သတင်း

သထုံမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ အရပ်သားနှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

သထုံမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ အရပ်သားနှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၁၂ရက်၊ ၂၀၂၃
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာမှာ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့တွေကလက်နက် ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားနှစ်ဦး သေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ KNU ၏ ထုန်ပြန်ချက်အရ သိရပါတယ်။
” ပိန္နဲတောမှာ တိုက်ပွဲဖြစ်နေတာ ၂ရက်ရှိပြီး။ ရွာခံတွေလည်း ပြောင်းရွေ့ကုန်ကြပြီး။ တစ်နေ့မနက် ၁၀ နာရီကတည်းကဖြစ်တာ။ လက်နက်ကြီးသံတွေလည်း ညံနေရော။ အရပ်သား ၄ ဦးတော့ ထိခိုက်ထားတယ်။ ၂ ဦးတော့ ဆုံးပြီး ” လို့ ဒေသခံတစ်ဦးမှ FJMM ကိုပြောပါတယ်။
အဆိုပါ လက်နက်ကြီးနဲ့ပစ်ခတ်ခံရလို့ ပိန္နဲတောကျေးရွာရှိ အသက် ၇၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၄၆ နှစ်အရွယ် အမျို့သားတစ်ဦး သေဆုံးသွားပြီး အသက်၃၂နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၇၂ နှစ်အရွယ်အမျိုးသမီးတဦး ခြေထောက်နဲ့ ခန္ဓာကိုယ် အနှံ့မှာ ကျည်စထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၀ရက်နေ့မှာ KNLA နှင့် PDF ပူးပေါင်း တပ်ဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် အဲဒီနေ့ညနေ ၃ နာရီကျော်မှာ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးမှပြောပါတယ်။
ထိုစစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်အဆောက်အဦတချို့လည်း ထိခိုက်ပျက်စီး တာတွေ ရှိခဲ့ကြောင်း KNU မှ ထုတ်ပြန်ထားပါတယ်။
KNU သထုံခရိုင် တပ်မဟာ ၁ နယ်မြေမှာဆိုရင် စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား နှစ်ဘက်စစ်ရေးတင်းမာနေသလို ထိတွေ့တိုက်ပွဲတွေ လည်း မကြာခဏဖြစ်ပွားနေလျှက်ရှိနေပါတယ်။
ဒီလိုနှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လုပ်ဆောင်နေတဲ့ အတွက် အရပ်သား ထိခိုက်သေဆုံးမှု ရှိနေသလို ဒေသခံ နှစ်သိန်းကျော်ကလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

Photo – KNU

Related Articles

Back to top button