ဖားကန့်၊ ဆိုင်းတောင်မှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ခဲ့ပြီးနောက် ကျေးရွာထဲ လက်နက်ကြီးကျ
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၃၊ ၂၀၂၃
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာထဲမှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား ဒီကနေ့ စက် တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းကနေ စတင်ကာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဲဒီနောက် ကျေးရွာအတွင်းထဲ လက်နက်ကြီးလည်း ကျရောက် ပေါက်ကွဲခဲ့လို့ လက်ဖက်ရည်ဆိုင် ၁ ဆိုင် မီးလောင် ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နှစ်ဖက်တိုက်ပွဲဟာ နံနက် ၁၀ နာရီခွဲခန့်မှ မွန်းလွဲ ၃ နာရီခန့်ထိ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီနောက် လက်နက်ကြီး ကျရောက်ပေါက်ကွဲလာချိန် ဆိုင်းတောင်ကနေ မှော်ရှန်သို့ သွားတဲ့ မြို့အဝင် ဆိုင်းဘုတ်အနီး ဖွင့်လှစ်ထားတဲ့ လက်ဖက်ရည်ဆိုင် ထိခိုက် မီးလောင်ခဲ့တာလို့ သိရပါတယ်။
ဖားကန့်မြို့ခံ အမျိုးသားတဦး ပြောပြတာက“တိုက်ပွဲက မနက်ပိုင်း ၁၀ နာရီခွဲခန့် ကတည်းက ဖြစ်တာ၊ တော်တော် ပြင်းထန် တယ်လို့ ပြောရမယ်၊ ဘယ်ဘက်က ပစ်တာလဲ မသိရပေဘူး လက်နက် ကြီးကျခဲ့လို့ လက်ဖက် ရည်ဆိုင်ကတော့ မီးလောင်သွားတယ်၊ ဆိုင်တခုလုံး မီးလောင်သွားတယ်ဆိုတော့ ထိခိုက်ဆုံးရှုံးမှုတော့ ရှိနိုင်တယ်၊ ဘယ်သူတွေ ဘယ်လောက် ထိခိုက်ပြီး အခြားဘာတွေ ထိခိုက်သေးလဲဆိုတာတော့ အသေးစိတ်တော့ မသိရသေးဘူး”
တိုက်ပွဲမဖြစ်ပွားမီ ဆိုင်းတောင် ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး အရပ်ဝတ်များဖြင့် သွားလာလှုပ်ရှားမှုများလည်း ရှိခဲ့ကာ အဲဒီနောက် တိုက်ပွဲဖြစ်ပွားလာတာလို့ သိရပါတယ်။
အဲဒီ နှစ်ဖက်တိုက်ပွဲဟာ မွန်းလွဲ ၃ နာရီခန့်မှာ ငြိမ်သက်သွားပေမယ့် မွန်းလွဲ ၅ နာရီခန့်မှာ တကြော့ပြန်လည် ဖြစ်ပွား ခဲ့တယ်လို့ ဖားကန့်ဒေသ အခြေအနေတွေကို ဖော်ပြနေတဲ့ လူမှုကွန်ရက် စာမျက် နှာတွေ ဖော်ပြလာသလို ဖားကန့် ဒေသခံ တွေကလည်း ပြောပါတယ်။
မွန်းလွဲ ၅ နာရီခန့်မှာ ထပ်မံဖြစ်ပွားတဲ့ တိုက်ပွဲမှာလည်း လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှု ရှိခဲ့လို့ ဆိုင်းတောင် ဆေးခန်းထဲ ကျရောက် ပေါက်ကွဲမှု ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ယမန်နေ့ အောက်တိုဘာ ၁ ရက်နေ့က ဆိုင်းတောင် ရပ်ကွက် ၁ ရှိ စစ်ကောင်စီ၏ ရဲစခန်းကို K-PDF မှ Drone ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သလို စက်တင်ဘာ ၃၀ရက် ညကလည်း ဆိုင်းတောင် ရဲစခန်းကုန်းအား KIA၊ PDF ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
ပုံစာ- ဆိုင်းတောင်တွင် လက်နက်ကြီးကျရောက်မှုကြောင့် မီးလောင်ပျက်စီးမှုမြင်ကွင်း / အောင်ဇော်မိုး ဖားကန့် Facebook Page