သုတေသန

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသက အခြေအနေများ အပိုင်း (၃)

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသက အခြေအနေများ

သုံးလကာလအတွင်း စုစည်းတင်ပြခြင်း (၂၀၂၃ ခုနှစ် ဩဂုတ်လမှ အောက်တိုဘာလအထိ)
 
နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ်ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင် လှုပ်ရှားမှုများကို ဖယ်ဒရယ်ဂျာနယ်၊ မြန်မာက လစဉ် လေ့လာပြုစု ပေါင်းချုပ်၍ ထုတ်ပြန် လျက်ရှိသည်။
 
ဤတစ်ကြိမ်တွင် ၂၀၂၃ ခုနှစ် ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ (၃) လ အတွင်း အာဏာသိမ်းမှုနှင့် ဆက်စပ်သည့် ပဋိပက္ခများကြောင့် တိုင်းရင်းသား ဒေသများတွင် နှစ်ဖက်ထိခိုက်သေဆုံးမှု၊ စစ်ကောင် စီ၏ ထိုးစစ်ကြောင့် ပြည်သူ့ အိုးအိမ်ပျက်စီးမှု၊ နေရပ်စွန့်ခွာမှုများကို အောက်ပါအတိုင်း စုစည်း တင်ပြ ထားပါသည်။
 
အပိုင်း(၂)
 
ပြည်နယ်/လူမျိုးအလိုက် နိုင်ငံရေးအတိုင်ပင်ခံ ကောင်စီနှင့် ကော်မတီများ၏ လှုပ်ရှားမှုများ
 
(၁) ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ -PNFC သည် ၃ လတာကာလအတွင်း နိုင်ငံရေးအရတိုးတက်မှု ဆိုင်ရာအနေဖြင့် ပအိုဝ်းပြည်နယ်နှင့်အမျိုးသားဒေသများ ပေါ်ပေါက်လာရေးအတွက် ပအိုဝ်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး နှင့် ပအိုဝ်းအမျိုးသားဒေသများသတ်မှတ်နိုင်ရေးလုပ်ငန်းစဉ် နှစ်ရပ် ကို အကောင်အထည်ဖော်ဆောင်နိုင်ရန်ပြင်ဆင်နေပြီး မြေပြင်တွင် လက်နက်ကိုင် တော်လှန်ရေးကို အဓိက ဦးစားပေး လုပ်ဆောင်နေသည်ကို တွေ့ရသည်။
 
ပအိုဝ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးနှင့် ပအိုဝ်းအမျိုးသားဒေသများ သတ်မှတ်နိုင်ရေး လုပ်ငန်းစဉ်နှစ်ရပ်ကို ပအို့ဝ်လူမျိုးများနှင့်အဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်များ ရယူခြင်း၊ ရေးဆွဲ ခြင်း၊ အတည်ပြုခြင်းစသော အဆင့် ၃ ဆင့်ဖြင့် အကောင်ထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။
 
“ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်တဲ့နေရာမှာ ပြည်နယ်ပေါင်းစုပြည်ထောင်စု အနေနဲ့ ဖွဲ့စည်းနိုင်ရေးနဲ့ ပအိုဝ်းပြည်နယ်သည်လည်းပဲ ပြည်ထောင်စုအဖွဲ့ဝင်ပအိုဝ်းပြည်နယ် တစ်ခုအနေနဲ့ နိုင်ငံရေးအရ တန်းတူညီမှုနှင့်လူမျိုးရေးအရတန်းတူညီမှုကိုအခြေခံတဲ့ ဖက်ဒရယ်မူအရ ပအိုဝ်းပြည် နယ် ပေါ်ပေါက်လာရေးအတွက်မျှော်မှန်းပြီး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းစဉ်တစ်ခုအနေနဲ့ ချမှတ်ဆောင်ရွက်တာ ဖြစ်ကြောင်း PNFC ၏ အတွင်းရေးမှူး (၂) ခွန်ဝေထွန်းကပြောဆိုခဲ့သည်။
ပအိုဝ်းပြည်နယ်ဖွဲ့စည်းရေးသည် ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသများ အဓိကပါဝင်မှာဖြစ်ကြောင်း၊ ပအိုဝ်းလူမျိုးများနေထိုင်ရာ မွန်ပြည်နယ်သထုံဒေသအပါအဝင် အခြားဒေသများမှာ အမျိုးသားဒေသ (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေ စသဖြင့်ဖြစ်လာမှာဖြစ်ကြောင်း၊ သို့သော်လည်း ပအိုဝ်း လူထုဆန္ဒ နှင့်အညီသာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းသိရသည်။
 
ပအိုဝ်းပြည်သူများ၏နိုင်ငံရေးအန္တိမရည်မှန်းချက်မှာ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝအာမခံချက်ရှိသော ပအိုဝ်းပြည်နယ်တစ်ရပ်ပေါ်ပေါက်လာရေးဖြစ်ကြောင်း စက်တင်ဘာ ၂၄ ရက်နေ့တွင်ကျရောက်သော ပအိုဝ်းအမျိုးသားအာဇာနည်နေ့အထိမ်းအမှတ် PNFC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
(၂) တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)
တအောင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ – TPCC မှ မတ်လ ၁၁ ရက်နဲ့ ၁၂ ရက်တွင် ကျင်းပခဲ့သော နှီးနှော်ဖလှယ်ပွဲတွင် တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ တတိယမူကြမ်းကို တအာင်းအရပ်ဖက် အဖွဲ့အစည်း၊ နိုင်ငံရေးနှင့် EAO အစုအဖွဲ့အပါအဝင် လူဦးရေ (၁၅၀) ဦးကျော်ဖြင့် အတည်ပြုခဲ့သည်။
တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်း (၁၂) ခန်းပါဝင်ပြီး အခန်းအများစုကို ၎င်းနှီးနှောဖလှယ်ပွဲသို့ တက်ရောက်ကြသော ကိုယ်စားလှယ်များက ပြင်ဆင်ဖြည့်စွက်ခြင်းများ ပြုလုပ်ခဲ့ပြီး အမျိုးသားအလံ၊ အမျိုးသားသီချင်းနဲ့ အမှတ်တံဆိပ်များအပါအဝင် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သော အခန်းများကို တအာင်းအမျိုးသားညီလာခံက အတည်ပြုသွားမည်ဖြစ်သည်ဟုသိရသည်။
 
တအာင်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေပထမမူကြမ်းကို ၂၀၁၅ ခုနှစ်က ကျင်းပခဲ့သော တအာင်း တပ်မတော် (PSLF/TNLA) ၏ ဗဟိုကော်မတီ ၆ လပတ်အစည်းအဝေးတွင်အတည်ပြုခဲ့ပြီး ဒုတိယ မူကြမ်းကို ၂၀၂၁ ခုနှစ် မေလတွင် TPCC က အတည်ပြုခဲ့သည်။
 
(၃) ချင်းပြည်ကောင်စီ (Chinland Council)
ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ – ICNCC သည် ၃ လတာကာလအတွင်း နိုင်ငံရေး ဆိုင်ရာတစုံတရာတိုးတက်မှုမရှိပါ။ သို့သော် ချင်းတော်လှန်ရေး အင်အားစုများက ချင်းပြည်ကောင်စီ – Chinland Council ပေါ်ပေါက်ရေး လုပ်ငန်းစဉ်ဆောင်ရွက်မှုရှိနေသည်။
တော်လှန်ရေးကာလ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ (Chinland Constitution) ပေါ်ပေါက်လာ ရေး၊ ချင်းပြည်ကောင်စီ (Chinland Council) ဖွဲ့စည်းရေး နှင့် ချင်းပြည်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစသော မဏ္ဍိုင်သုံးရပ်ဖွဲ့စည်းထူထောင်ရေးတို့အတွက် ချင်းအမျိုးသားတပ်ဦး (CNF)၊ ချင်း လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်နှင့်ဒေသအခြေပြုကိုယ်စားလှယ်အများစုပါဝင်ပြီး ညီလာခံတစ်ရပ် ခေါ်ယူကျင်းပရန်သဘောတူခဲ့ကြပြီး ချင်းပြည်ကောင်စီညီလာခံဖြစ်မြောက်ရေး လုပ်ငန်းကော်မတီ – WCCCC (Working Committee for Chinland Council Conference) ကို ဖွဲ့စည်းခဲ့ကြောင်း ချင်းပြည် ကောင်စီညီလာခံဖြစ်မြောက်ရေးလုပ်ငန်းကော်မတီ – WCCCC မှ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ချင်းပြည်ကောင်စီညီလာခံဖြစ်မြောက်ရေးလုပ်ငန်းကော်မတီ -WCCCC ၏ ဒုတိယအကြိမ်တွေ့ဆုံ ဆွေးနွေးမှုအစည်းအဝေးတွင် တော်လှန်ရေးကာလချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ဒုတိယအကြိမ် ပြင်ဆင်ရေးဆွဲခြင်းကို ဆောင်ရွက်နိုင်ခဲ့ကြောင်း အောက်တိုဘာ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
 
ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ (Chinland constitution) ကို ယခုနှစ်အတွင်းအတည်ပြုနိုင်ရန် ကြိုးစားနေပြီး လုပ်ငန်းဆောင်ရွက်မှု ၆၀ ရာခိုင် နှုန်းထိအရွေ့ရှိနေသည်ဟုသိရသည်။
ချင်းပြည်ကောင်စီညီလာခံဖြစ်မြောက်ရေးလုပ်ငန်းကော်မတီ – WCCCC တွင် ဖလမ်းမြို့နယ်မှ ချင်းအမျိုးသားအဖွဲ့ချုပ် – CNO၊ တီးတိန်မြို့နယ်မှ ဇိုမီးဖယ်ဒရယ်ယူနီယံ – ZFU စသော အင်အားစုများ မပါဝင်နိုင်သေးကြောင်းသိရပြီး မပါဝင်နိုင်သေးသော်အင်အားစုများနှင့်ပတ်သက်၍ WCCCC ဘက်မှ တွေ့ဆုံ ဆွေးနွေးနိုင်ရေးကို ကြိုးစားဆောင်ရွက်နေကြောင်း WCCCC ဥက္ကဌ Dr. Naing Tam Maung က ပြောသည်။
 
(၄) ကရင်နီပြည်နယ်အတိုင်ပင်ခံ ကောင်စီ (KSCC)
ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ – KSCC သည် ၃ လာကာလအတွင်း အသွင်းကူးပြောင်းရေး ကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာနိုင်ရေးကို ကြိုးစားနေကြောင်းတွေ့ရသည်။
 
KSCC သည် ကရင်နီပြည်နယ်၊ အသွင်းကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေး ကော်မတီကို ကရင်နီပြည်နယ်၊ အသွင်းကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး ကော်မတီဖွဲစည်းခြင်း ဆိုင်ရာစည်းမျဉ်းနှင့်လုပ်ငန်းလမ်းညွန်၊ အပုဒ် ၁ အရ အအဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်းကြောင်း အောက်တိုဘာ ၂၄ ရက်နေ့တွင်ထုတ်ပြန်ထားသည်။
ကရင်နီပြည်နယ်၊ အသွင်းကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ အဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
 
(၁) အောင်ဆန်းမြင့် (ဥက္ကဌ၊ ကရင်နီပြည်နယ် – ဥက္ကဌ
အတိုင်ပင်ခံကောင်စီဝင်)
 
(၂) နော်ဖောဝါး – အတွင်းရေးမှူး
 
(၃) ခူးပိုးရယ် (တွဲဖက် အတွင်းရေမှူး၊
ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီဝင်) – အဖွဲ့ဝင်
 
(၄) ဦးဌေးအောင် (ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီဝင်) – အဖွဲ့ဝင်
 
(၅) မူအန်းဂျလာ (ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီဝင်) – အဖွဲ့ဝင်
 
(၆) မော်သဲမာ – အဖွဲ့ဝင်
 
(၇) မော်ငါးမယ် – အဖွဲ့ဝင်
 
(၈) ရိုစီ – အဖွဲ့ဝင်
 
(၉) ခွန်ဘားနဒ်ဘုတ် – အဖွဲ့ဝင်
 
(၁၀) ဘိုဘို – အဖွဲ့ဝင်
 
(၁၁) နော်ဆလေ – အဖွဲ့ဝင်
 
(၁၂) ခူးကိုရယ် (ကိုနိ) – အဖွဲ့ဝင်
 
(၁၃) ရယ်ဆောင်းဦး – အဖွဲ့ဝင်
 
(၁၄) ခွန်းဘီထူး – အဖွဲ့ဝင်
 
(၁၅) ဇူးပဒုမ္မာ – အဖွဲ့ဝင်
ကိုးကားချက်များ –
 
၁) လွတ်လပ်သော သတင်းမီဒီယာများ
၂) ကြားကာလ ပြည်နယ်အတိုင်ပင်ခံ ကောင်စီများ
၃) တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့များ နှင့် လူမှုအဖွဲ့အစည်းများ
၄) ဖက်ဒရယ်ဂျာနယ် မြန်မာမှ သီးသန့်မေးမြန်းချက်၊ စုဆောင်းချက်များ
 
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ စုစည်းတင်ပြသည်။
——၀၀၀—–

Related Articles

Back to top button