သတင်း

ဖယ်ခုံက စစ်တပ်စခန်း ၁ခုကို တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်ပြီး ၈ဦး အရှင်ဖမ်းမိ

ဖယ်ခုံက စစ်တပ်စခန်း ၁ခုကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ပြီး ၈ဦး အရှင်ဖမ်းမိ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၂၆၊ ၂၀၂၃
 
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီ စစ်တပ်စခန်း ၁ခုကို တော်လှန်ရေး အင်အားစု တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မြေပြင် သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
 
ဖယ်ခုံမြို့နယ်၊ လွယ်ပတာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတော်လှန်ရေး အင်အားစုတွေနဲ့ ရှမ်းတောင်တော်လှန်ရေး အင်အားစုတွေ ပူးပေါင်းပြီး ဒီဇင်ဘာလ ၂၃ရက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။
 
“စစ်ကောင်စီဖက်က ၁၀ယောက်ကျော် သေတယ်၊ အလောင်းတွေရတော့ မြေမြှုပ်သဂြိုလ်ပေးခဲ့တယ်။ ၈ယောက်ကိုတော့ အရှင်ဖမ်းမိထားပါတယ်။ နောက်ဆက်တွဲအခြေအနေတော့ ပြောလို့မရသေးဘူး”လို့ အဆိုပါသတင်းရင်းမြစ်က FJMM ကို ပြောပါတယ်။
 
အဲဒီစခန်းသိမ်းတိုက်ပွဲမှာ တိုက်ပွဲဖြစ်ပွားချိန်တစ်နာရီကျော်သာ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ် ထံကနေ လက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းအများအပြားနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
 
အခု စခန်းသိမ်း တိုက်ပွဲမှာတော့ တော်လှန်ရေးအင်အားစုတွေဖက်က ကျဆုံးသူမရှိပေမယ့် ထိခိုက်ဒဏ်ရာရရှိသူ အနည်းငယ်ရှိ ခဲ့တာကြောင့် လက်ရှိအချိန်မှာတော့ ဆေးဝါးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ရက်ကလည်း ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲစခန်းကုန်းသိမ်းတိုက်ပွဲကို တော်လှန် ရေး အင်အားစုတွေဆင်နွှဲခဲ့ပြီး အင်းလေးPDFက ရဲဘော် ၂ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။
 

ဓါတ်ပုံ – PDF Pekhon ရဲဘော်များ လုပ်ကျင့်ရေးမြင်ကွင်း (ပုံဟောင်း)

Related Articles

Back to top button