အင်တာဗျူး

စစ်ကောင်စီ၏ လေကြောင်းအသုံးပြုတိုက်ခိုက်မှုများဆိုင်ရာ အထူးအစီရင်ခံစာ

“အထူးသဖြင့် နိုင်ငံတကာအနေနဲ့ လေယာဉ်မပျံသန်းရဇုံလိုမျိုး သတ်မှတ်ပေးဖို့ လိုတယ်။ လေယာဉ်မပျံသန်းရဇုံ အတွက် လိုအပ်မယ့် ယန္တယားတွေကို ထူထောင်နိုင်ဖို့ လိုတယ်လို့ နားလည်ပါတယ်”

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

အောက်တိုဘာ ၂၇၊ ၂၀၂၃

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလမှ ဩဂုတ်လထိ ရက်ပေါင်း ၁၂၃ ရက်အတွင်း စစ်ကောင်စီမှ ပြုလုပ်ခဲ့သော လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ် ၂၇၂ ကြိမ် ရှိခဲ့ပြီး ပျမ်းမျှအားဖြင့် ၁ ရက်လျှင် လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ် ၂ ကြိမ်နှုန်း တိုက် ခိုက်မှု ရှိခဲ့တယ်လို့  ဉာဏ်လင်းသစ် သုတေသနအဖွဲ့က စစ်ကောင်စီ၏လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ လေ့ လာထားတဲ့ အထူးအစီရင်ခံစာတစ်ခုကို ထုတ်ပြန်ထားပါတယ်။

လေကြောင်းအသုံးပြု တိုက်ခိုက်မှု ဖြစ်စဉ်ထဲက အကြိမ် ၂၀ အထက် အများဆုံး ဖြစ်ပွားခဲ့တဲ့ ဒေသ များကတေ့ ကရင်နီဒေသမှာ (၇၁) ကြိမ်၊ စစ်ကိုင်းဒေသမှာ ၆၉ ကြိမ်ဖြင့် အများဆုံးဖြစ်ကြပြီး ချင်း ဒေသ (၂၉) ကြိမ်၊ ကရင်ဒေသ (၂၃) ကြိမ်၊ ကချင်ဒေသ (၂၂) ကြိမ် အသီးသီး ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြိမ် (၂၀) အောက် တိုက်ခိုက်ခံခဲ့ရတဲ့ ဒေသများကဟာ ရှမ်းတောင် ဒေသမှာ (၁၄) ကြိမ်၊ ရှမ်းမြောက် ဒေသမှာ (၁၂) ကြိမ်၊ ပဲခူးဒေသမှာ ၁၁ ကြိမ်၊ မကွေးဒေသမှာ (၁၀) ကြိမ်နှင့် မွန်ဒေသမှာ (၆) ကြိမ်ထိ ရှိခဲ့ပြီး တနင်္သာရီနှင့် မန္တလေးဒေသတို့မှာတော့ (၂) ကြိမ်ဆီနဲ့ နေပြည်တော် ဒေသမှာ (၁) ကြိမ် ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အဆိုပါ (၄) လ အတွင်း အရပ်သား (၇၂) ဦးထိ သေဆုံးမှု ရှိခဲ့ သလို ဒဏ်ရာ ရရှိသူ (၁၆၃) ဦးထိဖြစ်ကာ အနည်းဆုံးဘာသာရေး အဆောက်အဦး (၃၃) ခု၊ စာသင်ကျောင်း (၁၇) ခုနှင့် ဆေးရုံဆေးခန်း (၄) ခု တို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အခုအစီရင်ခံစာနဲ့ ဆက်စပ်ပြီး စစ်ကောင်စီက လေကြောင်းအားပြု အသုံးပြုနေတဲ့အပေါ် ဖက်ဒရယ်ဂျာနယ်၊ မြန်မာရဲ့ မေးမြန်းချက်ကို  ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ နိုင်ငံရေးနှင့်သုတေသနအကြံပေး ကိုမိုးထက်နေက အခုလို မှတ်ချက်ပြု ဖြေကြားထားပါတယ်။

၁) ဘာကြောင့် စစ်ကောင်စီက လေကြောင်းအဓိက အားပြုပြီး အသုံးပြုလာရတယ်လို့ မြင်ပါသလဲ။

ဒီစစ်တပ်က တော်လှန်ရေး သမိုင်းတလျှောက်မှာ တော်လှန်ရေးအင်အားစုတွေဘက်ကို လေကြောင်းအသုံးပြုပြီး တိုက်ခိုက်လာတာကို တွေ့ရတယ်။ လေကြောင်းဘာကြောင့်သုံးလို့ပြောရင် ဖြစ်နိုင်ခြေတွေ အများကြီး ရှိပါတယ်။ အဓိကတော့ ဒီလေကြောင်းအသုံးပြုတယ်ဆိုတာကတော့ မြေပြင်မှာ စစ်ကြောင်းထိုးသလို၊ အုပ်ချုပ်ရေး၊ ထောက်ပံ့ရေး ကိစ္စမျိုးတွေ နောက်ကလိုက်လာတာမျိုးတွေ သိပ်မလိုဘူးပေါ့နော်။

အလွယ်တကူ အသုံးပြုလို့ရတယ် ဆိုတာမျိုး တွေပေါ့နော် တွေးမယ်ဆိုရင်တော့ အများကြီးရှိနိုင်ပါတယ်။ အဓိက အချက်ကတော့လေ စစ်ကောင်စီ ဆီမှာ လေကြောင်း အသုံးပြုနိုင်တဲ့ အရင်းအမြစ်တွေပေါ့ဗျာ၊ ဥပမာ လေယာဉ်ဆီလိုဟာမျိုးတွေ လေယာဉ် ပေါ်ကနေ အသုံးပြုပြီး တိုက်ခိုက်လို့ရတဲ့ လက်နက်တွေပေါ့နော် ဒီလိုဟာမျိုးတွေ ပေါပေါများများ ရှိနေသေးလို့ လေကြောင်းအသုံးပြု တိုက်ခိုက်တယ်လို့ ယူဆပါတယ်ခင်ဗျာ။

၂) အခုလို လေကြောင်း အင်အားကို အကြိမ်ပေါင်းများစွာ အသုံးပြုဖို့ဆိုရင် ကုန်ကျစာရိတ် အင်မတန်များမယ်လို့ ယူဆပါတယ်။ ဒီလို ကုန်ကျစာရိတ်များကို သုံးနေနိုင်တာက ဘာကြောင့်လို့ ယူဆပါသလဲ။

တဘက်က စဉ်းစားစရာ ရှိတာကတော့ စစ်အုပ်စုကို ကျနော်တို့ ဒီမိုကရေစီကို လိုလားတဲ့ နိုင်ငံဟာလိုမျိုးတွေက အဆက်ဆံ မလုပ်တာမျိုးတွေ စီးပွားရေးပိတ်ဆို့တာမျိုးတွေ ဒါမျိုးတွေတော့ ဝိုင်းလုပ်နေတာတော့ ရှိနေတာ ပေါ့နော်။ ဒါပေမယ့် တဘက်မှာလည်း စစ်ကောင်စီနဲ့ အလိုတူ အလိုပါ စီးပွားရေး လုပ်နေကြတဲ့ နိုင်ငံတွေလည်း ကျန်နေသေးတယ်ဆိုတာ မေ့လို့မရဘူးပေါ့နော်။

အဲဒီတော့ စစ်ကောင်စီသည် သူ့မှာ နိုင်ငံရဲ့ အရင်းအမြစ်တွေကို အသုံးချပြီးတော့ နိုင်ငံရဲ့ အရင်းအမြစ်တွေကို ဖယ်လှယ်ပြီးတော့ ပြည်ပကုန်သွယ်မှုတွေ ဆက်ပြီးတော့ လုပ်နိုင်နေ တယ်လို့ ယူဆပါတယ်။

ဒီမိုကရေစီ လိုလားတဲ့နိုင်ငံမဟုတ်ရင်တောင်မှ အာဏာရှင် ပလင်းတူဘူးစို့ နိုင်ငံတွေကြား တွေမှာတော့ စစ်ကောင်စီက အလုပ်လုပ်နေနိုင်သေးတယ်လို့ ယူဆတယ်။ နောက်တခါ သူရတဲ့ ရင်းမြစ်တွေ ကိုလည်း ထိန်းချုပ်ထားနိုင်စွမ်း ရှိသေးတာပေါ့နော်။ ဒါကြောင့် ဒီလောက်ကုန်ကျစာရိတ်တွေကို အကုန်ခံ အသုံးချ နေနိုင်တယ်လို့ ယူဆပါတယ်။

၃) အရပ်သားပစ်မှတ်၊ စစ်ရေးပစ်မှတ် မခွဲတော့ဘဲ လေကြောင်း ပစ်ခတ်မှု ဆက်လက် လုပ်ဆောင်နေမယ်ဆိုရင် ဒီတော်လှန်ရေး ကာလအတွင်း အရပ်သားတွေရဲ့ ထိခိုက်မှုက နောက်ဆက်တွဲ ဘယ်လောက်ထိ မြင့်မားလာနိုင်မယ်လို့ ယူဆပါသလဲ။

၂၀၂၃ ခုနှစ် ဒုတိယ လေးလပတ်ဖြစ်တဲ့ မေလ ကနေ ဩဂုတ်လအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို အများကြီး ပိုပြီး လုပ်ဆောင်လာတာတွေ တွေ့ရတယ်။ ပျမ်းမျှအားဖြင့် တစ်ရက်မှာ နှစ်နေရာလောက်ကို လေကြောင်း တိုက်ခိုက်နေတယ်လို့ အချက်အလက်အားဖြင့် တွေ့ရတယ်။ နောက်တခါ အဲဒီလို တိုက်ခိုက်တဲ့ နေရာမှာလည်း စစ်ရေးပစ်မှတ်တွေ မဟုတ်တဲ့ စစ်ဖြစ်တဲ့နေရာတွေပင် မဟုတ်ဘဲ စစ်ဖြစ်တဲ့ အနီးအနားမှာရှိတဲ့ ကျေးရွာတွေကို တိုက်ခိုက်တာတွေ နောက်တခါ စာသင်ကျောင်းတွေကို တိုက်ခိုက်တာတွေ ဆေးရုံ၊ ဘုရားကျောင်း တွေ နောက်တခါ IDP စစ်ဘေးရှောင် စခန်းတွေကိုတိုက်ခိုက်တာကို တွေ့ရပါတယ်။

ဒီလိုလုပ်တာကတော့ တော်လှန်ရေးကို ထောက်ခံနေတဲ့ လူထု၊ နောက်တခါ တော်လှန်ရေးမှာ ရပ်ခံနေတဲ့ အရပ်ဖက် လူ့အသိုင်းအဝိုင်းကို ခြိမ်းခြောက်ဖို့ ရည်ရွယ်တာဖြစ်တယ်။ ဖြတ်လေးဖြတ် မဟာဗျူဟာကို အကောင်အထည် ဖော်ဆောင်တာလို့ ယူဆတယ်။

အဲဒီလို လုပ်ခြင်း နောက်ဆက်တွဲကတော့ ကောင်းကျိုးထက် ဆိုးကျိုးတွေက ပိုများလာလိမ့်မယ် အရပ်သား သေဆုံးမှုတွေ ထိုးတက်လာနိုင်တယ်။ နောက်တခါ စစ်ကောင်စီရဲ့ ဆိုးဝါးဖောက်ပြန်တဲ့ အရပ်သား တွေအပေါ်မှာ ပစ်မှတ်ထားတိုက်ခိုက်မှု ပိုပြီးမြင့်မားလာလိမ့်မယ်လို့ ယူဆတယ်။ ဒါကလည်း အမြန်ဆုံး ဖြေရှင်းဖို့ ထိန်းသိမ်းဆောင်ရွက်ဖို့ လိုအပ်တဲ့ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ တာဝန်ယူ ဖြစ်တယ်လို့ မြင်ပါတယ်။

၄) လေကြောင်းအသုံးပြုပြီး အရပ်သားကို ပစ်မှတ်ထား တိုက်ခိုက်မှုကို တားဆီး ရပ်တန့်နိုင်ဖို့ ဘယ်လိုလုပ်ဆောင်ဖို့ လိုအပ်မယ်လို့ အကြံပြုချင်ပါသလဲ။

နိုင်ငံတကာ အသိုင်းအဝန်းတွေအနေနဲ့ စစ်ကောင်စီကို လက်နက်မရောင်းချဖို့၊ လေယာဉ်ဆီ မပို့ဖို့၊ စီးပွားရေး ပိတ်ဆို့တာတွေ ကန့်သတ်တာတွေ လုပ်ကြတယ်ပေါ့နော်။ ဒါပေမယ့် ရှေ့မှာ ကျနော်ပြောခဲ့သလိုပဲ ဒီမိုကရေစီကို လက်ခံတယ် လူ့အခွင့်အရေးကို သိတယ်ဆိုတဲ့ နိုင်ငံတွေကတာ စစ်ကောင်စီနဲ့ တိုက်ရိုက် အလုပ်မလုပ် ကြတာပေါ့ နော်။

ကျန်တဲ့ စစ်ကောင်စီနဲ့ အကျိုးစီးပွား ဆက်ပြီး ဆောင်ရွက်နေတဲ့ နိုင်ငံတွေနဲ့ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေ ရုရှားလိုနိုင်ငံတွေက ဆက်ရှိနေတော့ ဘယ်လောက်ပဲ ပိတ်ဆို့ထားတယ် ပြောပြော ဒီစီးပွားရေး လမ်းကြောင်းက ဆက်ပြီး လုပ်ခွင့်ကိုင်ခွင့် ရနေတာပေါ့နော်။

နောက်တခါ ဝင်ငွေလမ်းကြောင်းက အပြီးသတ် မဖြတ်တောက်နိုင်ဘူး။ လေယာဉ်ဆီ၊ လေယာဉ်သုံး လက်နက်တွေ ရနေတယ်။

အမှန်တကယ်တာ အရပ်သားတွေ လေကြောင်းတိုက်ခိုက်ခံနေရတာကို ကာကွယ်ချင်တယ်ဆိုရင်တော့ နိုင်ငံတကာအနေနဲ့ စီးပွားရေး၊ လေယာဉ်ဆီနဲ့ လက်နက် ပိတ်ဆို့တယ် ဆိုတာထက် ပိုပြီးတော့ စဉ်းစားဖို့လိုတယ်။ အထူးသဖြင့် နိုင်ငံတကာအနေနဲ့ လေယာဉ်မပျံသန်းရဇုံလိုမျိုး သတ်မှတ်ပေးဖို့ လိုတယ်။ လေယာဉ်မပျံသန်းရဇုံ အတွက် လိုအပ်မယ့် ယန္တယားတွေကို ထူထောင်နိုင်ဖို့ လိုတယ်လို့ နားလည်ပါတယ်။

———

(၂၀၂၁၊ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်တို့အတွင်း စစ်ကောင်စီ၏ လေကြောင်းထိုးစစ်ဆင်မှု အကြိမ်အရေအတွက်နှင့် နောက်ဆက်တွဲဖြစ်စဉ်များ အကြောင်း အသေးစိတ်ဖတ်ရှုလိုပါက ဖော်ပြပါ link များမှာ တဆင့် ဒေါင်းလုပ် ရယူ၍ ဖတ်ရှုနိုင်ပါတယ်)

မြန်မာဘာသာဖြင့် – https://tinyurl.com/4uk6c8re

အင်္ဂလိပ်ဘာသာဖြင့် – https://tinyurl.com/3dabpehw

Related Articles

Back to top button