အခြေခံစားသောက်ကုန်တွေ ဈေးဆက်တိုက်မြှင့်တက်လာလို့ ပျံကျထမင်းဆိုင်းတွေနဲ့ အခြေခံလူတန်းစားတွေ အခက်အခဲကြုံ
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၂၃ ရက်၊ ၂၀၂၃။
အခြေခံစားသောက်ကုန်တွေ ဈေးဆက်တိုက်မြှင့်တက်လာတာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းက ပျံကျစားသောက်ကုန်လုပ်ငန်းလုပ်ကိုင်သူတွေနဲ့ အခြေခံလူတန်းစားတွေ အခက်ခဲပိုမိုကြုံလာရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
လက်ရှိအချိန်မှာ တစ်ပိုင်တနိုင်ထမင်းဆိုင်တွေက ချက်ပြုတ်ရောင်းချနေတဲ့ဆန်တွေနဲ့ အခြေခံလူတန်းစားတွေ အများဆုံးစားသုံးတဲ့ ဆန်တွေက တစ်ပြည်ကို အနည်းဆုံး၅၀၀၀ကျပ်အထိ ပေါက်ဈေးရှိနေသလို စားအုန်းဆီတစ်ပိဿကို၁၀၀၀၀ကျပ်ကျော် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
“ဈေးမတက်ချင်ပေမယ့်လည်း တက်လိုက်ရတယ်ပေါ့။ တချို့ဟင်းတွေကိုလည်း ဈေးတက်လို့ဘယ်လိုမှအဆင်မပြေတော့ လျှော့ထည့်ရတယ်။ ဈေးတက်တော့ပုံမှန်လာစားနေကြတဲ့သူတောင်ဂသိပ်မလာကြတော့ဘူး။ အလုပ်သွားရင် အိမ်ကနေပဲ ထမင်းဘူးယူသွားကြတာပေါ့။ ကုန်ဈေးနှုန်းတွေက ဒီထက်ဈေးတက်ပြီး ရောင်းအားကကျလာမယ်ဆိုရင်တော့ ပိတ်ရတော့မှာ”လို့ တောင်ကြီးမှာ ပျံကျထမင်းဆိုင်ဖွင့်လှစ်ရောင်းချသူတစ်ဦးက ပြောပါတယ်။
အဲဒီလို အခြေခံစားသောက်ကုန်တွေ ဈေးတက်နေကြပေမယ့် စားသောက်ဆိုင်ကြီးတွေဟာ အရင်းအနှီး တောင့်တင်းတာ၊ ဆိုင်အနေအထားအရ ဈေးတင်ရောင်းလို့ရတာ၊ အထက်တန်းလွှာနဲ့ လူလတ်တန်းစားတွေ စားသုံးကြတာတွေကြောင့် လတ်တလောရပ်တည်လို့ ရနေပေမယ့် ပျံကျဆိုင်တွေ အနေနဲ့ ဈေးတင်ရောင်းဖို့ ခက်ခဲနေကြောင့် ဆိုင်တချို့ ပိတ်သိမ်းရနိုင်တယ်လို့ သိရပါတယ်။
“တစ်ရက်လုပ်မှ ၇၀၀၀၊ ၈၀၀၀ပဲရတာလေ။ ဓာတ်ဆီဈေးနဲ့ ထမင်းဖိုးဟင်းဖိုးဖယ်လိုက်ရင် ဘာမှမကျန်တော့ဘူး။ အရင်ကလို ကိုယ်တစ်ယောက်တည်းဝင်ငွေနဲ့ ရပ်တည်လို့ မရတော့ဘူး။ အိမ်မှာရှိတဲ့ အရွယ်ရောက်ပြီးသားလူမှန်သမျှ အလုပ်ထွက်လုပ်နေရတယ်။ ကုန်စျေးနှုန်းက တဖြည်းဖြည်းနဲ့တက်လာတယ် ဒီလုပ်ခက ဒီတိုင်းကဒီတိုင်းပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို အလုပ်အကိုင်ရှားပါးပြီး ကုန်စျေးနှုန်းမြှင့်တက်လာတာကြောင့် ဆိုင်ဝန်ထမ်း၊ ကုမ္ပဏီရုံးဝန်ထမ်းတွေ အစိုးရဝန်ထမ်းများကအစ နေ့စားအလုပ်သမားတွေအထိ စားဝတ်နေရေးအခက်အခဲရင်ဆိုင်လာရပြီး ပိုမိုကြပ်တည်းလာကြတယ်လို့လည်း ဒေသခံတွေထံကနေ သိရပါတယ်။