ဆောင်းပါးအတွေးအမြင်

ကျွန်တော်ခံယူထားတဲ့တော်လှန်ရေးခရီး

ကျွန်တော်ခံယူထားတဲ့တော်လှန်ရေးခရီး

Salai Areng Pui | အတွေးအမြင်

တော်လှန်ရေးလို့ ပြောလိုက်ရင် ကိုယ်ပိုင်ကံကြမ္မာဖန်တီးရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး စတဲ့အမျိုးမျိုး ပြောဆိုမှုတွေလည်း ရှိနိုင်ပါတယ်။ သို့သော်  ဒီဆောင်းပါးမှာ က တော်လှန်ရေး၏ ရည်ရွယ်ချက်ကို ဖော်ပြပေး သွားမှာ မဟုတ်ဘဲ တော်လှန်ရေးဆိုတဲ့ နည်းနာကို ပုံဖော်ရေး သားမှာဖြစ်တယ်။

တခြားသူ(စာဖတ်သူ)တွေ အနေနဲ့ တော်လှန်ရေးဆိုတဲ့ခရီးတစ်ခုကို ကွင်းကွင်းကွက်ကွက်ပုံဖော် ကြည့်မယ်    ဆိုရင် ဘယ်လိုမျိုး အလားသဏ္ဍာန်နဲ့ ပုံဖော်မြင်ကြလဲ တော့ မသိဘူး။ ကျွန်တော် မြင်တဲ့ (ခံယူတဲ့) တော်လှန်ရေး တစ်ခု ဆိုတာ လိုရာခရီးသွား(ရောက်)ဖို့ ခရီးနှင်နေတဲ့ ကားတစ်စီးနဲ့ အလား သဏ္ဌန်တူတယ်လို့ ပြောချင် ပါတယ်။

လက်နက် ကိုင်တဲ့ရဲဘော်တွေကို (ကားရဲ့ခန္ဓာကိုယ်) လို့ပြောရင် နိုင်ငံရေးဦးဆောင်အဖွဲ့/ခေါင်းဆောင်တွေကို (ကားမောင်းနှင် သူ)လို့ ပြောချင်ပါတယ်။ ဘဏ္ဍာရေး ကိုကျတော (ဓာတ်ဆီ)ပေါ့ဗျာ။ နောက်ထပ် အရေးကြီး ဆုံးဖြစ်တဲ့  ဖွဲ့စည်းပုံ အခြေခံ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကိုတော့ (ကားဘရိတ်)လို့ ဆိုပြီး မဟာဗျူဟာကို ကျတော့ (ကားအင်ဂျင်) လို့ တင်စားပြော ဆိုချင်ပါတယ်။

ကားတစ်စီးလိုရာ ရောက်ဖို့ဆိုရင် ကားခန္ဓာကိုယ်က ကျစ်ကျစ်လစ်လစ်ရှိပြီး အကြမ်းခံဖို့လိုပါတယ်။ အလားတူ ပါပဲ ကားမောင်းနှင်သူကလည်း စည်းစနစ် ကျကျ မောင်းတတ်ဖို့လိုတယ်။ အရေးကြီးဆုံးက ရပ်နားသင့်တဲ့ နေရာ မှာရပ်နား၊ အရှိန်လျှော့သင့်တဲ့နေရာမှာ အလျှော့အတင်းလုပ်နိုင်ဖို့ ကားဘရိတ် ကောင်းကောင်းမိနိုင်ဖို့ လိုအပ် သလို ကားကိုအရှိန်ပြင်းပြင်းသွားနိုင်ဖို့ အသုံးပြုနေတဲ့ ကား အင်ဂျင်ကလည်း အားကောင်းဖို့လိုပါတယ်။ ကား ခန္ဓာကိုယ်က ဘယ်လောက်ပဲအကြမ်းခံနိုင်ပါစေ၊ မောင်းနှင်သူက တလွဲမောင်းနေရင် မြောင်းထဲ ပြုတ်ကျ သွားမှာ ဖြစ် တယ်။

အလားတူ မောင်းနှင်သူက တော်နေပါစေ၊ ကားတစ်ခုလုံးကို ထိန်းချုပ်ပေးတဲ့ ဘရိတ်က ထိန်းချုပ် နိုင်စွမ်း မရှိရင် အရှိန်လွန် မြောင်းထဲကျနိုင်ပါတယ်။ ပြီးရင် ကား အင်ဂျင်က မကောင်းပြန်လည်း လမ်းတစ်ဝက်မှာ ကား ပျက်ပြီး ကျန်ခဲ့နိုင်ပါတယ်။ နောက်ဆုံးအ‌ရေးကြီးဆုံးက ကားအရွေ့သွားနိုင်ဖို့ ဓာတ်ဆီလိုပါတယ်။ ဓာတ်ဆီမရှိရင်  ဘယ် လောက်ပဲ ကားအကောင်းစားဖြစ်နေပါစေ၊ ကားမောင်းနှင် သူဘယ်လောက်ပဲတော်နေပါစေ၊ ကားဘရိတ်၊ ကား အင်ဂျင် ဘယ်‌လောက်ပဲအားကောင်းနေပါစေ အရွေ့မပြနိုင်ပါဘူး။

ထိုနည်းတူပါပဲ တော်လှန်ရေးအဖွဲ့အစည်းတွင်မှာလည်း စည်းကမ်းရှိပြီး ကျစ်လစ်တဲ့ စစ်တပ် တစ်ခုဖြစ်ဖို့ အရေး ကြီးပါတယ်။ စစ်တပ်ကောင်းတစ်ခုရှိရုံနဲ့ ပြီးပြီလားဆိုရင် မဟုတ်ပါဘူး၊ ၎င်းစစ်တပ်ကို ဦးစီးဦး ဆောင် ပေးတဲ့ နိုင်ငံရေး အစုအဖွဲ့အားကောင်းဖို့လိုတယ်။ သမာသမတ်ကျ ဖို့လိုတယ်။ လမ်းလွဲလို့ မရပါဘူး။ ပြီးရင် အဖွဲ့ အစည်း တစ်ခုလုံးကို ထိန်းကျောင်းထိန်းညှိပေးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အားကောင်းဖို့လိုပါတယ်။

အတိုးအလျှော့လုပ် လို့ရတဲ့ ဥပဒေ၊ အပြန် အလှန်ထိန်းကျောင်းပေးတဲ့ ဥပဒေ ဖြစ်ဖို့လိုပါတယ်။ပြီးရင် မဟာဗျူဟာ ရှိဖို့လိုပါတယ်။ မဟာဗျူဟာဆိုတဲ့နေရာမှာ ‌ရေတို‌ရေရှည် ဆိုပြီး ခွဲထားဖို့လည်း လိုပါသေးတယ်။ ဒီဟာတွေ အတင့်တင့်အား ကောင်းပြီးရင် အလုပ်လုပ်နိုင်ဖို့ ဘဏ္ဍာရေးက လိုအပ်တာဖြစ်ပါတယ်။ အဲဒီအတွက် ကြောင့် တော်လှန်ရေး အောင်မြင်ဖို့ဆိုရင် ထောက်ပို့တပ်သားတွေ အများအပြားလို အပ်တာ ဖြစ်ပါ တယ်။ ထောက်ပို့အား မကောင်းတဲ့ အဖွဲ့ဆိုရင် ဘယ်အဖွဲ့အစည်းပဲ ဖြစ်ဖြစ် လိုရာ ခရီးမ‌ရောက်နိုင်ပါဘူး။ အကုန်လုံးသည် “ကျွန်းကိုင်းမှီ ကိုင်းကျွန်း မှီ” ဆိုသလို အပြန်အလှန် စုပေါင်း အလုပ် လုပ်ဖို့ လိုအပ်ပါတယ်။

ဒီတော်လှန်ရေးဟာ နောက်ဆုံးတော်လှန်ရေးဖြစ်ဖို့ တစ်ယောက်ကိုတစ်ယောက် ချန်လှန်ထားလို့မရဘူး၊ လက်နက်ကိုင် တောထဲကနေ တော်လှန်မှ တော်လှန်ရေးလို့ မြင်တဲ့ တလွဲအမြင်တွေ ပြောင်းဖို့လိုတယ်။ အမြင် မတူတဲ့သူ တွေကို ဘေးချန်ထားဖို့ထက် အမြင်မတူတာတွေကို ပိုကောင်းတဲ့ မဟာဗျူဟာအနေနဲ့ ဘယ်လိုဖန်တီး ယူမလဲ ဆိုတာအရေးကြီးပါတယ်။ ဒီတော်လှန်ရေးက ဘယ်သူက ပိုအနစ်နာခံ သလဲဆို တဲ့ ပြိုင်ပွဲမဟုတ်ဘူး။

ဘယ်သူက ပိုအလုပ်လုပ်နိုင်သလဲဆိုတဲ့ ပြိုင်ပွဲလည်း မဟုတ်ဘူး။မိမိနဲ့ မတူတဲ့သူတွေကို ရန်သူသတ်မှတ် တိုက်ခိုက်နေတာထက်စာရင် ကိုယ့်ဖက်ပါအောင် ဘယ်လို ဆွဲခေါ်ရမှာ လဲဆိုတာက ပိုအလုပ်ဖြစ်ပါတယ်။ ကိုယ့်လောက် မလုပ်နိုင်တဲ့သူကို အလုပ်မလုပ်ဘူးဆိုပြီး ချန်လှန်ထားလို့ မရ ဘူး၊ သူလုပ်နိုင်တဲ့ နေရာမှာ လုပ်နေစေဖို့ပဲ လိုတာ။

ဒီတော်လှန်ရေးဟာ ကားတစ်စီးနဲ့ အလားတူ ခရီးနှင်နေတာ ဖြစ်တယ်။ တစ်ဦးတစ်ယောက်ကောင်းရုံနဲ့ လိုရာခရီး‌ရောက်မယ့် ခရီးမ  ဟုတ်ဘူး၊ စုပေါင်းအားသွန် ခွန်စိုက် အတူတူ မောင်းနှင်ကြမှသာ လိုရာ ခရီးရောက်မယ့် ရေရှည်ခရီးတစ်ခုဖြစ်တယ်။ ကိုယ်လုပ်နိုင်တယ် ဆိုတဲ့ တလွဲ အတ္တတွေ၊ ငါပဲလုပ်နိုင်တယ်ဆိုပြီး တစ်ခြားသူ ကို  ချန်လှန်ချင်တဲ့ တလွဲ စိတ်ဓာတ် တွေ၊ လက်နက်ကိုင်တော်လှန်မှ တော်လှန်ရေးသမားလို့ ခံယူတဲ့တလွဲ အယူအဆတွေ၊ ဒီအရာအားလုံးကို ပြုပြင် ပြောင်းလဲဖို့ လိုတယ်။ အားလုံး စုပေါင်း လုပ်ဆောင်မှု နည်းနာနဲ့ သွားမှသာ မိမိတို့လိုချင်တဲ့ ခရီးတစ်ခုကို ရောက်နိုင်မယ်ဖြစ်ကြောင့် ရေးသား လိုက်ရပါတယ်။

– Salai Areng Pui

Related Articles

Back to top button