စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က အီလက်ထရောနစ် မဲပေးစက်ကို Non CDM များနဲ့ စမ်းသပ်နေတယ်လို့ BACS ထုတ်ပြန်
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဩဂုတ် ၂၄ ရက်၊ ၂၀၂၃။
တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်မျက်နှာဖွင့်ထားရတဲ့ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲလုပ်ဖို့ မတင်မကျ ပြောထားပေမဲ့လည်း ရွေးကောက်ပွဲကော်မရှင်ကတော့ နေပြည်တော်မှာ Non CDM ဝန်ထမ်းတွေနဲ့ ဩဂုတ်လ ၁၆ က အီလက်ထရောနစ် မဲပေးစက်တွေအသုံးပြုပြီး စမ်းသပ် မဲပေး တာတွေ ပြုလုပ်တာ တွေ့ရတယ်လို့ စောင့်ကြည့်လေ့လာနေတဲ့ Burma Affairs & Conflict Study (BACS)အဖွဲ့က ထုတ်ပြန်ပါတယ်။
Myanmar Electronic Voting Machine (MEVM) စမ်းသပ် တည်ဆောက်ထားတဲ့ကိစ္စနဲ့ ထိန်းချုပ် စက် (Control Unit )၊ ဆန္ဒပြုမဲပေးခြင်း (Ballot Unit) မှန်ကန်မှု ရှိ မရှိ ပြတဲ့စက် (Verification Unit) မဲပုံးတွေ ဖွဲ့စည်းတည်ဆောက်တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီခန့် ရွေးကောက်ပွဲ ကော်မရှင်က ဩဂုတ်လ ၁၄ ရက်နေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို ရှင်းပြတာတွေကိုလည်း ထုတ်ပြန်ခဲ့ပါသေးတယ်။
ဒါ့အပြင် ကာ/လုံအစည်းအဝေးကနေ နောက်ထပ် ၆ လသက်တမ်းတိုးအပြီးမှာ ပထမဦးစားပေးအနေနဲ့ ရွေး ကောက်ပွဲလုပ်နိုင်ဖို့ တရုတ်နိုင်ငံဘက်က ကူညီပံ့ပိုးမှုတွေ ခပ်စိတ်စိတ်လုပ်လာတာ မြင်ရတယ် လို့လည်း သူတို့အဖွဲ့က ဆိုပါတယ်။
အဲဒီ အီလက်ထရောနစ် မဲပေးစနစ်ကိုတော့ အိန္ဒိယနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၅၀ ဝန်းကျင်မှာ အသုံး ပြုနေတာဖြစ်ပြီး အိန္ဒိယနိုင်ငံအနေဖြင့် စစ်ကောင်စီရဲ့ မြို့နယ်၊ တိုင်းနဲ့ ခရိုင်အဆင့် ရွေး ကောက် ပွဲကော်မရှင် အရာရှိ ၃၀ ကို ခေါပြီး သင်တန်းပေးနေတာတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီနောက် ဩဂုတ်လ ၁၂ ကနေ ၁၈ အထိ ပန်းခင်းစီမံချက် ၁ ကြိမ်၊ သန်းခေါင်စာရင်းလှုပ်ရှားမှု ၁ ကြိမ်နဲ့ Biometric Data ကောက်ယူတာ ၁ ကြိမ်ရှိတယ်လို့ ဆိုပါတယ်။
ဒီတပတ်အတွင်း နိုင်ငံရေးပါတီတွေထဲက USDP က ၆၆ ကြိမ် လှုပ်ရှားမှုရှိပြီး PPP က ၆ ကြိမ်၊ NUP က ၃ ကြိမ်နဲ့ PP က ၁ ကြိမ် တွေ့ရပြီး လှုပ်ရှားမှုအများဆုံးကတော့ တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ ရန်ကုန် မှာပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဓါတ်ပုံ – Myanmar Electronic Voting Machine (MEVM)ကို စစ်ကောင်စီ UEC က စမ်းသပ်နေတဲ့ မြင်ကွင်းများ။