သတင်း

နေပြည်တော်လုံခြုံရေးအတွက် ရှမ်းတောင်မှ ရဲအင်အား ၄၀ခန့်ကို နေပြည်တော်ကို ပို့ဆောင်

နေပြည်တော်လုံခြုံရေးအတွက် ရှမ်းတောင်မှ ရဲအင်အား ၄၀ခန့်ကို နေပြည်တော်ကို ပို့ဆောင်

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၂၇ ရက်၊ ၂၀၂၃။
 
နေပြည်တော်လုံခြုံရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှ ရဲအင်အား ၄၀ခန့်ကို အခုသြဂုတ်လနောက်ဆုံးပါတ်အတွင်း နေပြည်တော်ကို ပို့ဆောင်လိုက်တယ်လို့ ရဲတပ်ဖွဲ့သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
 
တောင်ကြီး၊ ဟိုပုံး၊ လွိုင်လင်၊ နမ့်စမ်၊ ကွန်ဟိန်းစတဲ့ မြို့နယ်တွေ ရဲအင်အား ၄၀ခန့်ကို လုံခြုံရေးလိုအပ်ချက်အရလို့ အကြောင်းပြပြီး နေပြည်တော်ကို ပို့ဆောင် လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
 
“လုံခြုံရေးအင်အားလိုအပ်လို့ဆိုပြီး သွားခိုင်းလိုက်တာ၊ ပြီးခဲ့တဲ့တစ်ပါတ်ကနေ အခုထိဆို ၄၀နီးပါးရှိနေပြီ။ ဘယ်အချိန်ဘယ်ကာလထိလို့တော့ မပြောသေးဘူး။ ငြိမ်နေတဲ့ဒေသတွေကရဲတပ်ဖွဲ့ဝင်တွေကို ခေါ်တာပေါ့၊ မငြိမ်တဲ့ဒေသဆို ဘယ်ခေါ်ရဲပါ့မလဲ”လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
 
အဲဒီလိုရဲတပ်ဖွဲ့ဝင်တွေ ခေါ်ယူခံရတာကြောင့် လက်ရှိရှမ်းပြည်နယ်တောင်ပိုင်းဒေသမှာ ရပ်စောက်၊ ရွာငံ၊ ပင်းတယနဲ့ ကလောဒေသကလွဲပြီး ကျန်ဒေသတွေမှာ ရဲအင်အားမလုံလောက်မှုနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
 
“လှည့်ကင်းတွေလည်း ရှိတဲ့သူတွေပဲ လုပ်နေရတယ်။ ခရီးစဉ်ရှိတော့လည်း ကိုယ်တွေပဲလုပ်နေရတာ။ စခန်းမှာလည်း အလှည့်ကျကင်းစောင့်ရသေးတယ်။ ည၁၂ကနေ နေ့လည်၁၂ထိက တစ်ရက်ခြားတစ်ခါစောင့်နေရတယ်။ ဝန်ထမ်းအင်အားတောင်းတာမရတဲ့အပြင် ရှိတဲ့လူတွေပါ ပြောင်းခိုင်းနေတာ”လို့ ရဲဝန်ထမ်းမိသားစုဝင်တစ်ဦးက ပြောပါတယ်။
 
ဒီလိုဒေသတွင်း ရဲအင်အားလျော့နည်းလာတာကြောင့် PNO အပါအဝင် ဒေသတွင်းပြည်သူ့စစ်တွေနဲ့ ပျူစောထီးတွေကို လုံခြုံရေးအစားထိုးဆောင်ရွက်ဖို့ စိစဉ် နေပေ မယ့် လက်ရှိအချိန်ထိကတော့ လက်ကျန်အင်အားနဲ့သာ လည်ပတ်နေရတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button