သတင်း

ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ အကြီးအမှူးအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်ရှိမည်

ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၇၊ ၂၀၂၁
ကုလသမဂ္ဂအထွေထွေညီလာခံက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားလှယ်အဖွဲ့ အကြီးအမှူးအဖြစ် ဆက်လက် ထားရှိရန် ဒီဇင်ဘာ ၆ ရက်နေ့က အတည်ပြုလိုက်ပြီ ဖြစ်သည်။
“အတည်မပြုမချင်း ဖြစ်လာနိုင်တဲ့ အခြေအနေတွေ အမျိုးမျိုး ရှိနိုင်တာမို့ စိုးရိမ်ခဲ့ရပေမယ့် အခုတော့ တရားဝင် အတည်ပြုလိုက်နိုင်ပါပြီ။ အခုတော့ ပြည်သူ့သံအမတ်ကြီးကို မြန်မာနိုင်ငံအစိုးရရဲ့ ကိုယ်စားလှယ်အဖြစ် ဆက် လက် အသိအမှတ် ပြုလိုက်ပါပြီ” ဟုလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် သတင်းစကား ပါးထားသည်။
ထို့ပြင် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်အတူ NUG လူ့အခွင့်အရေးဝန်ကြီးဌာန အနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် လက်တွဲ ဆောင်ရွက်သွားမည်ဟုလည်း ဆိုထားသည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့၏ အကြီးအမှူးအဖြစ် ကုလသမဂ္ဂကိုယ်စားလှယ် စိစစ်လက်ခံရေးကော်မတီ (UN Credential Committee) ဥက္ကဋ္ဌဖြစ်သူ ဆွီဒင်နိုင်ငံ သံအမတ်ကြီး H.E. Anna Karin Eneström က တရားဝင် ကြေညာထားသည်။
ကုလသမဂ္ဂ အထွေထွေညီလာခံက အာဏာသိမ်း အဖွဲ့အစည်းမှ တင်ပြလာသည့် မြန်မာနိုင်ငံ ကိုယ်စားလှယ်နှင့် အာဖဂန်နစ္စတန် ကိုယ်စားလှယ်များနှင့် ပတ်သက်၍ ၂၀၂၂ ခုနှစ်၊ ၇၆ ကြိမ်မြောက် အထွေထွေညီလာခံအထိ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ အကြီးအမှူး နေရာအတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်အပြိုင် အာဏာသိမ်း စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖြစ် စစ်အရာရှိဟောင်း ဦးအောင်သူရိန်ကို အဆိုတင်သွင်းထားခြင်း ဖြစ်သည်။
ပုံစာ – ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ အကြီးအမှူးအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်ရှိမည်။

Related Articles

Back to top button