သတင်း

စစ်ကောင်စီတပ်က ဓါတုဗုံး အသုံးပြုတိုက်ခိုက်မှု ရှိလာတယ်လို့ဆို

စစ်ကောင်စီတပ်က ဓါတုဗုံး အသုံးပြုတိုက်ခိုက်မှု ရှိလာတယ်လို့ဆို

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၄၊ ၂၀၂၃

ချင်းပြည်နယ် ပလက်ဝမြို့နယ်က “နှုံးဘူးဗျူဟာ”နှင့် “ထရွန်အိုင်ဗျူဟာ” တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဂျက် လေယာဉ်ဖြင့် ဓါတုဓါတ်ငွေ့ဗုံးများကို အသုံးပြုပြီး တိုက်ခိုက်ခဲ့မှု ရှိလာတယ်လို့ ရက္ခိုင့် တပ်တော်(AA) ဘက်က သတင်းထုတ်ပြန်ပါတယ်။

ပလက်ဝမြို့နယ်ထဲမှာ အခိုင်အမာအထိုင်ချထားတဲ့ ယင်းဗျူဟာကုန်းကြီး (၂)ခုကို သိမ်းပိုက် ရရှိနိုင်ရေးအတွက် ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်အရှိန်ကို တဖြည်းဖြည်းမြင့်တင်လျက်ရှိနေပြီး နိုဝင်ဘာလ ၁၄ ရက်က စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့ စခန်းသိမ်း တိုက်ပွဲဟာ အခုဒီဇင်ဘာ ၄ ရက်ထိ ရက်ပေါင်း ၂၀ ရက်ကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီပြင်းထန်နေတဲ့ ယင်းဗျူဟာကုန်းကြီးအနီးတိုက်ပွဲနေရာကို ယမန်နေ့ ဒီဇင်ဘာလ ၃ ရက် စစ်ကောင်စီတပ်က ဂျက်တိုက် လေယာဉ်၊ Mi35 ၊ Y 8 ၊ Y 12 တို့ဖြင့် လေကြောင်းဖြင့် အကြိမ်ပေါင်း ၃၀ ကျော် ပစ်ခတ်တိုက်ခိုက်မှု ရှိခဲ့သလို ညနေပိုင်း ၆ နာရီခွဲခန့်မှာတော့ စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါတဲ့ ဗုံးများကို အသုံးပြုတိုက်ခိုက်ခဲ့မှု ရှိခဲ့တယ်လို့ AA ထုတ်ပြန်ချက်အရ သိရပါတယ်။

ရှမ်းမြောက်ဒေသက ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲတွေမှာ လည်း အသုံးပြုမှု ရှိလာတယ်လို့ ကိုးကန့်တပ်ဖွဲ့ MNDAAနဲ့ တအာင်းတပ်ဖွဲ့(TNLA) တို့ဘက်ကလည်း အသိပေး ထုတ်ပြန်ထားတာ ရှိနေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်က TNLA က လားရှိုးမြို့နယ် မိုင်းကျက်တပ်စခန်း ဝင်ရောက် သိမ်းပိုက်ချိန် ဓာတုဗုံးတွေနဲ့ တိုက်ခိုက်တာခံရပြီး၊ နိုဝင်ဘာလ ၁၈ ရက်မှာလည်း TNLA သိမ်းပိုက် ထားတဲ့ တပ် စခန်း တစ်ခုသို့ ဓာတုဗုံးနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် TNLA တပ်ဖွဲ့ဝင်တစ်ဦး အဆိပ်မိခဲ့ရ တယ်လို့ ထုတ်ပြန်ထားသလို နိုဝင်ဘာ ၂၃ ရက်ကလည်း ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်ရှိ နမ့်စလပ် တောင်ကုန်းစခန်းကို စစ်ကောင်စီတပ်က ဓာတု (အဆိပ်)ဗုံး ၄ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်မှု ရှိခဲ့တယ်လို့ အသိပေးပါတယ်။

CDM ဗိုလ်ကြီးကောင်းသူဝင်း ကတော့ “အခုပြောနေတဲ့ ဓါတုဗုံးဆိုတာ ကတော့ နိုင်ငံတကာက တားမြစ် ထားတဲ့ ဆွီဒင် နိုင်ငံထုတ် Carl-Gustav လို့ခေါ်တဲ့ ပြင်းအားကြီး လေကွဲ ဗုံးသီး ဆယ်စုနှစ်ကြာ ဝယ်ယူထားတဲ့ အဲဒါဗုံး​တွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေကြားမှာ စင်္ကာပူနိုင်ငံက ဖျက်ဆီးပေးမယ်လို့ သဘောတူထားတယ်။ အဲဒါ စစ်ကောင်စီ တပ်က လူလည် ကြပြီး အားလုံးကို မဖျက်ဆီးဘဲ တခြားဗုံးကိရိယာများနဲ့ ပေါင်းစပ်ပြီး ဆယ်စုနှစ်ကြား တိုင်းရင်းသား ဒေသတွေက စစ်ပွဲတွေမှာ စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်တိုင်း အများဆုံး အသုံးပြုနေတဲ့ အဲဒီလက်နက် ဖြစ်နိုင်တယ်” လို့ FJMM ရဲ့ စကားဝိုင်းတခုမှာ ပြောဆို သုံးသပ်ထားပါတယ်။

Carl-Gustav လို့ခေါ်တဲ့ ပြင်းအားကြီး လေကွဲဗုံးသီးများဟာ ပစ်မှတ်များကို ထိရောက်တဲ့ ထိခိုက်မှု ဖြစ်စေပြီး ပေါက်ကွဲမှု ဖြစ်ပွားတဲ့ အနီးနားက လူတွေကလည်း အဲဒီ Carl-Gustav ဗုံးငွေများကို ရှုရှုပ်မိပါက စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်ချောက်ချားဖွယ်ရာ ရုပ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်ဒဏ်ရာများ ရရှိစေနိုင်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – Getty Images (sciences.uliege)

Related Articles

Back to top button