သတင်း

ရှမ်းမြောက်နဲ့ ကချင်ဒေသက စစ်တပ်စခန်း တချို့ KIA ထပ်မံသိမ်းပိုက်

ရှမ်းမြောက်နဲ့ ကချင်ဒေသက စစ်တပ်စခန်း တချို့ KIA ထပ်မံသိမ်းပိုက်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၃၁၊ ၂၀၂၃။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့အနီး မုံးမော်ကျေးရွာရှိ နမ့်ဟိုင်း စစ်ကောင်စီ တပ်စခန်းကို KIA တပ်ဖွဲ့မှ ယမန်နေ့ အောက်တိုဘာ ၃၀ ရက် နေ့ည ၈:၅ နာရီအချိန်ခန့်မှာ အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရပါတယ်။
နမ့်ဟိုင်း စစ်ကောင်စီ တပ်စခန်းဟာ နမ္မတူ မန်တုံ စသည့် မြို့များအတွက် အရေးပါတဲ့ ထောက်ပို့ တပ် စခန်းကြီးဖြစ်ပြီး ဟေလီကော် တာပါ ဆင်းတက် လို့ရနိုင်သော တပ်စခန်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ တပ်စခန်းကို KIA ဘက်မှ တိုက်ခိုက် နေစဉ် စစ်ကောင်စီတပ်ဘက်မှ မွန်းတည့် ၁၂ နာရီ တကြိမ်၊ မွန်းလွဲ ၃ နဲ့ ၆ နာရီတို့မှာ ၃ ကြိမ်နဲ့ ညပိုင်း ၁၀ နာရီ တကြိမ်ထိ တိုက်ရဟတ် ယာဉ်ဖြင့် ၅ ကြိမ်လာရောက် ပစ်ခတ်မှု ရှိခဲ့ကြောင်း KIA မြေပြင်သတင်းများကို ရေးသားနေတဲ့ 7stars News ဖော်ပြချက်အရ သိရပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ် မြစ်ကြီးနား- ဗန်းမော်ကားလမ်းမပေါ်ရှိတဲ့ အခိုင်အ မာတပ်စွဲထားတဲ့ ဂန်ဒေါင်ယန် ဗျူဟာကုန်း စစ်တပ်စခန်း (Gang Dau yang hpyen Dap ) ကိုလည်း အောက်တို ဘာလ ၃၁ ရက်နေ့ ဒီမနက် ၅ နာရီ လောက်ကနေ ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ မဟာမိတ် ပူးပေါင်း တပ်‌တွေ ဝင်ရောက်တိုက်ခိုက်ပြီး ၃ နာရီအကြာ သိမ်းပိုက် လိုက်နိုင်ပြီလို့ ဒေသတွင်း ကချင် သတင်းဌာနများရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဒါ့အပြင် တစ်ဆက်တည်း မြစ်ကြီးနား- ဗန်းမော်ကားလမ်းမပေါ်က မလိယန် ကျေးရွာမှာရှိတဲ့ စစ်တပ် စခန်း ကိုလည်း KIA အမှတ် ၁ အထူးတပ် တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်နေ ဆဲ ဖြစ်တယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ တူးခေါင်ကလည်း “ဒီမနက် ၆ နာရီမှာ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်က စစ်ကောင်စီ၏ ဂန်ဒေါင်ယန်စခန်းကို သိမ်းလိုက်ပါပြီ။ ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ တရုတ်နယ်စပ် လွယ်ဂျယ် မြို့ကို ဆက်သွယ် ထားတဲ့ လမ်းကြောင်းကို ထိန်း ချုပ်ရန် အရေးကြီးတဲ့ တပ် စခန်း တခုဖြစ်ပါတယ်” လို့ သူရဲ့ ဖေ့စ်ဘုတ် စာမျက်နှာက တဆင့် ရေးသား အသိပေးထားပါတယ်။
ဓာတ်ပုံ – KIA တို့ သိမ်းပိုက်ရရှိတဲ့ ရှမ်းမြောက် နမ့်ဟိုင် စစ်တပ်စခန်းမြေပုံ။

Related Articles

Back to top button