ရခိုင်ပြည်တွင် စစ်ကောင်စီတပ်မှ စစ်ရေးလှုပ်ရှားမှု ရှိလာ
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၆ ၊ ၂၀၂၃။
ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်မှ စစ်ရေးလှုပ်ရှားမှုတွေကို တွေ့လာရတာကြောင့် ဒေသနေပြည်သူတွေက စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ရက္ခိုင့်တပ်တော် (AA) အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA) တအာင်းတပ်မတော် (TNLA) တို့က ၁၀၂၇ စစ်ဆင်ရေး (operation 1027) စတင်ပြီးနောက် စစ်ကောင်စီတပ်တို့ဟာလည်း ရခိုင်ဒေသအတွင်း စစ်ရေးလှုပ်ရှားမှုတွေကို ပိုမိုလုပ်ဆောင်လာနေတယ်လို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။
Operation 1027 -3BHA ရဲ့ စစ်ဆင်ရေး (၁၀)ရက်မြောက် (နိုဝင်ဘာ- ၅) ရက်နေ့ ထုတ်ပြန်ချက်မှာ ” ရက္ခိုင့်တပ်တော် (AA) အခြေစိုက်လှုပ်ရှားရာ ရခိုင်ဒေသ အတွင်းတွင် ရန်သူစစ်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ရေးအင်အားဖြည့်တင်းခြင်းများကို ပိုမိုပြုလုပ်လာသကဲ့သို့ ၎င်းတို့စိုးမိုးရာ ရက္ခိုင် မြို့ကြီးများတချို့တွင် အရပ်ဘက် အဖွဲ့အစည်းများအား စစ်ဆေးမေးမြန်းခြင်းနှင့် လုံခြုံရေးတိုးမြှင့်ခြင်းများကို ပိုမိုလုပ်ဆောင်လာလျက်ရှိသည်” လို့ ထုတ်ပြန် ထားပါတယ်။
စစ်ကောင်စီတပ်တို့ဟာ သူတို့စိုးမိုးရာ ရခိုင်ပြည်ရှိ တပ်စခန်းတွေမှာ အင်းအားဖြည့်တင်းတာတွေကို ပြုလုပ်နေသလို ခရီးသွားပြည်သူတွေကို စစ်ဆေးမှုတွေ ပိုမိုလုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Operation 2017 စစ်ဆင်ရေးကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က စတင်ပြီးနောက် ကုလားတန်မြစ်ရေကြောင်းတစ်လျှောက်မှာလည်း စစ်ကောင်စီရေတပ်တွေရဲ့ လှုပ်ရှားမှုတွေကို ပိုမိုတွေ့လာရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီရဲ့ နေဗီတွေ၊ ဇက်သင်္ဘောတွေ လှုပ်ရှားသွားလာနေတာကိုတော့ အရင်ကထက် ပိုမိုတွေ့လာရတယ်။ ပြီးခဲ့တဲ့ရက်တွေကလည်း စစ်ကောင်စီရဲ့ ဇက် သင်္ဘောတွေက မင်းပြားတိုင်းဗဟို-၉ သင်တန်းကျောင်းကို တက်သွားတာတွေရှိတယ်။ ဇက်ထဲမှာ လက်နက်တွေပါလား၊ စားနပ်ရိက္ခာတွေပါလာ၊ လူအင်အား တွေပါ လားဆိုတာကိုတော့ ကျနော်တို့မသိဘူး။ ဇက်တွေက ရေမှာ အတော်လေးနစ်ပြီးတော့ သွားလာနေကြတာ။ ဝန်တွေ အများကြီးမှာ ပါမှာတော့ သေချာတယ်” လို့ ပြောပါတယ်။
အခုလိုမျိုး စစ်ကောင်စီတပ်တွေက စစ်ရေးလှုပ်ရှားမှုတွေရှိလာပြီးနောက် တကျော့ပြန်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်လာမှာကို ရခိုင်ပြည်သူတွေက စိုးရိမ်နေကြပါတယ်။
ဓါတ်ပုံ – Getty Images