TNLA နဲ့ မန္တလေး PDF တို့ရဲ့ ကနောင်စစ်ဆင်ရေး ၂လတာ ကာလအတွင်း စစ်တပ်ဘက်က ၈၀ ဦး သေဆုံးမှုရှိခဲ့
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၁၂၊ ၂၀၂၃။
တအာင်းတပ်မတော် (TNLA) နဲ့ မန္တလေး PDF တို့ရဲ့ ကနောင်စစ်ဆင်ရေး ၂ လတာ ကာလ အတွင်း စစ်တပ်ဘက်က ၈၀ ဦး သေဆုံးခဲ့သလို တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး စစ်ရေးတင်းမာ နေတယ်လို့ မန္တလေးPDFမှ စက်တင်ဘာလ ၁၁ရက်က ထုတ်ပြန်အသိပေးထားပါတယ်။
ကနောင်စစ်ဆင်ရေးရဲ့ ပထမဦးဆုံး အဖွင့်အနေနဲ့ ဇူလိုင်လ ၁၅ရက်က မတ္တရာမြို့နယ်ရှိ အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ် ၁၀၁၄ ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို အဲဒီတပ်ရဲ့ ကာကင်းစခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး စစ်ကူလာပေးတဲ့ စစ်ယာဥ်တန်း ၆ စီးကိုလည်း မိုင်းဆွဲဖြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့က ဗိုလ်ကြီး ၁ဦးအပါအဝင် မျက်မြင်သေဆုံးမှု ၁၉ဦးနဲ့ ဒဏ်ရာ ရရှိမှုအများအပြားရှိခဲ့ပြီး စစ်ကူလာတဲ့ ကား ၁စီးကို လုံးဝဖျက်ဆီးနိုင်ခဲ့ကာ မန္တလေးPDFမှ ရဲဘော် တစ်ဦးကလည်း မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“လက်ရှိအချိန်မှာတော့ ရှမ်းနဲ့ မန္တလေးနယ်စပ်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ရေး တင်းမာနေပါတယ်။ ရန်သူ့ဘက်ကလည်း အင်အားတွေ ဆက်တိုက်ဖြည့်နေတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ပျက်သုဥ်းတဲ့အထိ ဦးလည်မသုန် အရှိန်အဟုန် ပြင်းပြင်း ဆက်လက်တိုက်ပွဲဝင်နေမှာပါ” လို့ မန္တလေး PDF ရဲဘော်တစ်ဦးက FJMM ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၄ရက်က မန္တလေးPDFနဲ့ မဟာမိတ်တပ်တွေက နောင်ချိုအနီးတစ်နေရာမှာ စစ်တပ် စစ်ယာဥ်တန်းကို ခြုံခုံတိုက်ပွဲဆင်နွှဲခဲ့ပြီး အရာရှိ ၁ဦးအပါအဝင် ရန်သူ ၁၅ဦးလုံးကို အသေ ပစ်ခတ် ချေမှုန်းနိုင်ခဲ့သလို လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
နောင်ချိုမြို့မှာ ခြုံခိုတိုက်ခိုက်ခံခဲ့ရတာကြောင့် သြဂုတ်လ ၁၁ရက်မှာ တပ်မ ၉၉လက်အောက်ခံ တပ်ရင်းတစ်ရင်းက အင်အား ၅၀ခန့်နဲ့ မန္တလေးPDFနဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာရာ လမ်း ကြောင်းကို စစ်ကြောင်းထိုးလာခဲ့တာကြောင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကြောင်းမှုးအပါအဝင် ၁၀ဦးခန့် သေဆုံးကာ ၆ဦးက ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလိုပဲ သြဂုတ်လ၂၆ရက်ကလည်း မန္တလေး PDF တပ်ဖွဲ့ဝင်တွေ နေရာယူထားတဲ့နေရာကို စစ်ကောင်စီ တပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား (၇)ဦး ကျဆုံးခဲ့ သလို စက်တင်ဘာလ ၇ရက်တိုက်ပွဲမှာလည်း စစ်သား ၁၀ဦးသေဆုံးခဲ့သလို ခဲယမ်းအမြောက်အများကို ထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စက်တင်ဘာလ ၈ရက်နဲ့ ၁၀ရက်တိုက်ပွဲတွေမှာလည်း စစ်ကောင်စီ စစ်သား ၂၁ ဦး သေဆုံး ခဲ့ကာ ဒဏ်ရာရရှိသူအများအပြားရှိခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရရှိခဲ့ကာ မန္တလေး PDFဘက်ကတော့ ရဲဘော်တစ်ဦးကျဆုံးခဲ့ရတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကနောင် စစ်ဆင်ရေးဟာ လက်ရှိအချိန်မှာ မပြီးဆုံးသေးဘဲ ရန်သူ့တပ်တွေဖြစ်တဲ့ တပ်မ ၉၉၊ တပ် ၁၀၁ဂလက်အောက်ခံ ခလရ ၂၅၂၊ ခလရ ၂၅၇နဲ့ စကခ-၁ လက် အောက်ခံ ခမရ ၅၀၂တို့က အင်အား ၄၀၀ဝန်းကျင်ခန့်နဲ့ ထိပ်တိုက်ဆိုင်ထားကာ စစ်ရေးတင်းမာနေတယ်လို့လည်း ပြည်သူလူထုထံ အသိပေးထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ – Mandalay People’s Defence Force