သတင်း

သိန္နီ စကခ-၁၆ နဲ့ ကွတ်ခိုင်ဗျူဟာကုန်းကို သိမ်းပိုက်ကြောင်း ညီနောင် ၃ဖွဲ့ထုတ်ပြန်

သိန္နီ စကခ-၁၆ နဲ့ ကွတ်ခိုင်ဗျူဟာကုန်းကို သိမ်းပိုက်ကြောင်း ညီနောင် ၃ဖွဲ့ထုတ်ပြန်

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၈၊ ၂၀၂၄
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်က စကခ-၁၆နဲ့ ကွတ်ခိုင်မြို့နယ်ရှိ ဗျူဟာကုန်းကို ဇန်နဝါရီလ ၇ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
 
သိန္နီမြို့နယ်အခြေစိုက် စကခ-၁၆ နောက်တန်း ဌာနချုပ်ကို ဇန်နဝါရီလ ၇ ရက်၊ မနက် ၁၀နာရီခန့်က သိမ်းပိုက်နိုင်ခဲ့ပြီး ကွတ်ခိုင်ဗျူဟာ ကုန်းကိုတော့ ဇန်နဝါရီလ ၇ရက်၊ ည ၁၁နာရီဝန်းကျင်ခန့်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ကွတ်ခိုင်ဗျူဟာကုန်းကို သိမ်းပိုက်မခံရခင် ၂ ရက်အလိုက စတင်ပြီး သိမ်းပိုက်ရရှိချိန်အထိ စစ်ကောင် စီဘက်က လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
 
ကွတ်ခိုင်မြို့နယ်၊ ဟိုကျန့်၊ ပန်ကူ၊ ပန်ဆေး၊ လွယ်ဆိုင်၊ လွယ်အွန်းစတဲ့ရွာတွေမှာ စစ်ကောင်စီက Y12 လေယာဉ်နဲ့ ၉ ကြိမ်၊ ဗုံး ၅၉လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း ၁ကျောင်း၊ သီလရှင်ကျောင်း ၁ကျောင်းနဲ့ လူနေအိမ် ၂အိမ် ကျည်ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
 

ရှမ်းပြည်နယ်မြောက်ပိုင်းမှာညီနောင် မဟာမိတ် ၃ ဖွဲ့က ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ဖောင်းဆိုင်၊ မုံးကိုး၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ခမ်း၊ ပန်ဆိုင်း/ ကြူကုတ်၊ ကွတ်ခိုင်၊ သိန္နီမြို့စတဲ့ ၁၆မြို့ကို သိမ်းပိုက်ရရှိထားပြီဖြစ်တယ်လို့လည်း သိရပါတယ်။

Related Articles

Back to top button