သတင်း

ရှမ်းပြည်နယ်မှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး ထိရောက်သည့်အကူအညီပေးဖို့ ခက်ခဲနေ

ရှမ်းပြည်နယ်မှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုနဲ့ပတ်သက်ပြီး ထိရောက်သည့်အကူအညီပေးဖို့ ခက်ခဲနေ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၂ ရက်၊ ၂၀၂၃။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်အတွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုနဲ့ပတ်သက်ပြီး ထိရောက်သည့်အကူအညီပေးဖို့ ခက်ခဲနေတယ်လို့ ရှမ်းပြည်နယ်အတွင်းက အမျိုးသမီးနဲ့ ကလေးသူငယ်အရေးတက်ကြွလှုပ်ရှားသူတွေထံကနေ သိရပါတယ်။

စစ်တပ်အာဏာမသိမ်းခင်ကတည်းက ရှမ်းပြည်နယ်မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ၊ အမျိုးသမီးအခွင့်အရေးချိုးဖောက်ခံရမှုတွေ ရှိနေခဲ့ပေမယ့် အကူအညီပေးဖို့ အဆင်ပြေခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းကာလကနေ လက်ရှိအချိန်ထိ ရှမ်းပြည်နယ်မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပိုမိုမြင့်တက်လာသလို ကူညီစောင့်ရှောက်ပေးဖို့လည်း ခက်ခဲလာ တယ်လို့ သိရပါတယ်။

“ရဲဌာနကလည်း အရေးတယူမလုပ်တော့သလို တရားရေးဌာနကလည်း အလုပ်မလုပ်တော့ဘူးလေ။ အကြမ်းဖက်ခံရလို့ ကူညီပေးတဲ့သူတွေ၊ အဖွဲ့အစည်းတွေကိုတောင် ဖမ်းဆီးမယ့် အရိပ်အယောင်တွေ ပေါ်တင်ပြနေတော့ ဘယ်လိုမှအဆင်မပြေတော့ဘူး။ သွားရေးလာရေးဆိုလည်း အစစ်အဆေးကကြမ်းတယ်၊ အရပ်ဖက်အဖွဲ့အစည်း တွေဆို မသင်္ကာတဲ့မျက်လုံးတွေနဲ့ကြည့်တာခံရတယ်၊ ပါလာတာမှန်သမျှစစ်ဆေးခံရတယ်”လို့ အမျိုးသမီးနဲ့ ကလေးသူငယ်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

အမျိုးသမီးနဲ့ ကလေးသူငယ်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အဖွဲ့အစည်းတွေထံ တိုင်ကြားလာသောအမှုတွေအနက် အိမ်တွင်းအကြမ်းဖက်မှု၊ မုဒိန်းမှု၊ သက်ငယ် မုဒိန်းမှု၊ အုပ်စုလိုက်မုဒိန်းမှုနဲ့ နည်းလမ်းပေါင်းစုံကနေ ကျူးလွန်သည့်အမှုတွေ၊ အွန်လိုင်းပေါ်ကနေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် မှု‌တွေ၊ ကာမလိမ်လည်မှုတွေက အများဆုံးဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရဲစခန်းတွေမှာ အမှုသွားရောက်တိုင်ကြားမယ်ဆိုပါက အရေးတယူလိုက်လံ ဖမ်းဆီးပေးတာမရှိသလို တိုင်ကြားသူတွေထံကနေ သွားလာစရိတ်တွေ တိုင်ကြားသူတွေက ကျခံပေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုင်ကြားထားတဲ့အမှုတွေကို အချိန်ကြန့်ကြာတဲ့အထိ စစ်ဆေးဆောင်ရွက်ပေးတာမရှိသလို နည်းအမျိုးမျိုးနဲ့ တိုင်ကြားသူတွေထံကနေ ငွေကြေး တောင်းယူ နေတာကြောင့် အခုနောက်ပိုင်းမှာ ရဲစခန်းတွေထံ အမှုတိုင်ကြားဖို့အတွက် နစ်နာသူတွေက အလေးမထားတော့ဘဲနေလိုက်တယ်လို့ ရှမ်းပြည်နယ်အတွင်းက အမျိုးသမီး နဲ့ ကလေးသူငယ်အရေးတက်ကြွလှုပ်ရှားသူတွေထံကနေ သိရပါတယ်။

ဓါတ်ပုံ – CJ (ပုံဟောင်း)

Related Articles

Back to top button