နယ်ခြားစောင့် တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ KNLA ပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင်
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၂၃ ရက်၊ ၂၀၂၃။
ကရင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ်(BGF) တပ်နယ် (၂)က တပ်သား တစ်ဦးဟာ ပြီးခဲ့သည့် သြဂုတ်လ (၁၇) ရက်နေ့မှာ လက်နက်ခဲယမ်းနှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော်(KNLA)ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက် အလင်းဝင် ပူးပေါင်းခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းဆီက သိရပါတယ်။
KNLA ပူးပေါင်းတပ်ဖွဲ့ထံ လာရောက် အလင်းဝင်ခဲ့သူဟာ နယ်ခြားစောင့်တပ်(BGF) တပ်နယ် (၂)က တပ်သား အောင်ကိုဦး ၃၆ နှစ် ဖြစ်ပြီး M16-A1 (၁) လက်၊ ကျည်ဘောက် (၅) ကပ် နှင့် ၅.၅၆ ကျည်တောင့် (၁၅၀) တောင့်တို့ကို ယူဆောင်လာကာ ပူးပေါင်းခဲ့တာပါ။
အခုလို ပူးပေါင်းလာရတာဟာ စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်ကို မနှစ်သက်သဖြင့် အာဏာရှင်စနစ်ကို တော်လှန်ရေး ပြီးဆုံးသည်အထိ တွန်းလှန် တိုက်ပွဲဝင်သွားဖို့ ရည်ရွယ်ပြီး ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက်ပူးပေါင်းခဲ့ကြောင်း KNLA ကော်ဘရာ စစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ပြောထားပါတယ်။
လက်နက်ခဲယမ်းများနှင့်အတူ ယူဆောင်လာနိုင်တဲ့ တပ်သား အောင်ကိုဦးကိုတော့ KNLA ပူးပေါင်းတပ်ဖွဲ့တို့က နွေးထွေးစွာကြိုဆိုပြီး KNLA ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောကပဲ ထိုင်းဘတ်ငွေ (၅၀,၀၀၀) တိတိ ဆုချီးမြှင့်ပေးခဲ့တာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့မှာ KNLA – ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ထိုင်း-ကရင်နယ်စပ် မြဝတီမြို့ရဲ့ ခံစစ်အဖြစ်ရှိတည်ရှိနေတဲ့ စစ်ကောင်စီ လက်ခတ်တောင်စခန်းကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက အပြင်းအထန် ကြိုးစားနေပြီး နှစ်ဖက်တိုက်ပွဲ ဆက်လက် ပြင်းထန်နေတာဟာ တစ်လကျော်ကြာလာပြီ ဖြစ်ပါတယ်။
ဓာတ်ပုံ – Doo Pla ya District | (စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောနဲ့တူ အလင်းဝင်လာတဲ့ BGF တပ်သား အောင်ကိုဦး တွေ့ရစဉ်။)