သတင်း

ရွှေကူက သက်တမ်း ၁ နှစ်ကျော်ရှိ စစ်တပ်စခန်း တစ်ခုကို KIAနဲ့ PDF ပူးပေါင်း တပ်ဖွဲ့ သိမ်းပိုက်

ရွှေကူက သက်တမ်း ၁ နှစ်ကျော်ရှိ စစ်တပ်စခန်းတစ်ခုကို KIAနဲ့ PDF ပူးပေါင်း တပ်ဖွဲ့ သိမ်းပိုက်

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၅၊ ၂၀၂၃

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အခြေစိုက်တာ တစ်နှစ်ကျော်ကြာ ရှိနေပြီဖြစ်တဲ့ စစ်ကောင်စီ စစ်တပ်စခန်းတစ်ခုကို KIAနဲ့ PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြို့လှ K-PDF ထံကနေ သိရပါတယ်။

ကျောက်ကြီးကျေးရွာ အနောက်ဘက်ခြမ်းရှိ ရွှေငြိမ်းချမ်းကျေးရွာ ဘုန်းကြီးကျောင်းအနီးတဝိုက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒီဇင်ဘာလ ၁ရက်က KIA တပ်မဟာ (၈) လက်အောက်ခံ အမှတ် ၅တပ်ရင်းနဲ့ မြို့လှK-PDF၊ ဟိုပင်K-PDFတပ်ရင်းတို့ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“တပ်စွဲထားတာ တစ်နှစ်ကျော်ကြာနေပြီ။ (၁)ရက်နေ့ မနက် ၇နာရီဝန်းကျင်မှာ အဲဒီစခန်းကို စတိုက် တာပါ။ နာရီဝက်ကျော်ပဲ တိုက်လိုက်ရတယ်၊ စခန်းကို သိမ်းနိုင်သွားတယ်”လို့ မြို့လှ K-PDF တာဝန်ရှိသူ တစ်ဦးက FJMM ကို ပြောပါတယ်။

အဲဒီတပ်စခန်းကနေ လက်နက် ၈ လက်နဲ့အတူ လက်နက်ခဲယမ်းတွေ၊ ရိက္ခာတွေ သိမ်းဆည်းရမိခဲ့သလို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းကနေ သုံးကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦးထက်မနည်း သေဆုံးကာ ၈ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး မြို့လှ K-PDF တပ်ဖွဲ့ဝင် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် အခြေအနေ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

ဓါတ်ပုံ – MyoHla PDF (Video Screenshot)

Related Articles

Back to top button