သတင်း

KNU တပ်မဟာ(၅)နယ်မြေထဲ စစ်ကောင်စီ လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်

KNU တပ်မဟာ(၅)နယ်မြေထဲ စစ်ကောင်စီ လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်

ဖက်ဒရယ်ဂျာနယ်၊မြန်မာ
ဒီဇင်ဘာ ၁၂၊ ၂၀၂၃
 
KNU တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင်ထဲက အရပ်သားများနေထိုင်တဲ့ နေရာများကို စစ်ကောင်စီ တပ်က လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့တယ်လို့ KNU ဗဟိုမှ ဒီဇင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
 
ဒီဇင်ဘာလ ၉ ရက်နေ့က ဖာပွန်ခရိုင် ကောလူဒဲနယ်မြေထဲက အရပ်သားများ နေထိုင်တဲ့ နေရာများကို ဦးတည်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့လို့ ဒေသခံများ၏ နေအိမ် များနှင့် စပါးကျီ တစ်လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုက ဖော်ပြထားပါတယ်။
 
ဒါ့အပြင် အဲဒီလေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းနှင့် ဝတ်ပြုဆုတောင်းခန်းတစ်ခုလည်း ထိမှန်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
 
လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်လာနိုင်တာကြောင့် မိသားစု ၆၁ စုက ဒေသခံပြည်သူ ၃၆၀ ဦး ဟာ အသက်ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်သည် ကေားလူဒဲကျေးရွာအုပ်စုအတွင်းကို အောက်တိုဘာ ၂၄ရက် က စတင်၍ လေကြောင်းအပါအဝင် လက်နက်ကြီးများဖြင့်ပါ တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ ယနေ့အချိန်ထိ ရပ်တန့်မသွားဘဲ တိုက်ခိုက်မှု ဆက်လုပ်ပြုလုပ် နေတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း ဖာပွန်ခရိုင်အတွင်း နှစ်ဖက်တိုက်ပွဲ ၆၇ ကြိမ်ထိ ဖြစ်ခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှု များစွာရှိခဲ့ပါတယ်။
 

ဓာတ်ပုံ – KNU

Related Articles

Back to top button