သတင်း

တာဝန်ယူမှု တာဝန်ခံမှုဆိုတာ စသုံးလာပြီဖြစ်တဲ့ ကုလလုံခြုံရေးကောင်စီ

တာဝန်ယူမှု တာဝန်ခံမှုဆိုတာ စသုံးလာပြီဖြစ်တဲ့ ကုလလုံခြုံရေးကောင်စီ

~~~~~~~~~  

ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၃၀၊ ၂၀၂၁

■ ကယားပြည်နယ်မှာ ဒီဇင်ဘာလ ၂၄ရက်နေ့က မီးရှို့တိုက်ခိုက်ခံရလို့ ကလေးငယ် ၄ဦး၊ Save the Children အဖွဲ့ရဲ့ ဝန်ထမ်း၂ဦးအပါအဝင် လူအနည်းဆုံး ၃၅ဦး သေဆုံးခဲ့ရတဲ့ကိစ္စနှင့် စပ်လျှဉ်းပြီး ဒီဇင်ဘာလ ၂၉ရက်မှာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက အပြစ်တင်ရှုတ်ချကြောင်း နှင့် ကျူးလွန်သူများအနေဖြင့် တာဝန်ယူမူ တာဝန်ခံမှု ရှိရန်လိုအပ်ကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့လိုအပ်တယ်လို့လည်း လုံခြုံရေးကောင်စီက ဆိုပါတယ်။ အရပ်သားပြည်သူတွေရဲ့ လုံခြုံရေးနဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့က အရေးကြီးတဲ့ အကြောင်းနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက တောင်းဆိုတယ်လို့လည်း ကြေညာချက်မှာဖေါ်ပြထားပါတယ်။

လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေသူတွေအတွက် အကူအညီတွေကို လုံခြုံမှုရှိရှိပေးနိုင်ဖို့လိုတယ်၊ ဒီလိုအကူအညီပေးတဲ့သူတွေနဲ့ ကျန်းမာရေးလုပ်သားတွေ အတွက်လည်း လုံခြုံမှုရှိအောင် အကာအကွယ် အပြည့်ပေးရလိမ့်မယ်လို့ ပြောထားသလို ဤလုပ်ရပ်အတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိရန် လိုအပ်ကြောင်း လုံခြုံရေးကောင်စီက အလေးပေး ပြောကြားတောင်းဆိုထားတာ တွေ့ရပါတယ်။

ကုလ လုံခြုံရေးကောင်စီ၏ ကယား(ကရင်နီ)ပြည်နယ် ဖရူဆို ဒေသခံများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု နှင့် စပ်လျဉ်းပြီး ထုတ်ပြန်ချက်အပေါ် လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများက အခုလို မှတ်ချက်ပြု ထားကြပါတယ်။

Progressive Voice တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ၎င်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှ တဆင့်  “UN ဘာပြောပြော လက်တွေ့အက်ရှင်မပါလို့ စိတ်ပျက်နေကြတာသိပါတယ်… ဒါပေမဲ့ နိုင်ငံတကာ တုန့်ပြန်ခြင်း မတုန့်ပြန်ခြင်းတွေက တော်လှန်ရေးအတွက် အရေးကြီးပါတယ်။ ကျမတို့ နိုင်ငံတကာ စည်းရုံးလှုံ့ဆော်သူတွေ ဖက်ကလည်း နိုင်ငံတကာအဝန်းအဝိုင်း ရဲ့ မူဝါဒ တုန့်ပြန်မှုတွေ လမ်းမှန်ဖို့ အထူးသဖြင့် လက်တွေ့ ဆောင်ရွက်မှုတွေ ဖြစ်ဖို့ ဆုံးဖြတ်ချက်တွေကျဖို့ ကြိုးစားနေကြပါတယ်။ ဒီကြေညာချက်မှာ အရေးကြီးဆုံး ကတော့ ဒီလုပ်ရပ်အတွက် တာဝန်ယူမှုတာဝန်ခံရမှုလုပ်ရမယ်လို့ပြောခြင်းပါ… ဒါ ကုလ​အမြင့်ဆုံး အာဏာပိုင် အဆင့်က ပထမဆုံးအကြိမ် ပြောခြင်းဖြစ်ပါတယ်” ဟု ပြောဆိုထားပါတယ်။

လူနည်းစု အခွင့်အရေး လှုပ်ရှားနေသူ ဝေဝေနုက ၎င်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှ တဆင့် “ကုလလုံခြုံရေးကောင်စီက တာဝန်ယူမှု တာဝန်ခံမှုဆိုတာ စသုံးလာပြီ။ စစ်ခေါင်းဆောင်တွေကို အပြစ်ပေးအရေးယူဖို့ လုပ်ဆောင်ရာမှာ အရေးကြီးတဲ့ အသုံးအနှုန်းဖြစ်ပါတယ်” ဟု  ပြောဆိုထားပါတယ်။

NUG ရဲ့ လူအခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ၎င်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှ တဆင့် “ဖရူဆို ခရစ်စမတ်လူသတ်ပွဲအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိဖို့ လုံခြုံ​ရေး​ကောင်စီက ​တောင်းဆိုလာပါတယ်။ အကြမ်းဖက်စစ်​ကောင်စီက ကျူးလွန်​နေသမျှ ရာဇတ်မှု​တွေအားလုံးအတွက် တာဝန်ခံမှု(Accountability)အပြင် တရားမျှတမှု (Justice) ကိုလည်း မလွဲမသွေဖော်​ဆောင်​ပေးဖို့ အ​ရေးကြီးလှပါတယ်။ နိုင်ငံ​တော်အဆင့် တရားမျှတမှု​တွေ ပျက်ယွင်းလာတဲ့အခါ နိုင်ငံတကာ တရားမျှတမှုကို အားကိုးကြရစမြဲပါ။ နိုင်ငံတကာ တရားမျှတမှုကို ​ဖော်​ဆောင်ရာမှာ ​နှောင့်​နှေးကြန့်ကြာလာရင်​တော့ ပြည်သူ့တရားစီရင်မှုကိုဘဲ ဖော်​ဆောင်​စေဖို့ တွန်းပို့ရာ​ရောက်​စေပါတယ်” ဟု ပြောဆိုထားပါတယ်။

Photo: AFP

Related Articles

Back to top button