လေးစားသမှု ဒို့ရှေးရှု ၊ အသံစုံပါမှုဂရုပြု၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်မှုဆိုင်ရာ ကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်နေ
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၂၆၊ ၂၀၂၃
အောက်တိုဘာလ ၂၇ ရက်နေ့ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့်နေ့ (International Religious Freedom Day) ကို ဦးတည်ပြီး ကမ်ပိန်းလှုပ်ရှားတခု ပြုလုပ်နေတယ်လို့ သိရပါတယ်။
အခုလှုပ်ရှားမှု အစီအစဉ်ကိုတော့ ဗမာပြည်နှင့် ဆက်စပ်တဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ တော်လှန်ရေး ရဲဘော်တွေ၊ တက်ကြွလှုပ်ရှားသူတွေက ပူးပေါင်းပါဝင်ပြီး လေးစားသမှု ဒို့ရှေးရှု ၊ အသံစုံပါမှုဂရုပြု၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှု ဆိုတဲ့ ဆောင်ပုဒ်နှင့်အတူ ကမ်ပိန်းကာလ အောက်တိုဘာလ ၁၇ ရက်ကနေ ၂၇ ရက်နေ့ထိ လှုပ်ရှားနေကြတာဖြစ်တယ်လို့ လှုပ်ရှားမှုမှာ ပါဝင်ဦးဆောင်သူလည်းဖြစ်၊ Burma Civil War Museum အဖွဲ့ရဲ့ သုတေသီလည်းဖြစ်တဲ့ ရဲဟိန်းအောင်က ပြောပါတယ်။
အဲဒီလှုပ်ရှားမှု ကမ်ပိန်းမှာတော့ ဗမာပြည်သူလူထုအနေဖြင့် နိုင်ငံတကာလွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နေ့ ဖြစ်ပေါ်လာပုံနဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် သဘောတရားများကို သိရှိလာစေဖို့၊ စုံလင်ကွဲပြားသော ယုံကြည်သူများ အနေဖြင့် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်မှု အားကောင်း လာစေဖို့နဲ့ စုံလင် ကွဲပြား သော ယုံကြည်သူများအကြား သဟဇာတဖြစ်စွာနေထိုင်နိုင်သော အလေ့အထများ တိုးတက် ပြောင်းလဲ လာစေဖို့ ရည်ရွယ်ပြီး ဦးတည် လှုပ်ရှား နေတာလို့လည်း သူက ပြောပါတယ်။
လှုပ်ရှားမှု campaign ကိုတော့ မြေပြင်လှုပ်ရှားမှုနဲ့ အွန်လိုင်းလှုပ်ရှားမှုဆိုပြီး (၂) ပိုင်းပါဝင်ပြီး မြေပြင်လှုပ်ရှားမှု အနေနဲ့ သက်ဆိုင်ရာ အစုအဖွဲ့အလိုက်၊ ရပ်ရွာ အသိုင်းအဝိုင်းအလိုက် ယုံကြည်ကိုးကွယ်မှုပေါင်းစုံ (သို့) ယုံကြည် ကိုးကွယ်မှုအလိုက် ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုကို ရည်သန်တဲ့ ဆုတောင်းပွဲတွေ လုပ်နေကြတာ ဖြစ်သလို လေ့လာသင်ယူမှု အဝန်းအဝိုင်း (ဥပမာ စာသင်ကျောင်းတွေ၊ ဘာသာရေးဆိုင်ရာကျောင်း) တွေမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အသိအမြင် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိလာနိုင်ဖို့ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ လုပ်နေကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် အွန်လိုင်းလှုပ်ရှားမှုကတော့ လွတ်လပ်စွာယုံကြည်ကိုးကွယ်မှုဆိုင်ရာ စကားဝိုင်းတွေ၊ အသိအမြင်တွေကို မျှဝေနိုင်ဖို့ မှတ်တမ်းရုပ်ရှင်တွေ၊ ဗီဒီယို အတိုလေး တွေ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကဗျာတွေ အပါအဝင် ကောက်နှုတ် ချက်တွေကို ဖော်ပြပေးမှာ ဖြစ်ပြီး ဗမာပြည်အတွင်းက လွတ်လပ်စွာယုံကြည်ကိုးကွယ်မှု အပေါ် ကျူးလွန် ဖောက်ဖျက်မှု မှတ်တမ်းတွေများကိုအခြေခံကာ သုတေသန အဖွဲ့အစည်းတွေရဲ့ လွတ်လပ်စွာယုံ ကြည် ကိုးကွယ်မှုနဲ့ ပတ်သက်တဲ့ လေ့လာမှုတွေ၊ အမုန်း စကားဆိုင်ရာ စောင့်ကြည့်မှုတွေ၊ အစွန်းရောက် လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ တွေ့ရှိချက် တွေကို မျှဝေသွားမှာ ဖြစ်တယ်သလို အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနေရင်းနဲ့ လူ့အခွင့်အရေးစံနှုန်းများကိုပါ တပါတည်း စနစ်တကျ လေ့လာနားလည်ကျင့်သုံးတက်တဲ့ ဓလေ့တွေ ရရှိစေဖို့ မျှော်ရည်ကြ တာလည်း ဖြစ်တယ်လို့ ကမ်ပိန်းလှုပ်ရှားမှာ ဦးဆောင်နေသူတွေက ပြောပါတယ်။
ဓါတ်ပုံ – Int Religious Freedom Day Campaign 2023 Burma