သတင်း

ညောင်လေးပင်ခရိုင်ထဲက ကျေးရွာတွေထဲ စစ်တပ်ကလက်နက်ကြီး ပစ်ခတ်လို့ အရပ်သား ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာ၊ နေအိမ်တချို့လည်း ပျက်စီးခဲ့ကြောင်း KNU ထုတ်ပြန်

ညောင်လေးပင်ခရိုင်ထဲက ကျေးရွာတွေထဲ စစ်တပ်ကလက်နက်ကြီး ပစ်ခတ်လို့ မိန်းကလေးငယ်အပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာ၊ နေအိမ်တချို့လည်း ပျက်စီးခဲ့ကြောင်း KNU ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ဩဂုတ် ၃၀ ရက်၊ ၂၀၂၃။

ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်တဲ့ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်နှင့် မုန်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်တဲ့ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့လို့ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU )က သတင်းထုတ်ပြန်ပါတယ်။ 

ယမန်နေ့ ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ် ခလရ ၂၆၄ က ရွှေကျင်မြို့နယ်၊ ချုံအင်း ကျေးရွာအတွင်းသို့ ၁၂၀ မမ လက်နက်ကြီး ၂ ကြိမ် ပစ်ခတ်ခဲ့သလို မနက် ၉ နာရီအချိန်ခန့်မှာလည်း ဝက်ချဲ၊ ရေတွင်းကုန်း၊ ကျောင်းကုန်း ကျေးရွာများအတွင်းသို့ ၁၂၀ မမ လက်နက်ကြီး ၃ ကြိမ်ထပ် မံပစ်ခတ်ခဲ့ကာ၊ ညနေပိုင်း ၆ နာရီအချိန်ခန့်မှာတော့ ရေတွင်းကုန်း ကျေးရွာအတွင်းရှိ စာသင်းကျောင်းအနီးသို့ လက်နက်ကြီး ၅ ကြိမ် ပစ်ခတ်ခဲ့လို့ အရပ်သားနေအိမ် ၁ လုံး ခေါင်မိုး ထိမှန်ကာ ပျက်စီးခဲ့ရကြောင်း သိရပါတယ်။

ဒါ့အပြင် ယမန်နေ့ ဩဂုတ်လ (၂၉) ရက်နေ့မှာလည်း စစ်ကောင်စီတပ် ခလရ−၂၆၄ က ပိန်းဇလုပ်တွင်အခြေချပြီး ရွှေကျင်မြို့နယ် ပျဉ်ရေကြီး ကျေးရွာအတွင်းသို့ ၁၂၂ မမ လက်နက်ကြီးများကို နံနက်(၁၁း၁၅) အချိန်ခန့်က တစ်ကြိမ်၊ နေ့လည်(၁၂း၀၂) တွင် တစ်ကြိမ် (၁း၂၅) အချိန်ခန့်မှာ တစ်ကြိမ် စုစုပေါင်း (၃) ကြိမ်ပစ်ခတ်ခဲ့လို့ ပျဉ်ရေကြီးကျေးရွာက အသက် ၇ နှစ်အရွယ်မိန်းကလေးငယ်နှင့် အသက် ၄၄ နှစ်အရွယ်အမျိုးသမီးကြီး၂ ဦးသေဆုံးခဲ့ရပြီး အမျိုးသား ၃ ဦး ထိခိုက် ဒဏ်ရာရရှိကာ အရပ်သား နေအိမ် ၅ ခုလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

အလားတူ ဩဂုတ်လ ၂၉ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန်ခန့်ကလည်း စစ်ကောင်စီတပ် ခမရ−၄၃၉ တပ်က မုန်းမြို့နယ် လက်တပ်ကြီး ကျေးရွာအတွင်းသို့ ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့တာကြောင့် အသက် ၂၇ နှစ်အမျိုးသားတဦး ဘယ်ဘက်ပုခုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU)က သတင်းထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ – KNU

Related Articles

Back to top button