သတင်း

ပဋိပက္ခအတွင်း အရပ်သားများ ထိခိုက်မှုနည်းအောင် လူထုအသိပညာပေးဖို့ အုပ်ချုပ်ရေးဌာနအလိုက်ကို KIO ဗဟို အရေးပေါ် ညွန်ကြားချက်ထုတ်

ပဋိပက္ခအတွင်း အရပ်သားများ ထိခိုက်မှုနည်းအောင် လူထုအသိပညာပေးဖို့ အုပ်ချုပ်ရေးဌာနအလိုက်ကို KIO ဗဟို အရေးပေါ် ညွန်ကြားချက်ထုတ်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဩဂုတ် ၂၉ ရက်၊ ၂၀၂၃။
 
ကချင်ဒေသတွေမှာ စစ်ရေးတင်းမာမှု မြင့်မားလာပြီးနောက် ပဋိပက္ခအတွင်း အရပ်သားများ ထိခိုက်မှု နည်းအောင် လူထုများကို အသိပညာပေးဖို့ နီးစပ်ရာ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်က အုပ်ချုပ်ရေး ဌာနဆိုင်ရာများအလိုက်ကို ကချင် ပြည်လွတ်မြောက်ရေးအဖွဲ့(KIO) ဗဟိုအုပ်ချုပ်ရေးရုံးက ယမန်နေ့ ကချင်ဘာသာဖြင့် အရေးပေါ် ညွန်ကြားချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။
 
ထုတ်ပြန်ထားတဲ့ ညွန်ကြားချက်မှာတော့ လက်ရှိ ကချင်ဒေသဘက်သို့ စစ်ရေးတင်းမာမှု မြင့်တက် လာပြီးနောက် ထိခိုက်ကျဆုံးမှု များလာနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့တို့ဟာ စစ်ကြောင်းထိုး ဝင်ရောက်လာချိန် ဒေသတွင်း လမ်းပိုင်းတွေက ဒေသခံတွေကို မတရား ဖမ်းဆီးနေပြီး ပေါ်တာဆွဲခေါ်ခြင်း လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်း စတဲ့ဖြစ်ရပ်များ ခပ်စိတ်စိတ် ပြုလုပ်လာနေတာကို တွေ့ရ တယ်လို့ ဆိုပါတယ်။
 
ဒါ့ကြောင့် အခုလို စစ်ရေးအရှိန် မြင့်တက်လာတဲ့ ပဋိပက္ခအတွင်း အရပ်သားလူထုများ ထိခိုက်မှု နည်း နိုင်အောင် အကာအကွယ်ပေးကြဖို့နဲ့ အသိပညာပေး အစီအစဉ်များကိုလည်း အမြန်ဆုံးပြုလုပ်ပေးဖို့ ညွန်ကြားချက် ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
 
ဒါ့အပြင် စစ်မြေပြင် ဧရိယာများသို့ အရပ်သားပြည်သူများ အလွယ်တကူ ဝင်ရောက် သွားလာခြင်း များလည်း မပြုလုပ်နိုင်ဖို့နဲ့ စစ်ရေးလိုအပ်ချက်ကြောင့် ပြင်ဆင်ထောင်းထားတဲ့ နှင်းမိုင်းများမှလည်း ထိခိုက်မှုများ မရှိစေဖို့ လူထုများကို နီးစပ်ရာ အုပ်ချုပ်ရေးရုံး အဆင့်ဆင့်ကနေ အမြန်ဆုံး သတိပေး နိုးဆော်ကာ ပညာပေးအစီအစဉ်များကို ပြုလုပ်ပေးကြဖို့ တိုက်တွန်း ညွန်ကြားထားတာလည်း ပါဝင်ပါတယ်။
 
ပြီးခဲ့တဲ့ ဩဂုတ်လ၂၂ ရက်နေ့ မြစ်ကြီးနား-ဖားကန် လမ်းမပေါ်မှာ တည်ရှိတဲ့ နန့်ယားကျေးရွာထဲ ရောက်ရှိလာတဲ့ စစ်ကြောင်းဟာ ကျေးရွာထဲ ၂ ရက်တာ တပ်စွဲ ထားပြီးနောက် ပြန်လည်ထွက်ခွာချိန် လူသားဒိုင်းကာအဖြင့် အသုံးပြုဖို့ ကျေးရွာထဲက KBC အသင်းတော် အမှုတော်ဆောင် ဓမ္မဆရာ တစ်ယောက်နဲ့အရပ်သား ၃၀ ကျော်ဟာ ဖမ်းဆီးသွားကြတယ်လို့ သိရပါတယ်။
 
ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံ ၃၀ ကျော်ဟာလည်း ဒီကနေ့ချိန်ထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့ ဒေသတွင်း သတင်းရင်းမြစ်တဦးက FJMM ကို ပြောပါတယ်။
 
ဩဂုတ်လ ၁၇ ရက်နေ့လောက်က မိုးကောင်းနဲ့ နမ္မတီးဘက်ကနေ စစ်ကား ၃ စီးနဲ့ စစ်အင်အား ၁၀၀ ကျော် ဖြင့် ဖားကန့် ဘက်ကို ဦးတည်ပြီး ချီတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဖားကန့်နဲ့ ၈ မိုင်လောက်မှာရှိတဲ့ နမ့်တိန် အနီးတဝိုက်မှာ ရောက်ရှိတပ်စွဲနေကြတယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
 
ဓါတ်ပုံ – KIO ဗဟို ထုတ်ပြန်ချက် / Getty Images
 

Related Articles

Back to top button