သတင်း

ရခိုင်ပြည်နယ်မှာ တိုက်ပွဲပြန်ဖြစ်လာလို့ ရှမ်းတောင် ထွက် ဂျင်းအဝယ် ရုတ်တရက် ရပ်နားရ

ရခိုင်ပြည်နယ်မှာ တိုက်ပွဲပြန်ဖြစ်လာလို့ ရှမ်းတောင်ထွက် ဂျင်းအဝယ် ရုတ်တရက် ရပ်နားရ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၁၄၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်းဒေသက ထွက်ရှိတဲ့ ဂျင်းတွေကို အဓိကထားတင်ပို့နေတဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာလို့ ဂျင်းအဝယ် ရုတ်တရက် ရပ်နားထားရတယ်လို့ အောင်ပန်းကုန်စည်ဒိုင်တွေ ထံကနေ သိရပါတယ်။
စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်တဝန်းလုံးကို ပိတ်ဆို့ထားပြီး ရခိုင်ပြည်နယ် ဝင်ပေါက်ဂိတ်တွေကို နိုဝင်ဘာလ ၁၃ရက်၊ နေ့လည်ပိုင်းက စတင်ဖြတ်တောက်ထားကြောင့် ရှမ်းတောင်က တင်ပို့တဲ့ ဂျင်းကုန်တင်ယာဉ်တွေအနေနဲ့ လမ်းမှာ ပိတ်မိနေကြတယ်လို့ သိရပါတယ်။
“ဂျင်းပို့တဲ့ ရခိုင်ပြည်နယ်မှာ စစ်ဖြစ်နေလို့ လမ်းကြောင်းအကုန်ပိတ်ထားတယ်လေ။ ရှေ့ရက်ကသွားတဲ့ ကုန်ကားတွေဆို လမ်းမှာ ပိတ်မိနေတယ်။ ဒီကထွက်တဲ့ဂျင်းက ရခိုင်ကိုပဲအဓိကထားတာပို့တာ၊ တခြား သီးနှံတွေလည်း ပို့တာတော့ပို့ပါတယ်၊ ဂျင်းလောက်မများဘူး။ အခုအခြေအနေက ရခိုင် ပြည်နယ်သူ၊ ပြည်နယ်သားတွေ အတွက်ကော၊ ဒီကတောင်သူတွေအတွက်ကော အဆင်မပြေတဲ့ အခြေအနေဖြစ် နေတယ်”လို့ အောင်ပန်းမြို့ရှိ ကုန်စည်ဒိုင်တစ်ဦးက ပြောပါတယ်။
အဲဒီလိုပိတ်ဆို့ထားတာကြောင့် အောင်ပန်းမြို့ရှိ ကုန်စည်ဒိုင်တွေ၊ ပွဲရုံတွေအနေနဲ့ ဂျင်းအဝယ်ကို ဒီကနေ့ နိုဝင်ဘာလ ၁၄ရက်ကစတင်ရပ်နားထားပြီး ရခိုင်ပြည်နယ်ကို တင်ပို့တဲ့ လမ်းကြောင်း ပြန်ပွင့် မှသာ ဂျင်းပြန်လည်ဝယ်ယူမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ဆန်အပါအဝင် ကုန်စိမ်းသီးနှံတွေကို ပြည်မကနေမှာယူစားသုံးနေရတဲ့ ရခိုင်ပြည်နယ်မှာ နိုဝင်ဘာလ ၁၃ရက်ကစတင်ပြီး AA နဲ့ စစ်ကောင်စီတပ်တို့ စတင်တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်ဝင်ပေါက်တွေကို ပိတ်ဆို့ထားတာဖြစ်တယ်လို့ သိရပါတယ်။
ရှမ်းတောင်ထွက်ကုန်စိမ်းသီးနှံတွေကို အောင်ပန်းမြို့ရှိ ကုန်စည်ဒိုင်၊ ပွဲရုံတွေထံကနေတဆင့် နိုင်ငံ တဝန်းလုံးကို တင်ပို့ရောင်းချနေတာဖြစ်ပြီး ရခိုင်ပြည်နယ်မှာ တိုက်ပွဲ တွေမဖြစ်ပွားခင်က ဂျင်းတစ် ပိဿကို ၃၆၀၀ကျပ်ကနေ ၄၅၀၀ကျပ်အကြား ပေါက်ဈေးရှိခဲ့ပေမယ့် လက်ရှိမှာတော့ ဈေးဆက် တိုက် ကျဆင်းနေတယ်လို့လည်း သိရပါတယ်။

Related Articles

Back to top button