မိုင်းဆတ်စစ်ကောင်စီတပ်မှာ လေခွင်းဒုံးကျည်တွေထားတဲ့ လက်နက်ခဲယမ်းတိုက်ပေါက်ကွဲမှုဖြစ်ပွား
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၁၃၊ ၂၀၂၃
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့ရှိ စစ်ကောင်စီတပ်မှာ နိုဝင်ဘာလ ၁၂ရက်၊ ညပိုင်းအချိန်က လေခွင်းဒုံးကျည်တွေအပါအဝင် လက်နက်ခဲယမ်းအများအပြားထားတဲ့ လက်နက်ခဲယမ်းတိုက်ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
မိုင်းဆတ်တပ်နယ်ရှိ အမှတ်(၃၄၆) စစ်လက်နက်ပစ္စည်းတပ်ခွဲဲယမ်းတိုက်ရှိ လက်နက်ငယ်မျိုးစုံကျည်၊ ဖောက်ခွဲဖျက်စီးရေးသုံးပစ္စည်းတွေ၊ အကူယမ်းထုပ်တွေ၊ ၈၀ မမ လေကွဲခွင်းဒုံးကျည်တွေ သိုလှောင်ထားတဲ့ ခဲယမ်းတိုက် (၁)လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ည ၇နာရီခွဲလောက်က ထပြီးပေါက်ကွဲတာ၊ မီးတောက်မီးလျှံတွေဆို အကြီးကြီးပဲ၊ အဝေးကနေတောင် မြင်ရတယ်။ ၉နာရီကျော်မှ ငြိမ်းသွားတယ်။ ဗုံးလာခွဲတာမျိုး၊ လာတိုက်ခံရတာမျိုးတော့ မဖြစ်နိုင်ဘူး။ မိုင်းဆတ်တပ်နားတဝိုက်မှာက စစ်ဘောမတွေချည်းနေကြတာ၊ လာတိုက်ဖို့မလွယ်ဘူး”လို့ ဒေသခံတစ်ဦးက FJMMကို ပြောပါတယ်။
အဲဒီပေါက်ကွဲမှုကို အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အေးမင်းဦးနဲ့ စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင် ၂၀၀ဦးကျော် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရပြီး ဖြစ်စဉ်နဲ့ပါတ်သက်လို့ မိုင်းဆတ်တပ်နယ်က အရာရှိတွေစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီဝါဒဖြန့်လူမှုကွန်ရက်စာမျက်နှာတွေကတော့ ခဲယမ်းတိုက်ရဲ့ အပူချိန်မှာ အနိမ့်ဆုံးအပူချိန် ၇၄ ဒီဂရီဖာရင်ဟိုက်နဲ့ အမြင့်ဆုံးအပူချိန် ၇၈ ဒီဂရီဖာရင်ဟိုက်ဖြစ်ပြီး ခဲယမ်းတိုက်အတွင်း အပူများတဲ့အတွက် ပေါက်ကွဲရတာဖြစ်တယ်လို့ ရေးသားဖော်ပြထားကြပါတယ်။