သတင်း

ပထမအကြိမ် တအာင်းဥပဒေ အကယ်ဒမီ(TLA) ဘွဲ့နှင်းသဘင်ပြုလုပ်

ပထမအကြိမ် တအာင်းဥပဒေ အကယ်ဒမီ(TLA) ဘွဲ့နှင်းသဘင်ပြုလုပ်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၂၆၊ ၂၀၂၃
 
တအာင်းဥပဒေ အထောက်အကူပြုအဖွဲ့ (Ta”ang Legal Aid)မှ ဦးစီးပြီး ဖွင့်လှစ်ထားတဲ့ တအာင်း ဥပဒေ အကယ်ဒမီ (Ta”ang Law Academy)ရဲ့ ပထမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ အောက်တိုဘာ ၂၅ ရက်နေ့မှာ TNLA တပ်မဟာ(၂)စစ်ဒေသ နမ့်ဆန်မြို့နယ်ထဲက လွတ်မြောက် နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
 
ဘွဲ့နှင်းသဘင် အခမ်းအနားမှာတော့ PSLF/TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်မှူးချုပ် တားဘုန်း ကျော်၊ အုပ်ချုပ်ရေး ဌာနမှူး ဗိုလ်မှူးကြီး တားဂူ;ဇာရ်းနှင့် ကျောင်းဒါရိုက်တာများမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်း ကာလ ၁၈ လကြာ လေ့လာသင်ယူ အောင်မြင်ခဲ့တဲ့ ကျောင်းသူ (၁၉)ဦး၊ ကျောင်းသား(၁၄)ဦး စုစုပေါင်း (၃၄)ဦးကို ဥပဒေ ဒီပလိုမာဘွဲ့(Diploma in Law) ပေးအပ်ချီးမြှင့် နိုင်ခဲ့ တာလို့ သိရပါတယ်။
 
ဘွဲ့နှင်းသဘင် အခမ်းအနားမှာတော့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး – PSLF/TNLA ထိပ်ပိုင်း ခေါင်းဆောင် များဖြစ်ကြတဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်မှူးချုပ် တားဘုန်းကျော်၊ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး တားအိုမ်တမာဝ်း နှင့် ဌာနဆိုင်ရာအရာရှိအရာခံများ၊ ကျောင်း ဒါရိုက်တာ မိုင်းမျိုးအောင်၊ ကျောင်း ဘုတ်အဖွဲ့ဝင်များ၊ ကျောင်းသူ/သားများနှင့် ကျောင်း သားမိဘများ၊ ဒေသခံပြည်သူလူထု စုစုပေါင်း လူဦးရေး (၅၀၀)နီးပါး တက်ရောက် ဂုဏ်ပြု ပေးခဲ့ကြပြီး ထူးချွန် ကျောင်းသူ/သားများကိုလည်း ဂုဏ်ပြုဆု အသီးသီးများ ပေးအပ်ချီးမြှင့် ပေးခဲ့တယ်လို့ သိရပါတယ်။
 
တအာင်းဥပဒေ အကယ်ဒမီကျောင်းကိုတော့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး တအာင်း ဥပဒေအကယ်ဒမီ(TLA)ကျောင်းကို တအာင်းလူငယ် ဥပဒေပညာရှင်များ ပိုမိုပေါ်ထွန်း လာစေ ရန်၊ တရားဥပဒေ စိုးမိုးရေး (Rule Of Law) အားကောင်းလာစေရန်နှင့် ဥပဒေပိုင်းဆိုင်ရာ အသိ ပညာ များကို လူထုထံပြန်လည်မျှဝေ ပေးနိုင်ရန် ရည်ရွယ်ပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ထားတဲ့ အသက်(၁၈)နှစ်မှ (၂၅)နှစ် ကြားထဲက လူငယ်များကို လေ့ကျင့် သင်ကြားပေးနေတဲ့ ကျောင်းဖြစ် တယ်လို့ သိရပါတယ်။
 
လေ့လာ သင်ကြားပေးနေတဲ့ ဘာသာရပ်ဆိုင်ရာများကတော့ ဥပဒေပိုင်းဆိုင်ရာဘာသာရပ်များ၊ နိုင်ငံ ရေးဆိုင်ရာ ဘာသာရပ်များ၊ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်များ၊ ကျယ်ပြန့်တဲ့ စဉ်းစား ဖန်တီး နိုင်စွမ်း မြင့်မားလာနိုင်အောင် လေ့ကျင့်သင်ကြားပေးနေတာဖြစ်ပြီး တအာင်းရုံးသုံးစာ၊ အင်္ဂလိပ် ဘာသာရပ်(4 Skills)နှင့် ကွန်ပျူတာဘာသာရပ်များ သင်ကြား ပို့ချပေးနေတာလို့ သိရပါတယ်။
 
ထူးခြားချက်အနေဖြင့် တအာင်း ဥပဒေအကယ်ဒမီ(TLA)ကျောင်းကို အောင်မြင်ထားတဲ့ ကျောင်းသူ/ သားများဟာ တအာင်း အမျိုးသားရေးဆိုင်ရာ လုပ်ငန်းများမှာ ပံ့ပိုးပါဝင်ပေးသွားဖို့ လေ့ကျင့်ပေးထား တာဖြစ်ပြီး တအာင်း နိုင်ငံရေးပါတီတစ်ခုခုမှာဖြစ်စေ၊ တအာင်း အရပ်ဖက်အဖွဲ့အစည်း တစ်ခုခုတွင် ဖြစ်စေ၊ တအာင်း အမျိုးသားရေး အဖွဲ့အစည်း တစ်ခုခုတွင်ဖြစ်စေ အနည်းဆုံး(၂)နှစ် ပါဝင်ပံ့ပိုး ကူညီ ထမ်းဆောင်ကြဖို့ တိုက်တွန်းချက်တွေ ရှိနေတာလည်း တွေ့ရပါတယ်။
 
ဓါတ်ပုံ – PSLF/TNLA | သတင်းနှင့်ပြန်ကြားရေးဌာန

Related Articles

Back to top button