂ ယောက်က ဒဏ်ရအပြင်းအထန်ရသွားတယ်လို့ ကြားရတယ်၊ ဒဏ်ရာရ တာလဲအခြေအနေ မကောင်းဘူးတဲ့”လို့ ပြောပါတယ်။
ဆီဆိုင်မြို့ရဲ့ အရှေ့ဘက် ထမ်းယံ၊ ပန်အွန်း၊ လွယ်ဆောင်စတဲ့ ကျေးရွာတွေဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ် ပြီး အခုရက်ပိုင်းအတွင်းက အဆိုပါကျေးရွာကဒေသခံတွေကို ရွာပြင်မထွက်ရ၊ ထွက်ရင် တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်သွယ် တာလို့ယူဆပြီး ပစ်သတ်မယ်လို့ ခြိမ်းခြောက်ဓားစာခံ ပြုလုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲအနီးက ရွာတွေ ကို လက်နက်ကြီးနဲ့ပစ်တာ၊ လေကြောင်းက တိုက်ခိုက်တာတွေကြောင့် ပြီးခဲ့တဲ့ လတွေအတွင်း ကလေးငယ် ၁ ဦးအပါအဝင် လူသေဆုံးမှုတွေနဲ့ အိမ်တွေ ပျက်စီးတာတွေရှိခဲ့ပါတယ်။ လက်ရှိ ဆီဆိုင်ဝန်းကျင်ရဲ့ စစ်မြေပြင်အနေအထားမှာ မြေပြင်တပ်တွေ ထိပ်တိုက်တိုက်ပွဲဖြစ်နေတာဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းတိုက်ခိုက်တာတွေရှိပြီး ဒရုန်းသုံး တာတွေမရှိဘူးလို့ သိရပါတယ်။ Read ni full

၈။ ပလက်ဝမြို့နယ်တွင် စစ်ကျန်ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၄ ဦး ပွဲချင်းသေဆုံး၊ ၁ ဦး ပြင်းထန်ဒဏ်ရာရ
 May 10, 2024
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ခဝဲကျေးရွာတွင် စစ်ကျန်ဗုံး ဆော့ကစားမိရာမှ ပေါက်ကွဲမှု ဖြစ်ပွားပြီး ကလေးငယ် ၄ ဦး ပွဲချင်းသေဆုံးကာ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၉ ရက်နေ့ မနက်ပိုင်း ၁၁ ဝန်းကျင်ခန့်တွင် ခဝဲကျေးရွာအနီး ‌‌ကမ်းနားမြေပဲခင်းတွင်  စစ်ကျန်ဗုံးကို ကလေးငယ်များကတွေ့ရှိကာ ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခြင်းဟု သိရသည်။“ ရွာနဲ့လဲမဝေးဘူး ကလေးတွေဆော့ရင်းနဲ့ဖြစ်တာပေါ့၊ ပူလဲပူတယ်ဆိုတော့ ချောင်း ကမ်းနားမှာပဲ ဆော့ကြတာကိုး၊ အဲနား ကမြေပဲခင်းမှာ ကလေး ၅ ဦးထိတယ် အဲ့မှာ ၄ ဦး ပွဲချင်းပဲဆုံးသွားတယ်၊ ၁ ဦးက ဒါဏ်ရာရ တယ်။ အဲကလေးလဲ စိုးရိမ်ရ တယ်လို့ပြောတယ်” ဟု ကြားကာလ ခူမီး(ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ – IKACC အတွင်းရေးမှူးက ပြောသည်။
အဆိုပါမိုင်းပေါက်ကွဲမှုကြောင့်  အသက် ၈ နှစ်အရွယ် မောင်အောင်ထွန်း၊ မောင်းလင်းမြတ်၊ မောင် အောင်လင်းထွန်း နှင့် အသက် ၁၁ နှစ်အရွယ် မောင်အောင်လင်းစိုးတို့ သေဆုံးကာ ယမန်နေ့ ညနေပိုင်းတွင် သဂြိုလ်လိုက်ကြကြောင်း သိရသည်။ ထို့နောက် သေဆုံးသွာသူ မောင်အောင်လင်းစိုး ၏ ညီငယ် မောင်အောင်စိုးလင်း အသက် ၈ နှစ်မှာလည်း ဝမ်းဗိုက်နှင့် တစ် ကိုယ်လုံးတွင် ပြင်းထန်ဒါဏ်ရာရရှိကာ ရွာထဲတွင်ဆေးကုသပေးကြောင်းသိရပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရ သည်။ အဆိုပါ မိုင်းပေါက်ကွဲသည့်နေရာသည် ယခင်က စစ်ကောင်စီ အခြေချတပ်ဆွဲသည့် နေရာဟု သိရပြီး လက်ရှိတွင် AA ကနေရာယူ တပ်ဆွဲထားကြောင်း သိရသည်။“အရင်က အဲဒီဘက်ခြမ်းမှာ စကစက တပ်ချထားတဲ့နေရာ၊ အခုတော့ AA ပေါ့၊ ဆိုတော့ အဲဒီ ဖြစ်‌သွားတဲ့ကွင်းပြင်က တပ် စခန်းရဲ့ ကွင်းပြင်လိုမျိုး ဖြစ်သွားတာပေါ့၊ အခု‌ပေါက်ကွဲသွားတဲ့မိုင်းက ဘယ်ဘက်ကမိုင်းဖြစ်မလဲ ဆိုတာမသိရ‌ဘူးပေါ့ ”ဟု IKACC အတွင်းရေးမှူးက ပြောသည်။ Read ni full

၉။ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံရလို့ စနဲမြို့ဈေး မီးလောင်ပျက်စီး
 May 9, 2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် စနဲမြို့ဈေးကို မေလ ၉  ရက်နေ့မှာ စစ်ကောင်စီတပ်က ဒရုန်းနှစ်စင်းနဲ့ ဗုံးသီးခြောက် လုံး ကြဲချခဲ့လို့ ဈေးဆိုင်ခန်း ဆယ်ခုထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်ကောင်စီတပ်က ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။“ဒီနေ့ ၁၁ နာရီခွဲလောက်မှာလည်း ဒရုန်းနှစ်စင်းနဲ့ ဗုံးခြောက်လုံး ကြဲသွားတယ်။ မနေ့က နေရာကိုပဲ ထပ်ပြီးဗုံးချတာ။ မြို့ခံတွေအကုန် လုံးက ထွက်ပြေးနေကြတော့ လူတွေထိခိုက်တာတော့မရှိဘူး။ ဆိုင်ခန်း တစ်ဆယ်ကျော်တော့ မီးလောင်သွားတယ်။ ဘာကြောင့် ကြဲတယ်ဆိုတာကိုတော့မသိဘူး။ တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး” မနေ့ကစနဲမြို့ဈေး တိုက်တိုက်ခံရမှုမှာတော့ ဒေသခံအမျိုး သမီးတစ်ဦး သေဆုံးပြီး ခုနစ်ဦးဒဏ်ရာရခဲ့တာပါ။ လက်ရှိမှာတော့ မြို့ခံအများစုက ထွက်ပြေးတိမ်းရှောင်နေကြပြီး အိမ်စောင့် ကျန်ခဲ့တဲ့ မြို့ခံအနည်းငယ်ပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တစ်ကျော့ပြန်တိုက်ပွဲခြောက်လတာအတွင်း စစ်ကောင်စီ တပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ လေကြောင်းပစ်ခတ်မှုအပြင် မြေမြှုပ်မိုင်းကြောင့် အရပ်သား နှစ်ရာကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ခြောက်ရာနီးပါးရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။ Read ni full

၁၀။ မိုးမောက်၌ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲ ပြင်းထန်
 May 10, 2024
ကချင်ပြည်နယ် မိုးမောက်မြို့အနီး စစ်ကောင်စီ​၏ ခမရ(၄၃၇)တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိရာ တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းက မိုးမောက်ရဲစခန်းကို သိမ်းပိုက်ပြီး မြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို KIA က တိုက်ခိုက်ရှင်းထုတ်ပြီးနောက် မြို့အနီး ကျန်နေသည့် ခမရ(၄၃၇)တပ်ရင်းကို ဆက်လက် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။ ” တိုက်ပွဲ အလွန် ပြင်းထန်နေပါတယ်။ စစ်ကား ၃ စီးသိမ်းပိုက် ရရှိ။ Tank သံချပ်ကာ ကားတစ်စီး သိမ်းပိုက်ရရှိ”ဟု စစ်ရေးသတင်းရင်းမြစ်က မိုးမောက်တိုက်ပွဲ အခြေအနေကို ပြောပြသည်။
အခြား ကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း ခမရ(၄၃၇) တိုက်ပွဲ၌ စစ်ကောင်စီ၏ တင့်ကား(သံချပ်ကာ)တစ်စီးနှင့် စစ်ကားတစ်စီးကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း ကချင်ဘာသာဖြင့် လူမှုကွန်ရက်တွင် အသိပေးထားသည်။ KIA သည် မြစ်ကြီး နား – ဗန်းမော်လမ်း၊ ဗန်းမော်- လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ပြီး နောက် မိုးမောက်မြို့သိမ်းတိုက်ပွဲကို ယခု မေလဆန်း၌ စတင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် မြို့ကို KIA က စိုးမိုးထိန်းချုပ်ထားပြီး ခမရ(၄၃၇)တပ်ရင်း ရရှိပါက ဒေသတွင်း၌ စစ်ကောင်စီတပ်စခန်းများ ကင်းစင်တော့မည် ဖြစ်သည်။ Read ni full

၁၁။  မွန်ပြည်နယ်ရှိ မြို့နယ် ၄ ခုတွင် ရေရှားပါးမှုဒဏ်ဆိုးရွားနေ
 May 10, 2024
ရာသီဥပြင်းထန်စွာပူပြင်းမှုကြောင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၄ ခုတွင် မတ်လမှစတင်ပြီး ရေရှားပါးမှုဒဏ်ကို ဒေသခံများဆိုးရွားစွာရင်ဆိုင်ကြုံတွေ့နေရပြီး သောက်သုံးရေပြတ်လပ်သည့် အခြေအနေအထိရှိလာကြောင်း ဒေသခံများကပြော သည်။ မော်လမြိုင်၊ ချောင်းဆုံ၊ ပေါင်နှင့် ကျိုက်မရောစသည့် မြို့နယ်များတွင် မတ်လကုန်ပိုင်းမှစတင်ပြီး ရေရှားပါးမှုဒဏ်ကို အဆိုးရွားဆုံး ကြုံတွေ့နေရခြင်းဖြစ်ပြီး ဒေသခံများ အဓိက အားထားနေရသည့် အဝီစိတွင်းများတွင် ရေခမ်းခြောက်ကာ ရေကို ဝယ်ယူသောက်သုံးနေရကြောင်း မော်လမြိုင်မြို့နယ်ရှိဒေသခံတစ်ဦး ယခုလိုပြောသည်။“အရင်လတွေကထက်ပိုဆိုးလာတယ်။ သောက်တဲ့ရေပြတ်လပ်တဲ့အထိ ကြီးမားတဲ့ ပြဿနာတစ်ခုလို ဖြစ်လာတယ်။ တစ်မြို့လုံးနီပါး ရေပြတ်တဲ့အထိဖြစ်လာတယ်။ တချို့ဆို အဝီစိတွင်းတွေတောင် ရေမရတော့ဘူး။ ဝယ်သောက်ဖို့အတွက်ကလည်း ခဏတာအတွက်အဆင်ပြေပေမဲ့ ရေရှည် အတွက် အဆင်မပြေနိုင်ဘူးလေ။ သောက်ရေတောင်မရှိတော့ဘူး။ ဒီနှစ်ကအဆိုးဆုံးပဲ အရင်နှစ်တွေကထက်။” ဟု ပြောသည်။
ယခင်နှစ်များနည်းတူ သောက်သုံးရေ လိုက်လံကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ များအနေဖြင့်လည်း စက်သုံးဆီဈေးနှုန်း မြင့်တက်လာခြင်းကြောင့် သယ်ယူပို့ဆောင်ရေး စရိတ်မြင့် မားခြင်း နှင့် သွားလာရေး အခက်အခဲများကြောင့် အလှူရှင်များနည်းပါးလာကြောင်း လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူများကပြောသည်။ သောက်သုံးရေရှားပါးလာမှုသည် ယခင်နှစ်ကထက် ပိုမိုဆိုးဝါးလာသည့်အပြင် လျှပ်စစ်မီးပြတ်တောက်မှုလည်း ယခင်ကထက်ပိုမိုဆိုးရွားလာသောကြောင့် ဒေသခံ များအနေဖြင့် နေ့စဉ်စားဝတ်နေရေး အခက်အခဲများကိုပါ ရင်ဆိုင်ကြုံတွေ့လာရကြောင်း မော်လမြိုင်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။ ၎င်းမြို့ခံက “မီးကတစ်ရက်ကို နှစ်နာရီလောက်ပဲရတဲ့အနေအထားထိရှိလာတယ်။ တော်တော်ဆိုးလာတယ်လို့ ပြော လို့ရတယ်။ ရာသီဥတုကပူတော့ ပိုဆိုးတာပေါ့။ ဘယ်လိုမှ အဆင်မပြေဘူး။ ထမင်း အိုးတောင် တည်လို့ မရတော့ဘူး။ ဘယ်လို လုပ်ကိုင် စားသောက်ရတော့မလဲ။ မီတာခကတော့ ပုံမှန်ပေးနေရတာပဲ။” ဟု ပြောသည်။ Read ni full

၁၂။ ဒေါနအရှေ့ခြမ်းရှိ စစ်ရှောင်များအကြား ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များနေ
 May 9, 2024
မြဝတီမြို့တောင်ဘက်ပိုင်းရှိ ပလောတပို စစ်ရှောင်စခန်းတွင် နွေရာသီအချိန် ရေများခမ်းခြောက်ကာ သန့်ရှင်းသည့် သောက်သုံးရေများ မရရှိကြသည့်အတွက် ယခုရက်ပိုင်းအတွင်း စစ်ရှောင်အကြားတွင် ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များ လျက်ရှိသည်ဟု သိရသည်။ သောင်းရင်းမြစ်ဘေးတွင် နေထိုင်သည့်စစ်ရှောင်များသည် မြစ်ရေကိုသာ အားထားအသုံးပြုရသလို မြစ်၏ အထက် ပိုင်းဘက်တွင် ကျွဲ၊ နွားခြံနှင့် တရုတ်လောင်းကစားစီမံကိန်းအတွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိသောကြောင့် ရေညစ်ညမ်းမှုဖြစ်ပွားကာ စစ်ရှောင်များသောက်ရေသန့်မရရှိသောကြောင့် ယခုလို ဝမ်းပျက်ဝမ်းလျှော ရောဂါ အဖြစ်များရခြင်း ဖြစ်ကြောင်း စစ်ရှောင်ကျန်းမာရေးအတွက် ကူညီဆောင်ရွက်သူများက ပြောသည်။
စစ်ရှောင်ကျန်းမာရေးအတွက် တာဝန်ယူပေးနေသူတစ်ဦးက “နွားခြံ၊ ပြီးတော့ကျောက်ခက် တရုတ်ဆိုက် တွေက ရေဆိုးတွေကလည်း မြစ်ထဲမှာပေးကျတော့ အောက်မှာရှိတဲ့ စစ်ရှောင်တွေက အဲဒီရေတွေကိုပဲ ပြန်သုံးတော့ ဝမ်းပျက်ဝမ်းလျှော တွေဖြစ်တယ်။ အဲဒီရေတွေကလည်း ဓာတုတွေပါတာလားမသိဘူး။ ဆေးခန်းမှာ တစ်ရက် တစ်ရက်ဝမ်းပျက်ဝမ်းလျှောဖြစ်လို့ လာပြတဲ့စစ်ရှောင်တွေက အယောက် ၄၀ လောက်ရှိတယ်။ တချို့က ပျောက်လိုက်ပြီးတော့ အဲဒီရေကိုပဲ ပြန်ထပ်သုံးတော့ ပြန်ဖြစ်လာတယ်။ သောက်သုံးရေသုံးရရှိဖို့အတွက် ကာကွယ်ဖို့ တစ်ခုခုလုပ်မှရ မယ်ထင်တယ်”ဟု ပြောသည်။ ဝမ်းပျက်ဝမ်း လျှောရောဂါကြောင့် အသက်ဆုံးရှုံးသည်အထိမရှိသော်လည်း တချို့မှာ ရောဂါပြင်းထန်သည့်အတွက် ထိုင်းနိုင်ငံ တစ်ဖက်ခြမ်း၊ မဲဆောက်ဆေးရုံးကြီးသို့ အရေးပေါ် ပို့ဆောင်ပေးရသူများလည်းရှိကြောင်း အဆိုပါ စစ်ရှောင်ကျန်းမာရေးအတွက် တာဝန်ယူပေးသူက ဆက်ပြောသည်။ Read ni full

၁၃။ စစ်အာဏာရှင်အ​မြစ်ပြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု IPDF ပြောဆို
 May 10, 2024
စစ်အာဏာရှင်စနစ်အ​မြစ်ပြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အင်းလေး ပြည်သူ့ကာကွယ် ရေးတပ် IPDF ( ၁၀၀၉ တပ်ရင်း) ကပြောဆိုလိုက်သည်။ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF (၁၀၀၉ တပ်ရင်း) အပါတ်စဥ် ၈/၂၀၂၄ စစ်သင်တန်းဆင်းပွဲကို မေလ ၇ ရက်နေ့တွင်ကရင်နီပြည် တစ်နေရာတွင် အောင်မြင်စွာပြု လုပ်ပြီး စီးခဲ့ကြောင်း သိရသည်။ ” ကျွန်တော်တို့တပ်ဖွဲ့ရဲ့ အဓိကခံယူချက်ကတော့ တခြား PDF တပ်ဖွဲ့နည်းတူပဲ စစ်အာဏာရှင် အမြစ် ပြတ်တဲ့အထိ တိုက်ထုတ်သွားပြီး ကျွန်တော်တို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ကို ရယူဖို့ပဲ ဖြစ်တယ်” လို့ အင်းလေးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းမှူးက ပြောသည်။ အဆိုပါသင်တန်းဆင်းပွဲတွင် တပ်သားသစ် ၁၀၀ ပါဝင်ပြီး နောက်ထပ်အပါတ် စဥ် ၉ သင်တန်းအတွက် ရဲဘော်သစ်များ အရံသင့်ရှိနေပြီး သင်တန်းထပ်ဖွင့်ရန်ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။
အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အင်းလေးဒေသတွင် တစ်ဖွဲ့တည်းသော တပ်ဖွဲ့ဖြစ်သောကြောင့် အင်းလေး ဒေသအတွင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးပေါင်းစုံအပေါ် တာဝန်ယူမှု တာဝန်ခံမှုပိုရှိရမည်ဖြစ်ပြီး၊ ပိုမိုပြင်းထန်သည့် ခံယူ ချက်မျိုးဖြင့် အာဏာရှင်စနစ်ကို တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ၎င်း ကဆက်ပြောသည်။ လက်ရှိတွင် မဟာမိတ်ညီနောင်တပ် ရင်းများဖြစ်သော PDF/KNDF များနှင့် တိုက်ပွဲဝင်တိုက်ခိုက်လျှက်ရှိနေပြီး တပ်ရင်းအတွင်းတိုးပွားလာသော အင်အားသစ်များ နှင့်အတူ ရဲဘော်များအတွက် စစ်ဝတ်တန်ဆာများ နှင့် စားနပ်ရိက္ခာ လိုအပ်ချက်များရှိနေကြောင်းလည်း ပြောဆိုထားသည်။ IPDF တွင် တိုင်းရင်းသားလူမျိုးစုံ လူငယ်များပါဝင်သည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဖြစ်ကြောင်းသိရသည်။ Read ni full

၁၄။ ကျင်ဒွေးတိုက်ပွဲမှာအကြွေးတင်ခဲ့တဲ့ ကျပ်သိန်းတစ်ထောင် ပြန်ဆပ်နိုင်ဖို့ CDF-Kanpetlet အကူညီတောင်းခံ
 May 10, 2024
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ ကုန်ကျခဲ့တဲ့ စစ်အသုံးအဆာင်ပစ္စည်း အတွက် အကြွေးပေးဆပ်ရန် ကျပ်သိန်း တစ်ထောင်လိုနေတာကြောင့် ပြည်သူများအနေနဲ့ ကူညီထောက်ပံ့ပေး ကြရန် CDF-Kanpetlet က အကူအညီတောင်းထားပါတယ်။ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲဖြစ်တဲ့ ချင်းညီနောင်စစ်ဆင်ရေးမှာ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ၊ ဆေးနဲ့ ဆေးပစ္စည်းများအတွက် ကုန်ကျစရိတ်များစွာရှိခဲ့ကာ CDF-Kanpetlet အနေနဲ့ပြန်လည်ပေးဆောင်ဖို့ ကျပ်သိန်းတစ် ထောင် ကျန်နေသေးတာဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် ဒဏ်ရာ ရတဲ့လူနာတွေကို အချိန်မှီကုသနိုင်ဖို့ ပြည်သူများချွေးနဲစာ များထဲကနေ ထည့်ဝင်လှူဒါန်းတဲ့ အလှူငွေများ ထပ်မံလိုအပ်နေတယ်လို ဆိုပါတယ်။
ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို CDF-Kanpetlet နဲ့မဟာမိတ်တပ်ပေါင်းစုတို့က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီက ကျင်ဒွေးမြို့မကျဖို့အတွက် လေကြောင်း၊လက်နက်ကြီး တို့အပြင် စစ်ကူဖြည့်တင်းမှုတွေလုပ် ခဲ့တာကြောင့် ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ကနေ “အာရက္ခတပ်တော်” AA ရဲ့ စစ်ရေးဦးဆောင်မှုဖြင့် ချင်းညီနောင်စစ်ဆင်ရေး ကို အရှိန်မြှင့်ခဲ့ရာ ၂၀၂၄ ခုနှစ် ဧပြီလ ၂၉ ရက်မှာ ကျင်ဒွေးမြို့ကို အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိ အချိန်တွင် ကျင်ဒွေးမြို့ကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ပျူစောထီး အင်အား ၅၀၀ ခန့်ကျန်ရှိနေတာကြောင့် တော်လှန်ရေးတပ်ပေါင်းစုများက လိုက်လံတိုက်ထုတ်နေရဆဲဖြစ်ပါတယ်။ ဒါ့ကြောင့် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် အတွင်းမှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ထုတ်နိုင်ဖို့နဲ့ စစ်အသုံးစရိတ်များပြန်လည်ဖြည့်တင်းနိုင်ဖို့ CDF-Kanpetlet ကိုအထူးဦးစားပေးထောက်ပံ့ ပေးကြရန် ပြည်တွင်းပြည်ပက မိဘပြည်သူများထံ CDF-Kanpetlet ကအားကိုးစွာနဲ့ အကူအညီတောင်းခံ ထားတာဖြစ်ပါတယ်။ Read ni full

၁၅။ ဟိုပုံးမှာ လူငယ် ၂၂ ဦးကို စစ်ကောင်စီက တိုက်ရိုက် ဆင့်ခေါ်စာနဲ့ စစ်မှုထမ်း ခေါ်ယူ
 May 9, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်မှာ စစ်ကောင်စီက လူငယ် ၂၂ ဦးကို စစ်မှုထမ်းဖို့ အတွက် အခု ရက်သတ္တတစ်ပတ်အတွင်းမှာ ဆင့်ခေါ်စာပို့လာတယ်လို့ ရွာခံတွေက ပြောပါတယ်။ ဟိုပုံးမြို့နယ်၊ လုံဟေးကျေးရွာ အုပ်စု၊ ခိုလှိုင်ကျေးရွာနေ အသက် ၂၀ ကနေ ၃၀ ဝန်းကျင်ကြားအရွယ် အမျိုးသား ၂၂ ဦးဟာ စစ်မှုထမ်းဖို့အတွက် မေ (၇) ရက်က ဟိုပုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန (လဝက)ရုံးမှာ သွားရောက် အမည်စာရင်းသွင်းခဲ့ရတယ်လို့ ဆိုပါ တယ်။ ရွာခံတစ်ဦးက “ပအိုဝ်းဒေသတွေက တခြားမြို့ရွာတွေထက် ပိုကြောက်ရတယ်။ တခြားဒေသတွေက စကစ(စစ်ကောင်စီ) တစ်ခုပဲ ကြောက်ရတာ။ ကျနော်တို့က PNO ရော စစ်တပ်ရော ကြောက်ရတယ်။ ဒီကာလကလည်း လူစားထိုးဖို့ မတတ်နိုင်တော့ သွားကြမယ် ထင်တယ်” လို့ ပြောပါတယ်။
စစ်မှုထမ်း ပါဝင်သူတွေဟာ စစ်သင်တန်း တက်ရောက်ရမယ့် ရက်ကိုမသိရသေးဘဲ စစ်ကောင်စီက လိုအပ်တဲ့အချိန် ခေါ် ယူမှာဖြစ်ပြီး တိန်းရှောင်ထွက်ပြေးသူတွေကို ဝရမ်းထုတ်ကာနေရာအနှံ့ရှာဖွေ ဖမ်းဆီးသွားမယ်လို့ ရွာခံတွေဆီက သိရပါတယ်။ ခိုလှိုင်ကျေးရွာမှာ အရင်လတွေကလည်း ပအိုဝ်းပြည်သူ့စစ် (PNA)က မဲနှိုက်ကာ စစ်မှုထမ်းခေါ်ယူခဲ့ဖူးပြီး ဒီတစ်ကြိမ် ခေါ်ယူမှု ဟာ PNA နဲ့ သက်ဆိုင်မှု မရှိဘဲ စစ်ကောင်စီဘက်က သီးသန့်ခေါ်ယူတာ ဖြစ်တယ်လို့ ဆိုပါတယ်။ PNA နဲ့ နီးစပ်တဲ့ ရွာခံ တစ်ဦး က “ဒီတစ်ခေါက်က မဲမနှိုက်ဘူး။ ဗမာစစ်တပ်က တိုက်ရိုက်ခေါ်တာ။ အခု ၂၂ ယောက်တောင် မသွားရသေးဘူး။ ဒုတိယအသုတ် တွေ စာရင်းလိုက်ကောက်နေပြီ။ နောက်တစ်ကြိမ်တော့ မဲနှိုက်မယ် ကြားတယ်” လို့ ပြောပါတယ်။

၁၆။ လွိုင်ကော်ကိုသိမ်းနိုင်ရန် ဝန်းရံတိုက်ခိုက်နေဆဲဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီ ပြော
 May 9, 2024
ကရင်နီတော်လှန်ရေးတပ်တွေဟာ ပြည်နယ်မြို့တော် လွိုင်ကော်မှာ စစ်ကောင်စီတပ်တွေကို ဝန်းရံတိုက်ခိုက်နေပြီး နောက်ဆုတ်သွားတာမရှိဘဲ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားနေဆဲပဲလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဒုစစ်ဦးစီး ချုပ် မာဝီက ပြောပါတယ်။ လွိုင်ကော်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁၁၁ စစ်ဆင်ရေးနဲ့အတူ ကရင်နီတော်လှန်ရေး တပ်တွေက စတင်ဆင်နွှဲခဲ့ပြီး လက်ရှိအချိန်ထိတော့ မြို့တွင်းတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ လွိုင်ကော်မြို့ထဲမှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နဲ့ စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေနဲ့ အင်အားဖြည့်တင်းထားပြီး စစ်ကြောင်းထိုးတာ တွေ ရှိနေပါတယ်။“လွိုင်ကော်မြို့အခြေအနေခြေအနေက ရှိမြဲ နေမြဲ နေဆဲအတိုင်းပါပဲ။ ဘာမှ နောက်ဆုတ် သွားတာမရှိပါဘူး။ ပုံမှန် ရန်သူနဲ့ထိပ်တိုက်ရင်ဆိုင်နေဆဲဖြစ်တယ်။ တိုက်ပွဲငယ်တွေ ကြိုးကြားကြိုးကြား တိုက်နေဆဲဖြစ်ပါတယ်။ အဲ့လိုအခြေ အနေမှာပဲ ရှိပါတယ်။ တခုခုပြောင်းလဲသွားတဲ့ ပုံစံမျိုး မရှိပါဘူး။ ကျနော်တို့ ၁၁၁၁ စစ်ဆင်ရေးစကတည်းက နောက်ဆုံးရ လဒ်အတိုင်းပဲ ခုထိ ရှိပါတယ်။” လွိုင်ကော်ကို သိမ်းနိုင်ဖို့ တော်လှန်ရေးတပ်တွေက အင်အားဖြည့်တင်းမှုတွေ လုပ်နေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းမှာတင် လွိုင်ကော်ကို အားဖြည့်မယ့် KNDF ဗျူဟာအမှတ် (၇) သင်တန်းဆင်းခဲ့ပြီး အင်အား ၅၀၀ ကျော် ရှိပါတယ်။
မြို့တွင်းမှာလည်း လက်နက်ကြီးနဲ့လေကြောင်းကြောင့် နေအိမ်တွေပျက်စီးတာတွေ ရှိနေပေမဲ့ ပြန်လည်နေထိုင်ဖို့ ပြည်သူတွေကို စစ်ကောင်စီက စည်းရုံးနေပါတယ်။ တိုက်ပွဲတွေ ရှိနေတဲ့အပြင် ပြည်သူတွေကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် သုံးမယ့် အခြေအနေတွေ ရှိနေတယ်လို့ KNDF ဒုစစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။“လွိုင်ကော်မှာ ပြည်သူတွေပြန်လာနေဖို့ စစ်ကောင်စီ စည်းရုံးတယ်ဆိုတာက သူက သူ့ယန္တရား ပြန်လည်ပတ်ချင်လို့လုပ်တဲ့ ကိစ္စတွေပဲဖြစ်တယ်။ သို့သော် တကယ့်လက် တွေ့မှာ အဲ့လောက် မလွယ်ကူဘူး၊ လူထုလည်း နေရဲမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရမ်းသန်းပစ်ခတ်တာတွေ ပြည်သူကို ရန်သူလိုသဘောထားပြီး လုပ်နေတာတွေ ရှိတဲ့အတွက်ကြောင့် လူထုက ပြန်လာနေရင်လည်း အန္တရာယ်ကြားထဲမှာပဲ နေရမယ့်  အခြေအနေရှိတယ်။ လူသားဒိုင်းအဖြစ် သူတို့က ပြန်သုံးမယ့်အခြေအနေမှာရှိနေပါတယ်။” ၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတော၊ မော်ချီး၊ မိုးဗြဲ၊ နန်းဖယ်ခုံ၊ စတဲ့ မြို့ ၇ မြို့၊ ပြည်နယ်ရဲ့ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီလို့ တော်လှန်ရေးတပ်တွေ ဘက်က ပြောပါတယ်။ Read ni full

၁၇။ ဆိုက်ခေါင်တောင်ကျောင်းကြီး စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေ
 May 9, 2024
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်မြို့၊ ဆိုက်ခေါင်တောင်ကျောင်းကြီး ဘုန်းကြီးကျောင်းမှာပြီးခဲ့တဲ့အပတ် အတွင်း စစ်ဘေးရှောင်တွေ နောက်ထပ်ရောက်ရှိလာပြီး စားနပ်ရိက္ခာနဲ့ဆေးဝါးတွေအရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေဆီ က သိရပါတယ်။ ရှမ်း-ကယား(ကရင်နီ)နယ်စပ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီကပစ်နေတဲ့ လက်နက်ကြီးတွေဟာဆီဆိုင်မြို့ တောင်ဘက်မှာရှိတဲ့ ကျေးရွာတွေကိုနေ့တိုင်းကျရောက်နေတာကြောင့် တိမ်းရှောင်လာရတာဖြစ်တယ်လို့ဆိုပါတယ်။ စစ်ရှောင်အရေး ကူညီ ဆောင်ရွက်ပေးနေသူတစ်ဦးက “ပိုက်ဆံတတ်နိုင်သူတွေက ဆိုက်ခေါင်ရပ်ကွက်တွေထဲ အိမ်ငှားနေကြ တယ်၊ ဘုန်းကြီးကျောင်းကသူတွေဆို မပြေလည်ကြဘူး၊ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပြေးလာကြတာ၊ စားဖို့လည်းမရှိကြဘူး” လို့ ပြောပါတယ်။
စစ်ဘေးရှောင်လာသူတွေဟာ ဆီဆိုင်မြို့နယ်အတွင်းက နောင်ကျော၊ တဘက်အုပ်စု၊ တောင်ရှေ့ ကျေးရွာအုပ်စု တွေက ဖြစ်ပြီး  အခုချိန်ထိ လက်ခံထားသူဦးရေ ခန့်မှန်းချေ ၃၀၀၀ ကျော်ခန့် ရှိပြီလို့ ကပ္ပီယတွေဆီက သိရပါတယ်။ ဒါ့အပြင် တိမ်းရှောင် လာသူတွေထဲမှာ ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ မွေးကင်းစကလေး၊ နို့တိုက်မိခင်၊ ကိုယ်ဝန်ဆောင်၊ မသန်စွမ်းနဲ့ နာတာရှည် ရောဂါသည် တွေပါတာကြောင့် စားနှပ်ရိက္ခာတွေအပြင် ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။ Read ni full

၁၈။ ရမ်းဗြဲစစ်ရှောင်နေအိမ်များ ဖောက်ထွင်းခံရ
 May 10, 2024
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့မှ စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေအိမ်တွေ ဖောက်ထွင်းခံနေရပြီး တန်ဖိုးကြီး ပစ္စည်းတွေကို ခိုးယူခံနေရတယ်လို့ မြို့ခံစစ်ရှောင်တွေက ပြောပါတယ်။ ရမ်းဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်နေကြတဲ့ မြို့ခံတွေ နေအိမ်အားလုံးနီးပါးကို ဖောက်ထွင်းခိုးယူသွားတယ်လို့ လောင်းချောင်းရပ်နေစစ်ဘေးရှောင်တဦးက ပြောပါတယ်။ “တိုက်ပွဲဖြစ်လို့ကျမတို့က စစ်ဘေးရှောင်နေရတာ။ ခိုးတဲ့သူတွေ အကြိုက်ဖြစ်သွားတာပေါ့။ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေပဲ ခိုးယူသွားတယ်။ ကိုယ့်လူမျိုးအချင်းချင်း ပြန်ပြီး ခိုးနေတာကိုတော့ စိတ် မကောင်းဖြစ်မိတယ်။ ဒုက္ခရောက်တာက အားလုံးရောက်ကြတာပဲ။ လက်ရှိမြို့ထဲမှာ အဖွဲ့အစည်းနဲ့ သူခိုးတွေပဲ ရှိတာလေ။ ကင်းပုန်းဝပ်ပြီး ထိထိရောက်ရောက် ကိုင်တွယ်စေချင်ပါတယ်။ မဟုတ်ရင် မိအေးနှစ်ခါနာတဲ့အဖြစ်မျိုးဖြစ်နေပြီ။” အခုလို နေအိမ်တွေ ဖောက်ထွင်းခံရတာကြောင့် တော်လှန်ရေးအလွန် ပြန်လည်ထူထောင်ရေး ကာလကျရင် ကျောထောက်နောက်ခံမ ရှိတဲ့ ဒေသခံတွေအနေနဲ့ နေထိုင်ရပ်တည်ရေးအတွက် အခက်အခဲတွေရှိလာမှာကို စိုးရိမ်နေကြကြောင်း မြို့ခံစစ်ရှောင်တွေထံက သိရပါတယ်။
ရမ်းဗြဲမြို့ကင်းတဲရပ်မှ စစ်ရှောင်တဦးက “မြို့ကထွက်လာတာ ၄ လကျော်ပြီ။ ကျနော်တို့ အိမ်ကတော့ လက်နက်ကြီး ကျပြီး မီးလောင်သွားလို့ တခါပဲစိတ်ဆင်းရဲရတာ။ မဟုတ်ရင် နေ့တိုင်း စိတ်ဆင်းရဲနေရဖို့။ တချို့မြို့က ပြန်လာတဲ့လူတွေပြောတာတော့ လေးငါးယောက် လောက်ဖမ်းမိထားပြီးအပြစ်ပေးထားတယ်လို့ပြောတယ်။ တမြို့လုံးအိမ်က ပစ္စည်းတွေကုန်နေပြီ။ အိမ်ထရံပျဥ်ချပ်တွေပါမရှိတော့ဘူး” လို့ ပြောပါတယ်။ ရမ်းဗြဲမြို့မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၈ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ AA တို့ အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာက သုံးလအကြာ အခုနှစ် မတ် ၁၁ ရက်မှာ AA ဘက်က အပြီးသတ်တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ Read ni full

၁၉။ ကွတ်ခိုင်မြို့နယ်၌ စစ်ကျန် လက်နက်ကျည် ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ
 May 9, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယ ကျေးရွာအုပ်စု၊ မိုင်းယရွာမှာ မေ ၇ ရက်  နေ့ခင်းပိုင်းက ကလေး ၅ ဦး စစ်ကျန် လက်နက်ကျည် ကောက်ကိုင်ရာက ပေါက်ကွဲသွားလို့ ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရထားကြောင်း ဒေသခံ တွေဆီက သိရပါတယ်။ ဒေသခံ အမျိုးသမီးတဦးက “မိုင်းယရွာမှာ ကလေးတွေ စစ်ကျန် လက်နက်ကျည် ကောက်ကိုင်ဆော့လို့ ပေါက်ကွဲသွားတာတဲ့ မနေ့က။ ၃ ယောက်က ဆေးရုံမှာ။ ဒီ အရွယ်က မျက်စိနောက်အောင် ဆော့တဲ့ အရွယ်လေ။ တိုက်ပွဲဖြစ်ဖူး တဲ့ နေရာတွေမှာ စစ်ကျန် ပစ္စည်းတွေ ကောက်ကိုင်တာတွေ မလုပ်ဖို့ ကလေးတွေကို မိဘတွေအနေနဲ့ ကောင်းကောင်းနားလည်အောင် ပြောပြရမှာဖြစ်တယ်။ မထိ၊ မကိုင်ကြဖို့ အမြဲ သတိပေး ပြောနေရမှာ” လို့ ပြောပါတယ်။

ကွတ်ခိုင် ဒေသခံ အမျိုးသားတဦးကလည်း “ကြေမွသွားတာပဲ။ ကလေးတွေ သနားပါတယ်။ ၂ ယောက် ဆုံးသွားတယ်။ ၃ ယောက်က ထိခိုက်ဒဏ်ရာရထားတယ်။ ထိခိုက်ဒဏ်ရာရထားတဲ့ ကလေး ၃ ယောက်က မနေ့ည ၁၁ နာရီမှာ ကွတ်ခိုင်ဆေးရုံ ရောက်လာတယ်”လို့ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာပေါက်ကွဲနိုင်တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေအများအပြား ရှိနေနိုင်တာကြောင့် မိုင်းအန္တရာယ် ကာကွယ်နိုင်ဖို့ မိုင်းအသိပညာပေးတာမျိုး များများလုပ်ပေးဖို့ အရေးကြီး လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ Read ni full

၂၀။ ခတ်ချိုကျေးရွာအဝင်လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တင်းကြပ်စွာစစ်ဆေး၊ ဆန်သယ်ယူခွင့်ပိတ်ပင်သည်ဟုဆို
 May 10, 2024
ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာအဝင်လမ်းဆုံတွင် ယနေ့ မွန်းတည့် ၁၂ နာရီခန့်မှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲနှင့် ယာဉ်ထိန်းရဲများက လမ်းသွားလမ်းလာပြည်သူများကို တင်းကြပ်စွာစစ်ဆေးနေကြောင်း သိရသည်။ ဧရာဝဏ်စက်သုံးဆီ ပန့်ဆိုင်ရှေ့တွင် စစ်ဆေးမှုပြုလုပ်နေခြင်းဖြစ်ပြီး သယ်လာသည့် ဆန်များကို ထားခဲ့ခိုင်းကြောင်း ဝိုင်းမော်ဒေသခံပြည်သူ တစ်ဦး က ပြောသည်။“အစစစ်ဆေးလာတဲ့အချိန်ကတော့ ယာဉ်ထိန်းရဲပါတယ်။ ရဲတွေနဲ့အရပ်ဝတ်တွေ စစစ်နေတာ။ တစ်နာရီ လောက်ကြာတော့ နောက်ထပ်စစ်သားတွေပြန်ရောက်လာတယ်။ ရဲမေတွေလည်းပါတယ်။ စစချင်းတော့ ဆန်ကိုအဓိကစစ်နေ တာ၊ ဆန်ပါရင်အဲ့မှာချထားခိုင်းတယ်။ ယူသွားလို့မရဘူး။ နောက်တော့အားလုံးစစ်နေတော့တာပဲ” ဟုပြောသည်။
ဖြတ်သွားဖြတ်လာ ဆိုင်ကယ်နှင့် ကားများကို တားဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။ မေးမြန်းခြင်းအပြင် ဖုန်း များကိုလည်း စစ်နေပြီး လမ်းဘေးတွင်လည်း သိမ်းဆည်းထားသော ဆန်အိတ်များကို တွေ့ရသည်ဟု မျက်မြင်တွေ့ရှိသူ လူငယ် တစ်ဦးက ပြောသည်။“ဘယ်သွားမယ်၊ ဘယ်ကပြန်လာတယ်တွေစစ်တယ်။ လမ်းဘေးမှာ ဆန်အိတ်တွေလည်း‌ တွေ့ခဲ့တယ်။ ကျွန်တော်ကဖုန်းကိုထားခဲ့တော့မစစ်ဘူး။ တခြားနောက်ကိုသူတွေကိုတော့စစ်နေတယ်။ အသွား အပြန် အားလုံးကိုစစ်တာ၊ ခတ်ချိုကနေ ထွက်လာရင်လည်းစစ်တယ်။ ခါးရှိရွာကနေ ပြန်လာရင်လည်းစစ်တယ်။ ထွက်သွားရင်လည်းစစ်တယ်”ဟုပြော သည်။ Read ni full

၂၁။ လားရှိုးတွင် စစ်ကောင်စီက စစ်ရေးအရ အရေးပေါ်  အဆင်သင့်ပြင်ဆင်ထားရန် ညွှန်ကြားချက် ထွက်လာ
 May 10, 2024
အကြမ်းဖက်စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့နယ်သို့ စစ်အင်အားများနှင့် ခဲယမ်းများ  အလုံးအရင်းဖြင့်ပို့ဆောင်နေပြီး စစ်ရေးအရအဆင်သင့် ပြင်ဆင်ထားရန် ညွှန်ကြားထားကြောင်းသိရှိရသည်။ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ပြည်သူ့စစ်တပ်ဖွဲ့များ၊ ရှမ်းပြည်နယ် တစ်ခွင်မှ ပြည်သူ့စစ်တပ်ရင်းများကို နေ့စဉ် ခေါ်ယူနေပြီး လက်နက်များလည်း တပ်ဆင်နေကြောင်း၊ နိုင်ငံတစ်ဝန်း တပ်ရင်းများ မှ ထုတ်နုတ်အင်အားများကိုလည်း လားရှိုးသို့ လေယာဉ်များဖြင့် ပို့ဆောင်နေပြီး လက်နက်ခဲယမ်းများကိုလည်း လေကြောင်းမှ တစ်ဆင့် နေ့စဉ် ပို့ဆောင်လျက်ရှိကြောင်း သိရှိရသည်။
“ဒီရက်ပိုင်းအတွင်းမှာပဲ စစ်ရေးအရ ၂၄ နာရီ အမြဲမပြတ် သတိနဲ့ ပြင်ဆင်ဖို့ ညွှန်ကြားချက်တွေရှိပါတယ်။ လာတိုက်ခံ ရမှာမို့လို့လား၊ ပြန်တိုက်ဖို့လားတော့ ဆိုတာတော့ ညွှန်ကြားမှုမှာ မပါဘူး။ ၂၄ နာရီ အမြဲမပြတ် စစ်ရေး အဆင်သင့်ပြင် ထားရ မယ်။ တပ်တည်၊ တပ်ချီ တပ်လှုပ်ကို အမိန့်ပေးတာနဲ့ ချက်ချင်းတက် ချက်ချင်းလှုပ်ရှားနိုင်တဲ့အထိ ပြင်ဆင်ထားဖို့ ညွှန်ကြား တယ်။ အရေးပေါ် အဆင်သင့်ဖြ.;lko 0nblpnjစ်နေရမယ်လို့ ညွှန်ကြားတာပါ”ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြော ဆိုသည်။ လားရှိုးအခြေစိုက် စစ်ဘက်သတင်းရင်းမြစ်ကလည်း လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များ အားလုံးတွင် ယခုရက်ပိုင်းအတွင်း အရေးပေါ် စစ်ရေးသတိဖြင့် တပ်လှန့်ထားပြီး စစ်ပြင်ထားရကြောင်း၊ လားရှိုးတွင် စစ်တပ်အင်အား စုစုပေါင်း ထောင်ချီ၍ ရောက်ရှိအသင့် ပြင်ဆင်ထားကြောင်း ပြောဆိုသည်။   Read ni full

၂၂။  ဒီးမော့ဆို- မော်ချီး ကုန်စည်တင်ပို့ရာမှာ ပေးဆောင်ရတဲ့ အခွန်ခ များတာကြောင့် ပြည်သူတွေအခက်တွေ့
 May 10, 2024
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသဘက်ကို အခြေခံစားသောက်ကုန်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို တင်ပို့တဲ့နေရာမှာ ပေးဆောင်ရတဲ့ အခွန်ခတွေများနေတာကြောင့် ကုန်စည်ပို့ဆောင်နေသူတွေ အခက်တွေ့နေသလို ဝယ်ယူစားသုံး နေတဲ့ ပြည်သူတွေအတွက် ကုန်စျေးနှုန်းကြီးမြင့်တာတွေ ဖြစ်ပေါ်စေတယ်လို့ ကုန်စည်တင်ပို့နေသူ တစ်ဦးက ပြောပါတယ်။ မော်ချီးဒေသက ပြည်သူတွေဟာ စားသောက်ကုန်၊ အသုံးအဆောင်၊ စက်သုံးဆီတွေကို ဒီးမော့ဆိုမြို့နဲ့ နယ်စပ်ဒေသကနေ ပြန် လည်ဝယ်ယူကြတာဖြစ်ပါတယ်။ ဒီလို ကုန်စည်တွေကိုတင်ပို့တဲ့နေရာမှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ထံ သွားလာရေးအတွက် ခွင့်ပြုချက်လက်မှတ်အပြင် တပ်ရင်းတပ်ဖွဲ့တွေဆီက ထောက်ခံစာကိုပါ ရယူနေရပြီး ကုန်စည်အတွက်  သတ်မှတ်ထားတဲ့ အခွန်ခတွေကိုလည်း ပေးဆောင်ရတယ်လို့ သိရပါတယ်။ “IEC လက်မှတ် က (၃)သိန်း၊ တပ်ရင်း ထောက် ခံစာက (၅)သိန်း စုစုပေါင်း (၈)သိန်းပေါ့နော်။ ဒါမဲ့ ကန့်သတ်ကုန်တွေဘာတွေဆို သပ်သပ်ထပ်ပေးရတယ်ပေါ့။ အကြမ်းအားဖြင့် သိတာတော့ ဘီယာက တစ်ဖာကို (၅)ထောင်၊ ဆန်က တစ်အိတ် (၅)သောင်း အဲ့လိုပေးရတာပေါ့။” လို့ ဒီးမော့ဆိုမှ မော်ချီးကို ကုန်စည်တင်ပို့နေသူတစ်ဦးက ပြောပါတယ်။
IEC ကနေ သတ်မှတ်ထားတဲ့ ကန့်သတ်ကုန်တွေကတော့ ဘီယာ၊ ဆန် နဲ့ စက်သုံးဆီ တွေဖြစ်ပါတယ်။ ဒီးမော့ဆို – ဖားဆောင်း- မော်ချီးဒေသဖက်ကို ကုန်စည်တင်ပို့သူတွေက သယ်ယူပို့ဆောင်ခွင့်လက်မှတ်ကို ပြုလုပ်ထားရတယ်လို့ သိရပါ တယ်။  အခုလိုအခွန်များတာကြောင့်  မော်ချီးဒေသဘက် ရောက်သွားတဲ့ကုန်ပစ္စည်းတွေကို စျေးနှုန်းမြင့်တင်ရောင်းရတဲ့အတွက် ကုန်စျေးနှုန်းတွေ မြင့်တက်လာပြီး ပြည်သူတွေအခက်တွေ့နေကြတယ်လို့လည်း ကုန်စည်တင်ပို့နေသူတစ်ဦးက ဆက်ပြောပါ တယ်။ “များတယ်လို့ ထင်တာထက် တစ်ခါတလေ လက်မှတ်က ဆိုင်ရာ၊ ပိုင်ရာတွေပဲ အဆင်ပြေတာပေါ့။ ကိုယ်တွေက အသိ မိတ်ဆွေမရှိတော့ တောင်းဝယ်ရတယ်။ များတယ်လို့ပြောရမှာပဲ ပြီးရင်ဒီထိရောက်ရင် အများအတွက်လဲ ဈေးပြန်တင်တော့ ပြည်သူလူထုအတွက်လဲ မကိုက်ဘူးပေါ့။ ကုန်တင်သူအတွက်လဲ အဆင်မပြေဘူးပေါ့။ ဈေးကိုလာတင်ရောင်းရတယ်ဆို‌ တော့။” လို့ ကုန်စည်တင်ပို့နေသူတစ်ဦးက ဆက်ပြောပါတယ်။ ခဲသတ္တုတွင်းကိုသာ အဓိက မှီခိုအားထားပြီး အသက်မွေးဝမ်းကြောင်း ပြုနေတဲ့ မော်ချီးဒေသမှာ အာဏာမသိမ်းခင်က ကုန်ဈေးနှုန်းပုံမှန်ရှိပေမဲ့ ဒေသတွင်းတိုက်ပွဲဖြစ်ပွားလာပြီး နောက်ပိုင်း လမ်းပန်း ဆက်သွယ်ရေးခက်ခဲပြီး ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ Read ni full

၂၃။ မြေပုံဒေသခံ ၄ ဦး ကျောက်ဖြူတွင် ဖမ်းဆီးခံထားရ
 May 10, 2024
ကျောက်ဖြူမြို့သို့ စက်လှေဖြင့် လာရောက်ကြသည့် မြေပုံဒေသခံ ၄ ဦးမှာ မေလ ၈ ရက်နေ့က စစ်ကောင်စီရေတပ်မှ ဖမ်းဆီးခြင်းကို ခံလိုက်ရကြောင်း နီးစပ်သူများက ပြောသည်။ ဖမ်းဆီးခံရသူများမှာ ဦးကျော်သန်းအေး၊ ကိုညီညီ၊ ဦးဇော်ဇော်နှင့် နောက်ထပ်တစ်ဦးတို့ဖြစ်ပြီး ၎င်းတို့မှာ မြေပုံမြို့နယ် စညှင်းနှင့် ကမ်းထောင်းကြီးတို့မှ ဖြစ်ကြောင်းသိရသည်။ လက်ရှိ ဖမ်းဆီးခံရ သူများနှင့် အဆက်သွယ်မရရှိဘဲရှိနေပြီး မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုလည်း မသိရှိရဟု စညှင်းကျေးရွာသားတစ်ဦးက ပြောသည်။ ” အဖမ်းခံရတယ်လို့ ကြားကြတယ်။ ကြားကြားချင်းပဲ ဖုန်းဆက်ကြတယ်။ ပထမ ဆက်တုန်းကတော့ ဖုန်းကဝင် တယ်။ နောက်စက်ပိတ်သွားတယ်။ အခုဘယ်နေရာမှာ ရှိနေလဲဆိုတာလည်းမသိရသေးပါဘူး။ မိသားစုတွေကတော့ စိတ်ပူနေကြတယ်။”ဟု ပြောသည်။

၎င်းတို့မှာ မဒေးကျွန်းဖက်တွင် စက်လှေဖြင့် သွားလာနေစဥ် စစ်ကောင်စီ၏ ဇက်ရေယာဥ်ဖြင့်တွေ့ကာ ဖမ်းဆီးခံကြရ ခြင်းဖြစ်ပြီး မေလ ၉ ရက်နေ့တွင်လည်း ဘုတ်တစ်စီး ထပ်မံဖမ်းဆီးခံရမှုရှိသည်ဟု မဒေးကျွန်းဖက်မှ ဒေသခံတစ်ဦးက ပြော သည်။ “မနေ့က စက်လှေတစ်စီး အဖမ်းခံရတယ်။ နေဗီနဲ့ ထိပ်တိုက်တွေ့တယ်နဲ့ တူတယ်။ စက်လှေကို သူတို့(စစ်ကောင်စီ) ကမ်းထိုးဇက်ပေါ်မှာ တင်သွားတာတွေ့လိုက်ကြတယ်။ လူတွေကိုတော့ ၃၄ တပ်ရင်းမှာ ဖမ်းထားတယ်လို့ ကြားတယ်။ ဒီနေ့ လည်း ဘုတ်တစ်စီး အဖမ်းခံရတယ်။ လူဘယ်နှယောက် ဘယ်သူဘယ်ဝါဆိုတာတွေတော့ သေချာမသိနိုင်ဘူး” ဟု ပြော သည်။ ကျောက်ဖြူမြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဒေသခံလူငယ် ၉ ဦးထက်မနည်းကို စစ်ကောင်စီမှ ဖမ်းဆီးမှုရှိခဲ့ပြီး ရက်ပိုင်းအကြာတွင် ပြန်လည်လွှတ်ပေးမှုရှိခဲ့သည်။ Read ni full

၂၄။  တိုက်ပွဲပြင်းထန်လာသည့် ဝိုင်းမော်မြို့နယ်ရှိ ဒဘက်ချောင်းကူးတံတားကို စစ်ကောင်စီတပ်က  မိုင်းခွဲဖျက်ဆီး
 May 9, 2024
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနား-ဗန်းမော် လမ်းရှိ ဒဘက်ချောင်းကူးတံတားကို စစ်ကောင်စီက မိုင်းခွဲဖျက် ဆီးလိုက်ကြောင်း သိရသည်။ စစ်ကောင်စီ၏ ရွှေညောင်ပင်အခြေစိုက် ခလရ ၃၂၁မှ စစ်ကောင်ဏီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ မေ ၈ ရက်ညပိုင်းကရောက်ရှိလာပြီး မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ဒဘတ်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ များထံကသိရသည်။ ဒဘတ်ချောင်းကူးတံတားသည် အရှည်ပေ ၁၀၀‌ ကျော်ရှိပြီး ဒေသအတွက် ကူးသန်းသွားလာရေးတွင် အရေး ပါသော တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။ “တံတားတစ်ဖက်မှာက သူတို့ စစ်စခန်းရှိတယ်လေ။ KIA က အဲဒီ့ ဘက်ကူး လာပြီး လာတိုက်မှာစိုးလို့ တံတားချိုးတယ်ပြောတယ်။ မိုင်းခွဲတာပါ။ အသံအကျယ်ကြီးကြားပြီး အိမ်တွေတောင်တုန် ကုန်တယ်”  ဟု ဝိုင်းမော်ဒေသခံ တစ်ဦးက ပြောသည်။
ဝိုင်းမော်ရှိ စစ်စခန်းများကို KIA က သိမ်းပိုက်တိုက်ခိုက်ထားသည့်အတွက် စစ်ကောင်စီက လက်ကျန် တပ်ရင်းနှင့် စခန်း များတွင်စုနေပြီး ၎င်းတို့ဘက်သို့ကူးမလာစေရန် ယခုကဲ့သို့ တံတားများကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ KIA သည် ဧပြီ ၈ ရက် ညနေပိုင်းတွင် မိုးမောက်မြို့ရှိ စစ်ကောင်စီ၏ ခလရ -၄၇ မှလွဲ၍ မိုးမောက်တစ်မြို့လုံးကို ထိန်းချုပ်ထားလိုက်ပြီဖြစ် ကြောင်း သိရသည်။ ထို့အပြင် မေ ၇ ရက် တစ်ရက်တည်းတွင်ပင် ဗန်းမော်၊ မိုးမောက်၊ ဝိုင်းမော်နှင့် မံစီမြို့နယ်တို့မှ စင်းခန်း ဧရာဝတီမြစ်ကူးတံတားစောင့်စခန်း၊ တာဝါတိုင်စခန်း၊ ခလရ ၅၆၊ ခလရ ၁၀ ၊ ဗန်းမော်တာဝါတိုင်စခန်း၊ ဝိုင်းမော် မုန်ကာဇွပ် လောဖြူး၊ ဖော့ဒေါ့စခန်း၊ စင်းခန်းစစ်စခန်း၊ ဧရာဝတီမြစ်ကူးတံတားလုံခြုံရေးဂိတ်စခန်း၊ စင်းခန်းချောင်းကူးတံတား လုံခြုံရေး ကင်းစခန်း၊ စင်းခန်းနယ်မြေစခန်းတို့ကို KIA က သိမ်းယူနိုင်ခဲ့သည်။ Read ni full

၂၅။ စစ်ရှောင်စခန်းတစ်နေရာရှိ မူလတန်းကျောင်းမှာ ရေသိုလှောင်ထားဖို့ မိုးကာ နဲ့ ကျောင်းအသုံးအဆောင်ပစ္စည်းလိုအပ်
 May 9, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်နေရာမှာ မူလတန်း(လွန်) စာသင်ကျောင်း မှာရေသိုလှောင်ဖို့အတွက် မိုးကာလိုအပ်နေတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။ အဆိုပါကျောင်းမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ရေသိုလှောင်ဖို့လိုအပ်နေတာဖြစ်ပြီး၊ ပြီးခဲ့တဲ့စာသင်နှစ်တွေမှာ မိုးကာ လှူဒါန်းပေးတာရှိပေမဲ့ ဆွေးမြေ့နေပြီဖြစ်တယ်လို့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။“မိုးကာ ခါကျတော့ သူတို့ လှူထား တယ်။ လှူတာကတော့ မလောက်ဘူးပေါ့နော်။ ဒါကလဲ မိုးရွာအုံးမယ်ရေခံရမယ် မိုးတွင်းဆိုတော့ အဲ့လိုတွေရှိတာပေါ့။ မိုးကာ တွေလဲ လိုတယ် အဲ့လိုမျိုးတွေ တော့ရှိတယ်။ မိုးကာလဲ ခနခဏ ပါ အဲလိုဆိုတော့ မိုးကာတော့ အခက်အခဲရှိတယ်။ လိုအပ်ချက် ပေါ့နော် မိုးတွင်းဆိုတော့ မိုးရေတွေလှောင်ထားတယ်ဆိုတော့ ဒီမှာတွေပြန်ခံ ဒီဖက်ကိုပြန်ထည့် နှစ်တိုင်းခါကျတော့ လဲလှယ် ပေး ရတယ်။ တစ်နှစ်တောင် မခံဘူးမိုးထိလိုက်နေပူထိလိုက် ခဏလေးနဲ့ပျက်တယ်”လို့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။
အဆိုပါ မူလန်းတန်း(လွန်)ကျောင်းမှာ KG အတန်း ကနေ (၇) တန်းရှိပြီး သင်ကြားရတဲ့ ဘာသာရပ်တွေမှာ အင်္ဂလိပ်စာ၊ မြန်မာစာ၊ သင်္ချာ၊ ကရင်နီစာ၊ ပထဝီ၊ လူမူရေး စတဲ့ဘာသာရပ်တွေအပြင် စိတ်ပိုင်းဆိုင်ရာဖြေလျော့ဖို့အတွက်လည်း တစ်ပတ်မှာ တစ်ကြိမ် ကိုယ်လက်လှုပ်ရှားတာ၊ သီချင်းဆိုတာ၊ ဂိမ်းဆော့တာ စတာတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ မေလ ၆ ရက်နေ့က စပြီး စာသင်ကြားနေပြီဖြစ်သလို သင်ထောက်ကူပစ္စည်းတွေနဲ့ ဘောပင်၊ ခဲတံ၊ စာအုပ် တွေ လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါ တယ်။ အဆိုပါ ကျောင်းမှာတော့ ကျောင်းသားဦးရေ (၁၃၆)ဦးရှိပြီး ဆရာ၊ ဆရာမ ၉ ဦးနဲ့ သင်ကြားနေတယ်လို့ သိရပါတယ်။ Read ni full

၂၆။ နန့်ယားကျေးရွာကို ပြန်လည်ထူထောင်ရေးလုပ်ဆောင်ပေးဖို့ဒေသခံတွေ တောင်းဆို
 May 9, 2024
ဖားကန့်သွားလမ်းမပေါ်မှာရှိတဲ့ နန့်ယားကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နေရပ်ပြန်ကြတဲ့ ဒေသခံပြည်သူတွေ နေစရာ အခက်အခဲဖြစ်နေတာကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့ ဒေသခံ‌တွေ တောင်းဆို နေကြပါတယ်။ တိုက်ပွဲအတွင်း မီးလောင်ပျက်စီးသွားတဲ့ လူနေအိမ် စုစုပေါင်း ၅၀ ခန့်ရှိပြီး အဲဒီထဲကအိမ်ထောင်စု ၂၀ ကျော်ဟာ အိမ်ခြေမဲ့နေစရာအခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိမှာ နန့်ယားကချင်နှစ်ခြင်းအသင်းတော် KBC ကတော့ ကိုယ်ထူကိုယ်ထစနစ်နဲ့ အသင်းသူ/သားတွေ နေထိုင်ဖို့ ဝါးလုံးတွေထိုးပြီး ယာယီဝါးတဲတွေ တာဝန်ယူဆောက် လုပ်ပေးနေတယ်လို့ နန့်ယားဒေသခံအမျိုးသားတစ်ယောက် ပြောပါတယ်။
“အသင်းတော်ကနေ တတ်နိုင်သလောက် စုပေါင်းပြီး ခဏနေလို့ရအောင် ခေတ္တယာယီနေဖို့ တဲဆောက်ပေးနေတယ်။ ပြီးရင် အားလုံးကိုလည်း မလုပ်ပေးနိုင်ဘူး။ KBC အသင်းတော်ထဲက လူတွေကိုပဲလုပ်ပေးနိုင်သေးတယ်။ အခုအချိန်တော့ ဘယ်သူမှ လုပ်ပေးသေးတာမရှိသေးဘူး”လို့ပြောပါတယ်။ နန့်ယားကျေးရွာဟာ တိုက်ပွဲနေရာဖြစ်ပွားခဲ့တာကြောင့် ကျေးရွာရဲ့ သုံးပုံတစ်ပုံက ထိခိုက်ပျက်စီးသွားတာကြောင့် လက်ရှိ ထိန်းချုပ်ထားတဲ့ KIO အစိုးရအနေနဲ့ အချက်အလက်တွေ ကောက်ယူပြီး ပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။ နန့်ယား ကျေးရွာကို KIA က ဧပြီလ ၁၇ ရက်နေ့ ကျေးရွာတစ်ခုလုံးကို သိမ်းပိုက်လိုက်တဲ့နောက်ပိုင်း KIO အုပ်ချုပ်ရေးယန္တရားတွေ စတင်လည်ပတ်နေပြီဖြစ်ပေမယ့် ကျေးရွာအတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေကို တစ်စုံတစ်ရာ ပြောဆိုတာမရှိသေးဘူးလို့ ဆိုပါတယ်။ ဒါကြောင့် လက်ရှိမှာ နေထိုင်အစရာ အခက်အခဲဖြစ်နေတဲ့ KBC မိသားစုဝင်အတွက် အသင်းတော်ကတာဝန်ယူပြီး ယာယီနေထိုင်ဖို့ တဲစခန်းဆောက်လုပ်နေတယ်လို့ သိရပါတယ်။ Read ni full

၂၇။ အခြား EAOs များနှင့် ညှိနှိုင်းပြောဆိုရေး 7 EAO Alliance ၏ ရှေ့လုပ်ငန်းစဥ်အဖြစ် ထည့်သွင်းချမှတ်
 May 9, 2024
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်-NCA လက်မှတ်ရေးထားသော တိုင်းရင်းသား လက်နက် ကိုင် (၇) ဖွဲ့တွင် မပါဝင်သေးသော (EAOs) အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းပြောဆိုရေးလုပ်ငန်းအား အဖွဲ့ ၏ ရှေ့လုပ်ငန်းစဥ်အဖြစ် ထည့်သွင်းချမှတ်ခဲ့ကြောင်း 7 EAO Alliance က ပြောသည်။ မေလ (၇)ရက်မှ (၈)ရက်နေ့အထိ (၂)ရက် တာ အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် 7 EAO Alliance ၏ ဦးဆောင်အဖွဲ့အစည်းအဝေးတွင် ရှေ့လုပ်ငန်းစဥ်အနေဖြင့် သက်ဆိုင်သော နိုင်ငံရေး အင်အားစုများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးသာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇)ဖွဲ့တွင် မပါဝင်သေးသော အခြားအဖွဲ့များနှင့် ညှိနှိုင်းရေးကိုပါအဖွဲ့၏ ရှေ့လုပ်ငန်းစဥ်အဖြစ် ချမှတ်နိုင်ခဲ့သည်ဟု မဟာမိတ်အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။
“ရလဒ်အနေနဲ့ကတော့ 7 EAO Alliances ရဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ ရှေ့လုပ်ငန်းစဥ်တွေကို ဆွေးနွေး အတည်ပြု ချက်ရယူပြီး လုပ်ငန်းကော်မတီရဲ့လုပ်ငန်းနဲ့တာဝန်တွေကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။ ရှေ့လုပ် ငန်းစဥ်အနေနဲ့ သက်ဆိုင်တဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ချိတ်ဆက် ဆောင်ရွက်နိုင်တဲ့ကိစ္စတွေကိုလည်း အတည် ပြုနိုင်ခဲ့ပါတယ်။ ကျနော်တို့ EAO တွေဘက်က ဒီ(၇)ဖွဲ့ထဲမှာမပါသေးတဲ့ တခြား EAO တွေနဲ့ညှိနှိုင်းဖို့ ရှေ့လုပ်ငန်းစဥ်အနေနဲ့လည်း ချမှတ်နိုင်ခဲ့ပါတယ်။” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။ ထို့အပြင် 7 EAO Alliance ၏ လုပ်ငန်းကော်မတီတွင် ပါဝင်သွားမည့် ကိုယ်စားလှယ်များအား အတည် ပြုနိုင်ရေးကိုလည်း ရှေ့လုပ်ငန်းစဥ်အဖြစ် ထည့်သွင်းဆွေးနွေးခဲ့သလို လက်ရှိအကြပ်အတည်းကာလတွင် ပြည်သူလူထု နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေးနည်းလမ်းဖြင့် အဖြေရှာရန်၊ ပြည်သူလူထုအသံကိုဖော်ထုတ်ရေး ရှေ့ဆက်ကြိုးပမ်းနိုင်ရန်ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း DKBA ထံမှ သိရသည်။ Read ni full

၂၈။ ရွှေကုက္ကိုလ်ကို ပေးထားသော ဖုန်းနှင့် အင်တာနက်လိုင်းများကို ထိုင်းဘက်က ဖြတ်တောက်
 May 10, 2024
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် မြဝတီခရိုင် ရွှေကုက္ကိုလ်မြို့ကို ထိုင်းဘက်က ပေးထားသော  အင်တာနက်နှင့် ဖုန်း လိုင်းများကို  ၁၅ ရက်အတွင်း ဖြတ်တောက်ရန် ညွှန်ကြားထားကြောင်း သိရသည်။ ထိုင်း အမျိုးသားအသံလွှင့်ဌာနနှင့် ဆက်သွယ် ရေးကော်မရှင်(NBTC)က တာ့ခရိုင်မဲဆောက်မြို့တွင် ယမန်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အဆိုပါ ကော်မရှင် တာဝန်ရှိသူက တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်နှင့် မယ်လမ မြို့နယ်မှတဆင့် ရွှေကုက္ကိုလ်ကို ပေးထားသော အင်တာနက် ကေဘယ် ကြိုးလိုင်းပေါင်း ၉၆ လိုင်း ရှိကြောင်းနှင့် ၁၅ ရက်အတွင်း ဖြတ်တောက်ပေးရန် အဆိုပါ အင်တာနက်လိုင်းမှ တာဝန်ရှိသူများကို အကြောင်းကြားထားကြောင်း ပြောဆိုခဲ့သည်။
ယခုကဲ့သို့ ဖြတ်တောက်မှုကို ထိုင်းအစိုးရပိုင် NBTC နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများက ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး အွန်လိုင်းလိမ်လည်ဂိုဏ်းမျာရှိရာ ရွှေကုက္ကိုလ်မြို့ကို အင်တာနက်လိုင်းများ ပေးနေခြင်းသည် တရားမဝင်ကြောင်းလည်း သတင်း စာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။  ထိုင်းအစိုးရအနေဖြင့် ပြီးခဲ့သည့်နှစ် ဇွန်လတွင်လည်း ရွှေကုက္ကိုလ်သို့ ပေးထားသော လျှပ်စစ်မီးနှင့် အင်တာနက်၊ ဝိုင်ဖိုင်လိုင်းများကို ဖြတ်တောက်ခဲ့သေးသည်။ Read ni full

၂၉။မိုးကုတ်မှာ စစ်ကောင်စီက TNLA စခန်းနေရာကို လက်နက်ကြီးနဲ့ပစ်ခတ်
 May 9, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးကုတ်မြို့နယ်ထဲက TNLA(တအာင်း)တပ်ရှိရာစခန်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့  PSLF/TNLA သတင်းနဲ့ပြန်ကြားရေးဌာနက မေလ ၈ ရက် မှာ ဖော်ပြလာပါတယ်။ မိုးကုတ် အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ ခလရ-၁၄၈ နဲ့ ခလရ-၇၁ တို့က ဖြူရောင်ကျေးရွာမှာရှိတဲ့ TNLA စခန်းကို မေလ ၄ ရက်နေ့က လက် နက်ကြီး ၄ လုံးအပြင် လက်နက်ငယ်တို့နဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ အဆိုပါ ပစ်ခတ်မှုက ဖြူရောင်ကျေးရွာနဲ့ ညောင်ကုန်း ကျေးရွာ နှစ်ခုကြားကို ကျရောက်ပေါက်ကွဲခဲ့ပြီး တစ်စုံတစ်ရာ ထိခိုက်သေဆုံးတာမရှိဘူးလို့ ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ ဖန်နဝါရီလ ၁၁ ရက် မှာ တရုတ်က ကြားဝင်စေ့စပ်ပေးမှုနဲ့ ညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့အကြား ယာယီ အပစ်ရပ်ရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပေမယ့် အပစ်ရပ်ပြီးနောက်ပိုင်း စစ်ကောင်စိတပ်ဟာ ညီနောင်မဟာမိတ် တပ်စခန်း တွေရှိတဲ့နေရာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းအသုံးပြု ဗုံးကြဲတာတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။ Read ni full

၃၀။ လွိုင်ကော်တက္ကသိုလ် ပါချုပ်အပါ ၅ ဦးကို IEC လွတ်ငြိမ်းဖြင့် ပြန်လွှတ်
May 10, 2024
လွိုင်ကော်မြို့ တိုက်ပွဲအတွင်း ဖမ်းဆီးထိန်းသိမ်းထားသော လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်အပါ အဝင် ၅ ဦးကို မေလ ၈ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က  မေလ ၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။ ပါမောက္ခချုပ် ဦးအောင်ခင်မြင့် နှင့် ဒုပါမောက္ခချုပ် ဒေါ်သီတာ အပါအဝင် ၅ ဦးကို လူသားချင်း စာနာထောက်ထားမှုအရ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
၂၀၂၃၊ နိုဝင်ဘာလ ၁၃ ရက်က ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များနှင့် လွိုင်ကော် တက္ကသိုလ်ဝင်းအတွင်း အခြေချထားသော စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ၎င်း တို့ ၅ ဦးအပါအဝင် ဝန်ထမ်းနှင့် မိသားစု ၂၀၄ဦးကို တော်လှန်ရေးတပ်ဖွဲ့များက ခေါ်ထုတ် ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီး ထိန်းသိမ်းခံထားရသူ ၁၉၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပြီး ယင်းတို့ ၅ ဦးကို  IEC က မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇/၁ဖြင့် တရားစွဲဆိုပြီးနောက် ဖေဖော်ဝါရီ ၂၅ ရက်တွင် ထောင်ဒဏ် ၂နှစ် အပြင် ငွေဒဏ် ကျပ်၉ သိန်း ပြစ်ဒဏ် ချမှတ်ခဲ့သည်။ Read ni full

၃၁။ ပင်လောင်း- တောင်ကြီးလမ်း စစ်ကောင်စီ စစ်ဆေးတင်းကြပ်၊ ငွေတောင်းနေ
 May 9, 2024
သျှမ်းပြည် ပင်လောင်းမြို့မှ တောင်ကြီးမြို့သို့သွားသည့် လိုင်းကားများကို စစ်ကောင်စီကဂိတ်များတွင် ငွေကြေးအတင်း ကြပ်တောင်း နေပြီးသဖြင့် ကားသမားများ အခက်အခဲကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ “၁၁၁၁” စစ်ဆင်ရေးစသည့် နောက်ပိုင် ပင်လောင်းမှ တောင်ကြီးသို့သွားသည့် လမ်းတကြောတွင် စစ်ကောင်စီနှင့်ရဲသားများအပါအဝင် ဂိတ်များတွင် စစ်ဆေး ရေး တင်းကြပ်၍ ငွေအတင်းတောင်းနေကြောင်း ကြုံတွေ့သူ ကားသမား အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။“ဂိတ်က ၃ ခုလောက်ရှိတယ်။လူပါလည်းကောက်တယ် မပါလည်းကောက်တယ်။ စစ်ရှောင်တွေပါရင်လည်း ကောက်တယ်။ အောင်ပန်းမှာ စစ်တာပိုကြမ်းတယ်။လွိုင်ကော်လမ်းခွဲနားပေါ့။သူတို့က ၁ သောင်းကနေ ၁ သိန်း ကျော်ထိကောက်တယ်။ မလွယ် ဘူး ‌အခုက ပိုက်ဆံနဲ့ လမ်းခင်းနေရသလိုပါပဲ။”ဟု ကြုံတွေ့ခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။
ထိုသို့ ငွေကြေးအဆမတန်တောင်ခံမှုများကြောင့် ကားသမားများ အခက်ခဲကြုံတွေ့နေရပြီး စားဝတ်နေရေးအတွက် ထိခိုက်လာနေကြောင်း ၎င်းက ဆက်ပြောသည်။“ကျနော်တို့အတွက်က ရှုံးတယ် ပုံမှန်တောင်မရှိဘူး။ ဒီနောက်ပိုင်းထောက် ခံစာ မရှိရင်လည်း မတင်ရဲဘူးလေ။ ရဲလည်းပေးရတယ် ‌ယာဉ်ထိန်းရဲလည်းပေးရတယ်။ တခါတလေ ၁ သိန်းကျော်ထိပေးရတယ် ပုံမှန်မရှိဘူး။ အခုတောင်လူတင်ရင် ၁ ယောက် ၁သောင်းလောက်ပဲရတယ်လေ။ဆီဖိုးကလည်း ဈေးကြီးလာတယ်။ စားဝတ် နေရေးအတွက်ကလည်း ဒါက အဓိကအလုပ်ပဲလေ။”ဟု ကြုံတွေ့ခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။ Read ni full

၃၂။ နှစ်ပေါင်း ၃၀ ကြာတပ်စွဲနေထိုင်တဲ့ ဖုန်ကျန်းတပ်စခန်းဆုတ်ခွာ
 May 9, 2024
ဆွမ်ပရာဘွမ့်မြို့နယ် ဖုန်ကျန်းကျေးရွာတံတားမှာ နှစ်ပေါင်း ၃၀ အကြာတပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ် မေလ ၈ ရက် ညမှာ တပ်ဆုတ်ခွာသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။ စစ်အင်အား ၃၀ ဝန်းကျင်ရှိတဲ့ ဒီတပ်စခန်းမှာ နှစ်ဖက်တပ်ကြား တိုက်ပွဲဖြစ်တာမရှိပေမယ့် KIA ပူးပေါင်းတပ်ဘက်က တပ်ဆုတ်ဖို့ သတိပေးထားတာကြောင့် ဆုတ်ခွာသွားတာဖြစ်တယ်လို့ ဖုန်းကျန်ရွာဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။“အဲ့မှာရှိတဲ့ စစ်တပ်စခန်းကို KIA ဘက်က တပ်ဆုတ်သွားဖို့ သတိပေး ထားတာကြာပြီ။ တပ်ဆုတ်သွားတာမရှိလို့ သွားပစ်ဖို့ လုပ်နေတုန်းမှာ ဒီမနက်ပိုင်းမှာပဲ တပ်စခန်းတစ်ခုလုံး တပ်ဆုတ်သွားတယ် လို့ပြော။ အဲဒါကြောင့် KIA က ဒီမနက်ပိုင်မှာပဲ သွားရှင်းလိုက်တာ”လို့ပြောပါတယ်။
ဖုန်ကျန်း စစ်ကောင်စီတပ်စခန်းကို KIA တပ်တွေက သွားရောက်ပစ်ခတ်ရှင်းဖို့ စီစဉ်နေတဲ့အချိန်မှာ မေလ ၈ ရက်နေ့ ည ပိုင်းမှာ ပူတာအိုဘက်ကို တပ်ဆုတ်ထွက်ပြေးသွားတာကြောင့် KIA တပ်က စစ်တပ်စခန်းကို သွားရောက်ရှင်းလင်း ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဖုန်ကျန်းဒေသခံပြည်သူတွေက ပြီးခဲ့တဲ့ ၂ လဝန်းကျင်လောက် ဆွမ်ပရာဘွမ့်မြို့ပေါ် တိုက်ပွဲ ဖြစ်ပွား နေတဲ့အချိန်ကတည်း ကျေးရွာကနေယာယီထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ မေလ ၉ ရက်နေ့ ဒီကနေ့မှာလည်း ပူတာအိုမြို့နယ်ဘက်က စစ်အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်း တစ်ခုက လုံရှာယန်နဲ့ တန်ဂျာကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပါတယ်။ လက်ရှိ အဲဒီစစ်ကြောင်းက တန်ဂျာကျေးရွာရှိ စာသင်ကျောင်းနဲ့ ဘုရားကျောင်း ဝင်းနဲ့ ပြည်သူပိုင်နေအိမ်တွေမှာ တပ်စွဲနေထိုင်ထားပြီး စစ်ရေးလှုပ်ရှားဖို့ ပြင်ဆင်နေတယ်လို့ တန်ဂျာဒေသခံတွေက ပြောပါ တယ်။ Read ni full

၃၃။ ARSA, ARA, RSO အဖွဲ့များက AA အမည်ခံပြီး မွတ်ဆလင်လူငယ်များကို စည်းရုံးနေ
 May 9, 2024
မွတ်ဆလင်လက်နက်ကိုင် ARSA, ARA, RSO အဖွဲ့များသည် အာရက္ခတပ်တော်(AA)အမည်ခံပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းရှိ ဒုက္ခသည်စခန်များမှ မွတ်ဆလင်လူငယ်များကို စည်းရုံးကာ စစ်ကောင်စီအတွက် လူသစ်စုဆောင်းပေးနေကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခ က ပြောသည်။ မွတ်ဆလင်လူငယ်များ အထူးသဖြင့် အရွယ်မရောက်သေးသည့် လူငယ်များအား စစ်ကောင်စီ နှင့် မွတ်ဆလင် အကြမ်းဖက်အဖွဲ့များက ၎င်းတို့၏ အကျိုးစီးပွားအတွက် လိမ်လည်လှည့်ဖြားပြီး လူသစ်စုဆောင်း နေခြင်းမှာလွန်စွာယုတ်မာအောက်တန်းကျသည့်လုပ်ရပ်ဖြစ်သည်ဟု ဦးခိုင်သုခက ပြောသည်။“လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းအပေါ် ခုတုံးလုပ်ကာ လိမ်လည်ပြီး လူသစ်စုဆောင်းတာဟာ လွန်စွာ ယုတ်မာ အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်တဲ့ အတွက် ULA/AA အနေနဲ့ အဲဒီလို လုပ်ရပ်တွေပြုလုပ်နေတဲ့ အဖွဲ့အစည်းတွေကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်” ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများမှ မွတ်ဆလင်ရာနှင့်ချီကို ARSA ၊ RSO အဖွဲ့များက စစ်သင်တန်းပေးရန် အတင်းအဓမ္မ ခေါ်ဆောင်နေမှုများဖြစ်ပေါ်ပြီးနောက် AA က ယခုကဲ့သို့ အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။ ယင်းအပြင် ULA/AA အနေဖြင့် အကြမ်းဖက်လုပ်ရပ်မှန်သမျှကို ဆန့်ကျင်ပြီး အကြမ်းဖက်အဖွဲ့အစည်းများနှင့်  မည်သည့်အခါမျှ ဆက်စပ် ပတ်သက်မှု၊ ပူးပေါင်းဆောင်ရွက်မှု လုံးဝ(လုံးဝ) မရှိကြောင်း ထုတ်ပြန်ထားသည်။ ဧပြီ ၂၉ ရက်မှ မေလ ၈ ရက်နေ့ထိ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ ကော့ဆက်ဘဇားခရိုင်အတွင်းရှိ ဒုက္ခသည်စခန်းက မွတ်ဆလင်ဒုက္ခသည် ၅၀၀ ထက်မနည်းကို ARSA နှင့် RSO အဖွဲ့ များက စစ်သင်တန်းပေးရန် ခေါ်ဆောင်သွားကြောင်း သိရသည်။“စစ်ကောင်စီဟာ နယ်စပ်ဒေသမှာရှိတဲ့ တပ်စခန်းတွေမကျရှုံး ရေးအတွက် ရတဲ့နည်းလမ်းနဲ့ လုပ်ဆောင်နေတယ်။ အခုလည်း တပ်သားအလွယ်တကူရနိုင်တဲ့ စစ်ကောင်စီမိတ်ဖက်အဖွဲ့ အစည်းတွေဖြစ်တဲ့ ARSA, ARA, RSO တို့ကို ချည်းကပ်ပြီး ဒုက္ခသည်စခန်းက မွတ်ဆလင်တွေကို ဆွဲခေါ်နေတာဖြစ်တယ်” ဟု နိုင်ငံရေးသမားတစ်ဦးက ပြောသည်။ Read ni full

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်

Related Articles

Back to top button