သတင်း

မူဆယ်နဲ့ ကွတ်ခိုင်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ၊ TNLAနဲ့ တိုက်ပွဲပြင်းထန်နေ

မူဆယ်နဲ့ ကွတ်ခိုင်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ၊ TNLAနဲ့ တိုက်ပွဲပြင်းထန်နေ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၂၆၊ ၂၀၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်မှာ စက်တင်ဘာလ ၂၅ရက်နဲ့ ဒီကနေ့က စစ်ကောင်စီမှ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး TNLAနဲ့ တိုက်ပွဲပြင်းထန် နေတယ်လို့ ဒေသခံ တွေထံကနေ သိရပါတယ်။

မူဆယ်မြို့နယ်ရှိ TNLAရဲ့ တပ်မဟာ(၁)တပ်စခန်းဖြစ်တဲ့ လွယ်မောက်တပ်စခန်းကို စစ်ကောင်စီမှ ဂျက်ဖိုက်တာ(၃)စီးနဲ့ စက်တက်ဘာလ ၂၅ရက်၊ ညပိုင်းက ပေါင် ၅၀၀ ဗုံးသီးအသုံးပြုကာ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ TNLAက ဒီကနေ့မှာ ထုတ်ပြန်အသိပေးထားပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် TNLA တပ်စခန်းရဲ့ အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှု တစ်စုံတရာမရှိကြောင်း၊ စက်တင်ဘာလ ၂၃ ရက်ကနေ ဒီကနေ့ အထိ (၃)ရက်ကြာ တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ဘဲ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

“ဗုံးလာကြဲတာ အသံက အဝေးကနေတောင် အကျယ်ကြီးကြားရတယ်။ လူထိခိုက်တာတော့မရှိဘူးလို့ ကြားတယ်။ ဒေသခံတွေကတော့ ဘေးကင်းရာ ရွေ့နေကြတယ်။ ဒီနေ့လည်း ပစ်ခတ်သံတချို့ကြားရ တယ်”လို့ ဒေသခံတစ်ဦးက FJMM ကို ပြောပါတယ်။

ကွတ်ခိုင်မြို့နယ်၊ ငေါ့ငါးရွာအထက်နားကိုလည်း ဒီကနေ့၊ နေ့လယ် ၂နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီက လေယာဥ်တစ်စီးနဲ့ ၂ ပတ်ပတ်ပြီး ဗုံးကြဲတိုက်ခိုက် သွားပြီး နောက် နမ့်ဖတ်ကာ ခြေလျင်အမှတ်(၁၂၃)တပ်ကုန်းပေါ်ကနေလည်း လက်နက်ကြီး ၆ ချက် ဆက်တိုက် ပြန်လည် ပစ်ခတ်သွားတယ်လို့ သိရပါတယ်။

အဲဒီလိုပဲ ဒီကနေ့မနက်ပိုင်းက နမ့်ဖတ်ကာတပ်စခန်းက စစ်ကောင်စီပစ်လိုက်တဲ့လက်နက်ကြီးကြောင့် ရပ်ကွက်ထဲရှိကလေးတစ်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာ ရရှိ တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ TNLAတို့အကြားဂဇူလိုင်လ (၂၃)ရက်ကနေ ဒီကနေ့အထိ မူဆယ်မြို့နယ် စယ်လန့်၊ နမ့်ကတ်၊ နာထန်၊ ဂေါင်ရာ၊ နမ့်တောင်၊ လွယ်ကျယ်လော့၊ ဟိုပေါ်၊ ဆိုင်ခေါင်နှင့် ကောင်ရာရွာတွင် လည်းကောင်း၊ ကွတ်ခိုင်မြို့နယ် ခိုမုန်းရွာ၊ ကောင်မူရာနဲ့ လင်းလုံရွာတွင်လည်းကောင်း၊ မိုးကုတ်မြို့နယ် အထက်ညောင်ကုန်း၊ အောက် ညောင်ကုန်း၊ ဖြူရောင်နှင့် ကုန်းစံရွာတို့တွင် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – TNLA

Related Articles

Back to top button