သတင်း

စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားနေကြောင်း NCA ထိုး ပအိုဝ်းတပ်(PNLA) အသိပေး

စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားနေကြောင်း NCA ထိုး ပအိုဝ်းတပ်(PNLA) အသိပေး

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၂၇၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းကို ဇန်နဝါရီလ ၂၆ရက်က သိမ်းပိုက်နိုင်ခဲ့ကြောင်း NCA ထိုး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ဒီကနေ့မှာ သတိပေးထုတ်ပြန်လာပါတယ်။

PNLA မှ လုံခြုံရေးဆိုင်ရာ လှုပ်ရှားနေစဉ် ဇန်နဝါရီလ ၂၆ရက်က စကစနဲ့ တိုက်ပွဲဖြစ်ပွားရာ ခလရ ၄၂၄ တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့ပြီး အဲဒီသိမ်းပိုက်မှုအတွင်း လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုပဲ စကစနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ ဇန်နဝါရီလ ၂၆ရက်က ဆီဆိုင်မြို့နယ်၊ လွယ်ထွဲရွာအနီးရှိ PNLA တပ်ကို လာရောက်တိုက်ခိုက်ခဲ့တာကြောင့် ပြန်လည်မောင်းထုတ်ရာ ပြည်သူ့စစ် အလောင်း ၁လောင်းနဲ့လက်နက်၁ လက်ကျန်ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်ဟာ ဆီဆိုင်မြို့နယ်တွင်းတိုက်ပွဲတွေမှာ PNLA မပါဝင်ကြောင်း၊ ဘက်ပြောင်းလိုတဲ့ PNLA တပ်ဖွဲ့ဝင်အနည်းငယ်ကသာ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းနေတာဖြစ်ကြောင်း စစ်တပ်နဲ့ PNO အသိုင်းအဝိုင်းကဝါဒဖြန့်ပြီးနောက် NCA ထိုး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားနေကြောင်း တရားဝင်ထုတ်ပြန် အသိပေးလာတာ ဖြစ်ပါတယ်။

ဒါ့အပြင် PNO တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်အာဏာရှင်ယန္တရားကို လည်ပတ်စေတဲ့ အသုံးချခံဘဝမှ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းရပ်တည်ကြဖို့ကိုလည်း PNLA က တိုက်တွန်းထားပါတယ်။

“မြို့ထဲကို အဝင်အထွက်လုံးဝလက်မခံတော့ဘူး၊ မြင်မြင်သမျှကို လိုက်ပစ်နေတာ။ မြို့ထဲမှာပိတ်မိနေတဲ့သူအများကြီး ကျန်နေတယ်။ အခုကမိန်းလမ်းကနေ ဝင်လို့မရတော့၊ အနောက်လမ်းကနေ ဝင်ခေါ်ထုတ်နေတယ်”လို့ စစ်ဘေးရှောင်အရေးကူညီနေသူတစ်ဦးက FJMM ကို ပြောပါတယ်။

ဆီဆိုင်မြို့ပေါ်ရှိနေရာအများစုနဲ့ အနီးပါတ်ဝန်းကျင်နေရာတွေကို PNLAနဲ့ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားသလို ဌာနဆိုင်ရာရုံးတွေမှာလည်း ပအိုဝ်းအလံလွှင့်ထူထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ တောင်ကြီး-ဆိုက်ခေါင်-ဆီဆိုင်လမ်းပိုင်းက စစ်တပ်က ပိတ်ဆို့စစ်ဆေးနေသလို ဆိုက်ခေါင်-ဆီဆိုင်လမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့်မပြုဘဲ ပိတ်ဆို့ထားတာကြောင့် စစ်ဘေးရှောင်တွေအခက်ကြုံနေရတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button