DMG သတင်းဌာနမှ ဖမ်းဆီးခံရသူနှစ်ယောက်ကို စရဖမှ ခေါ်ဆောင်သွား
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၃၀၊ ၂၀၂၃။
ရခိုင်ပြည်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Development Media Group (DMG) သတင်းဌာနမှ ဖမ်းဆီးခံရသူနှစ်ယောက်ကို စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)က ခေါ်ဆောင်သွားတယ်လို့ သိရှိရပါတယ်။
DMG သတင်းဌာနမှ သတင်းထောက် ကိုထက်အောင်နဲ့ ညစောင့်တစ်ယောက်တို့ကို စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)က ဒီနေ့ နံနက် ၁၀ နာရီကျော် အချိန်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
“၁၁ နာရီလောက်မှာ ထမင်းပို့ဖို့သွားတဲ့အချိန်မှာ သူတို့မရှိတော့ဘူး။ စရဖက စစ်ဆေးဖို့ ခေါ်ယူ သွားတယ်လို့ ပြောတယ်။ တွေ့ခွင့်မရဘူး။ ခုလောလောဆယ် လုံးဝတွေ့ခွင့်မရဘူး” လို့ ပြောပါတယ်။
DMG သတင်းဌာနရဲ့ သတင်းထောက် ထက်အောင်ဟာ မနေ့ မနက် (သီတင်းကျွတ်လပြည့်နေ့) စစ်တွေ မြို့ ဝင်္ကဘာကွင်းမှာ ဆွမ်းတော်ကြီးလောင်းလှူပွဲအား ဓာတ်ပုံသွားရိုက်စဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာဖြစ်ပါတယ်။
ယင်းနောက် မနေ့ နေ့လယ် ၁၂ နာရီကျော်အချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင် စသုံးလုံးအပါအဝင် SB၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သား ၂၀ ဝန်းကျင်ခန့်က ကားသုံးစီနဲ့ DMG ရုံးသို့ ရောက်ရှိလာကာ ညစောင့်ကို ဖမ်းဆီးပြီး ကွန်ပျူတာတွေနဲ့ ကင်မရာတွေကို သိမ်းဆည်းကာ ရုံးကိုလည်း ချိတ်ပိတ်သွားတယ်လို့ သိရှိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သတင်းထောက် ထက်အောင်ရဲ့ အိမ်သို့ ရောက်ရှိလာပြီး ကွန်ပျူတာကို သိမ်းဆည်းသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
” မိမိတို့ သတင်းဌာနသည် မြန်မာ့ရေးရာ၊ နိုင်ငံတကာရေးရာအပါအဝင် ရခိုင်ပြည်အရေးကိစ္စများနှင့် ပတ်သက်ပြီး စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ တရားမျှတရေးနှင့် လူ့အခွင့် အရေး ချိုးဖောက်မှုများကို ဘက်လိုက်မှုမရှိဘဲ ရေးသားတင်ပြနေသော အမှီအခိုကင်းသည့် သတင်း ဌာနတစ်ခုဖြစ်၍ ယခုလုပ်ရပ်အား DMG အနေဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း” မနေ့က ထုတ်ပြန်ထုတ်ပါတယ်။
DMG သတင်းဌာနမှ ဖမ်းဆီးခံရသူနှစ်ယောက်ကို မနေ့ကနေ ဒီနေ့ နံနက်ပိုင်းအထိ စစ်တွေမြို့မ ရဲစခန်း ထဲတွင် ထိန်းသိမ်းထားခဲ့ပြီး မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မပေးသလို မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားတယ်ဆိုတာကိုလည်း ပြောကြားတာမရှိဘူးလို့ သိရှိရပါတယ်။