သတင်း

ရှမ်းမြောက်ပြည်သူ့စစ် ခေါင်းဆောင်များကို စစ်ခေါင်းဆောင်တွေ့ဆုံပြီး စည်းရုံး

ရှမ်းမြောက်ပြည်သူ့စစ် ခေါင်းဆောင်များကို စစ်ခေါင်းဆောင်တွေ့ဆုံပြီး စည်းရုံး

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ

စက်တင်ဘာ ၁၁၊ ၂၀၂၃။

NLD အစိုးရလက်ထက်မှာ ပြည်ပနိုင်ငံတွေရဲ့ ဩဇာအောက်ကို မသိမသာရောက်ရှိခဲ့ပြီး လွတ်လပ်ရေး ဆုံးရှုံးခဲ့ရတယ်လို့ ပြောကာ ရှမ်းမြောက်ပြည်သူ့စစ် ခေါင်းဆောင်တွေကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တွေ့ဆုံစည်းရုံးနေတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်တွေနဲ့ စက်တင်ဘာလ ၁၀ရက်နေ့က တွေ့ဆုံခဲ့ပြီး ၂၀၂၀ရွေးကောက်ပွဲမှာ လူပုဂ္ဂိုလ်ဦးစားပေး ဆောင်ရွက်ခဲ့တာကြောင့် နိုင်ငံအတွက် မဖြစ် သင့်တဲ့ ကိစ္စရပ်တွေ ဖြစ်ပေါ်ခဲ့ကြောင်း၊ ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းမှာ နိုင်ငံရဲ့အုပ်ချုပ် ရေးနဲ့ စီးပွားရေး ဆိုင်ရာတွေမှာ ပြည်ပနိုင်ငံတွေရဲ့ အကြံဉာဏ်တွေကိုခံယူပြီး ဆောင်ရွက်ခဲ့တာကြောင့် ပြည်ပနိုင်ငံတွေရဲ့ ဩဇာအောက်ကို မသိမသာ ရောက်ရှိနေတာဟ နိုင်ငံ၏ လွတ်လပ်ရေးကို ဆုံးရှုံးတာ ဖြစ်တယ်လို့ သူကပြောဆိုစည်းရုံးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာဆက်ဆံရေးနဲ့ ပတ်သက်ပြီးသဟဇာတဖြစ်နေဖို့လိုအပ်ပေမယ့် ဩဇာခံဖြစ်လို့ မရကြောင်းနဲ့ နိုင်ငံအနေနဲ့ လွတ်လပ်၊ တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးကာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုပြီး နိုင်ငံ အချင်း ချင်း ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမူတွေကို စောင့်ထိန်းနေကြောင်း အာဏာသိမ်း စစ်ခေါင်း ဆောင်ကပြောကြားခဲ့တယ်လို့ သိရပါတယ်။

“သူနဲ့စစ်အုပ်စု အပေါင်းအပါလူတစ်စုက ရူးနှမ်းခဲ့လို့ အခုလို သူတို့အပါအဝင် တစ်နိုင်ငံလုံး အကြပ် အတည်း ဖြစ်နေတာပါ၊ ပြည်သူတွေဆင်းရဲဒုက္ခရောက်ရတာ။ ဒါကိုသူတို့ကိုယ်တိုင်လည်း သိလောက် တယ်၊ သိရက်နဲ့ ဟိုအဖွဲ့နဲ့တွေ့ရင် တစ်မျိုး၊ ဒီအဖွဲ့နဲ့တွေ့ရင် တစ်မျိုး အရူးကြီး လျှောက်ပြော နေတာ ပေါ့။ နားထောင်ခဲ့ရတဲ့သူ တွေတော့ ဘယ်လိုမသိဘူး၊ ကျနော်ကတော့ တော်တော်ရီချင်တယ်”လို့ ရှမ်းပြည် နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးက FJMM ကို ပြောပါတယ်။

စစ်ခေါင်းဆောင်က အိမ်နီးနားချင်းနိုင်ငံတွေနဲ့လည်း သဟဇာတဖြစ်တဲ့ ဆက်ဆံမှုရှိဖို့လိုပြီး ပြဌာန်း ထားတဲ့ ဥပဒေတွေနဲ့အညီ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အခြားနိုင်ငံ တွေရဲ့ ဥပဒေတွေကို လေးစားဖို့ လိုသလို နိုင်ငံရဲ့ တည်ဆဲဥပဒေကို လိုက်နာဖို့နဲ့ တန်ဖိုးထားဖို့ လိုကြောင်း အဲဒီတွေ့ဆုံပွဲမှာ ပြောကြား ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုပဲမြန်မာနိုင်ငံမှာလည်း ဒေသကိုအခြေခံတဲ့ ဖက်ဒရယ်စနစ်ကသာ အသင့်တော်ဆုံးဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ တိုင်းရင်းသားတို့ရဲ့ အရေးကိုသာ တောင်းဆိုကာ ဒေသအရေးကို တောင်းဆိုမှုအားနည်းနေတယ်လို့ ပြောကြားခဲ့တာပါ။

ဒီတွေ့ဆုံပွဲကို နမ့်ခမ်းမြို့မပြည်သူ့စစ် ခေါင်းဆောင် ဦးအိုက်ဆမ်၊ ပန်ဆေးပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့်၊ မန်ပန်ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်း၊ စိန်ကြော့ ပြည်သူ့စစ်ခေါင်းဆောင် ဦးလွယ် မောင်၊ မုံးစီးပြည်သူ့စစ် ခေါင်းဆောင် ဦးစိုင်းမွန်းနဲ့ ထင်ပါကျိုင်းပြည်သူ့စစ် ခေါင်းဆောင် ဦးခင်မောင် လွင်တို့ တက်ရောက် ခဲ့တယ်လို့လည်း သိရပါတယ်။

ပုံစာ – (စက်တင်ဘာ ၁၀ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း အခြေစိုက် ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်များနှင့် စစ်ခေါင်းဆောင် တွေ့ဆုံစဉ် / CINCDS)

Related Articles

Back to top button