သတင်း

တော်လှန်ရေးလှုပ်ရှားမှုတွေ မရှိသလောက် နည်းပါးတဲ့ ရှမ်းရှေ့ဒေသမှာ စစ်ကောင်စီက အင်အားလျှော့ချထား

တော်လှန်ရေးလှုပ်ရှားမှုတွေ မရှိသလောက် နည်းပါးတဲ့ ရှမ်းရှေ့ဒေသမှာ စစ်ကောင်စီက အင်အားလျှော့ချထား

 
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၄ ရက်၊ ၂၀၂၃။
 
ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ မရှိသလောက် အားနည်းနေတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသမှာ စစ်ကောင်စီတပ်တွေက အင်အားလျှော့ချထားပြီး စစ်ဆေး ရေးဂိတ်တွေလည်း အရင်လောက် မများတော့ဘူးလို့ ဒေသခံ ခရီးသွားတွေဆီက သိရပါတယ်။
 
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းကို ဆက်သွယ်ထားတဲ့ တာကော်တံတား စစ်ဆေးရေးဂိတ်ကနေ တာချီလိတ်မြို့အထိ စစ်ဆေးရေးဂိတ်အင်အားတွေကို အရင်ကထက် လျှော့ချထားသလို ခရီးသည် တင်ယာဉ်တွေ၊ ကုန်တင်ယာဉ်တွေကို စစ်ဆေးမှုလည်း အရင်လောက် မရှိတော့ဘူးလို့ သိရပါတယ်။
 
“စစ်တပ်နဲ့ ရဲအင်အားက အရင်ကလောက် မရှိတော့ဘူး။ ဒါပေမဲ့ လဝကနဲ့ အကောက်ခွန်ကတော့ အရင်အတိုင်း ရှိနေတုန်းပါပဲ။ အရင်တုန်းကဆို ကားပေါ်မှာပါသမျှ အကုန်စစ်တယ်။ အခုက မှတ်ပုံ တင်လောက်ပဲ စစ်ပြီး ငွေတောင်းတာ။ ခရီးသည်တင်ကားဆိုရင် တစ်ဂိတ်ကို ၁ သောင်းလောက် ပေးရတယ်။ ကုန်တင်ကားဆိုရင် ကုန်တန်ဖိုးပေါ်မူတည်ပြီး တောင်းတာပဲ။ လိုင်စင်မဲ့ကား (W) ဆိုရင် တစ်သိန်းလောက်အထိ တောင်းကြတယ်” လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
 
အဲဒီစစ်ဆေးရေးဂိတ်တွေမှာ လဝက၊ အကောက်ခွန်စတဲ့ အင်အားတွေကိုတော့ လျှော့ချထားတာ မရှိပေမဲ့ ကုန်တင်ကားတွေနဲ့ ခရီးသည်တင်ယာဉ်တွေကို စစ်ဆေးတာမရှိဘဲ ငွေကြေး တောင်း ယူတာတွေ၊ လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို ငွေညှစ်တောင်းခံနေတာတွေ ရှိတယ်လို့ သိရပါတယ်။
 
စစ်ကောင်စီအတွက် အခက်တွေ့နေတဲ့ ကရင်နီနဲ့ ကရင်ဒေသ၊ စစ်ကိုင်းတိုင်းက ရှေ့တန်း စစ်မြေပြင် အတွက် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှိ ဌာနေတပ်တွေက အင်အားတွေ စေလွှတ်နေရတာကြောင့် လက်ရှိအချိန်မှာ တပ်တွင်းအင်အား နည်းပါးပြီး စစ်ဆေးရေးဂိတ်တွေကို လျှော့ချနေရတာဖြစ်တယ်လို့ သိရပါတယ်။
 

ပုံအညွှန်း-တာကော်စစ်ဆေးရေးဂိတ်

Related Articles

Back to top button