အင်းလေး PDFကို အင်အား ၄၅၀ နဲ့ ဖွဲ့စည်းထားပေမယ့် လက်နက်ခဲယမ်း မပြည့်စုံမှုနဲ့ ရင်ဆိုင်နေရ
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၁၃၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသနဲ့ ကရင်နီပြည်၊ မိုးဗြဲ၊ ဖယ်ခုံဒေသအခြေစိုက် အင်းလေးပြည်သူ့ကာကွယ်ရေးတပ်(၁၀၀၉ တပ်ရင်း)ကို အင်အား၄၅၀နဲ့ ဖွဲ့စည်းထားပေမယ့် လက်နက်ခဲယမ်းမပြည့်စုံမှုနဲ့ ရင်ဆိုင်နေရတယ်လို့ အင်းလေး PDF က ပြောပါတယ်။
NUG ကာကွယ်ရေး ဝန်ကြီးဌာနထံကနေ တရားဝင်တပ်သား ၃၅၀ ဦး၊ အရံတပ်သား ၁၀၀ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ရက်က တပ်ရင်း ဖွဲ့စည်းတာ တစ်နှစ်ပြည့်ပြီဖြစ်တယ်လို့ သိရပါတယ်။
“MODကနေ တရားဝင် တပ်သား ၃၅၀၊ အရံတပ်သား ၁၀၀နဲ့ ဖွဲ့စည်းထားပြီး လက်ရှိ ရှမ်းကယားစပ် မိုးဗြဲ၊ ဖယ်ခုံဖက်မှာ တပ်စခန်းချထားသလို လက်နက်ကိုင် တပ်သားအင်အား ၁၀၀ ဝန်းကျင်နဲ့ နယ်မြေခံ မိုးဗြဲ၊ ဖယ်ခုံPDFတွေနဲ့ အတူ ပူးပေါင်းတိုက်ပွဲဖော်ဆောင်နေပါတယ်”လို့ အင်းလေးPDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက FJMM ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ရက်ကလည်း အင်းလေးဒေသအတွင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး တိုက်ပွဲဖော်ဆောင်ခဲ့ပြီး ၂ဖက် ထိခိုက်ကျဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
အင်းလေး PDFအနေနဲ့ အာဏာရှင်အမြစ်ပြတ်တဲ့အထိ၊ ပြည်သူ့အာဏာ ပြည်သူပြန်ရတဲ့အထိ ညီနောင်တပ်ရင်းတပ်ဖွဲ့ ၊ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ပူပေါင်း တိုက်ထုတ်သွားမှာဖြစ်ပြီး လက်ရှိအခြေအနေကတော့ လူအင်အားရှိပေမယ့် လက်နက်မပြည့်စုံတဲ့ အခြေအနေဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ရက်က အင်းလေးPDFဂတည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားနဲ့ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဲဒီအခမ်းအနားမှာ ကာကွယ်ရေးဝန်ကြီးဌာနက ပေးပို့လိုက်တဲ့ သဝဏ်လွှာကို ဖတ်ကြားတာ၊ တပ်ရင်း ၁၀၀၉၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်(IPDF) ဖြစ်ပေါ်လာပုံ သမိုင်းအကျဥ်းကို ပြောကြားတာ၊ တိုက်ပွဲ အတွေ့အကြုံတွေကို ဝေမျှပြောကြားတာ၊ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေရဲ့ တာဝန်ရှိသူတွေက ခွန်အားဖြစ်စေတဲ့ အားပေးစကား ပြောကြားတာ၊ အလယ်ပိုင်းတိုင်း စစ်ဒေသရဲ့ တာဝန်ရှိသူက ခုခံတွန်းလှန်စစ်နဲ့အတူ ရှေ့ဆက်လျှောက်ရမယ့်လမ်းအတွက် အားပေးစကား ပြောကြားတာ နဲ့ ရဲဘော်တွေနဲ့ ရဲမေတွေအတွက် ဆုတံဆိပ်တွေ ချီးမြင့်တဲ့ အစီအစဉ်တွေပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဓါတ်ပုံ – Inle People Defense Force-IPDF