မြဝတီ အမှတ် (၄)ရပ်ကွက်မှာ လုယက် လူသတ်မှုဖြစ်ပွား
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၂၁ ရက်၊ ၂၀၂၃။
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၄) ရပ်ကွက်၊ ဘုရင့်နောင်မိန်းလမ်းမကြီး အနီးတွင် အမျိုးသားတစ်ဦး ပစ္စည်းလုယက်ခံပြီး ဓားဖြင့် ထိုးသတ်ခံခဲ့ရကြောင်း မြဝတီမြို့ ခံတစ်ဦးထံမှ သိရပါတယ်။
သြဂုတ်လ (၂၀) ရက်နေ့၊ ညနေ (၆) နာရီခွဲ အချိန်ခန့်တွင် ညစျေး နား စန္ဒာအောင်တည်းခိုခန်းနဲ့ ရွှေမတ်စတိုးဆိုင်ကြားရှိ ဘတ်ငွေနှင့် ကျပ်ငွေ လဲလှယ်ပေးတဲ့ ဆိုင်တစ်ဆိုင်မှာ အမျိုးသားတစ်ဦးထံမှ လုယက် သတ်ဖြတ်မှုဖြစ်သွားခဲ့ပါတယ်။
သေဆုံးသူအမျိုးသားမှာ ဘတ်ငွေနဲ့ ကျပ်ငွေ လဲလှယ်ပေးတဲ့ ဆိုင်ပိုင်ရှင်ဖြစ်ပြီး သူ၏ ဆိုင်ကို ပိတ်သိမ်းနေချိန်မှာ လုယက်သူက ဆိုင်ကယ်ဖြစ်ရောက်လာကာ ဓားဖြင့်ထိုးပြီး ပိုက်ဆံထုတ်ကို လုယူသွားကြောင်း သိရပါတယ်။
” အခင်းဖြစ်ပွားချိန်မှာ မီးပျက်နေတာကြောင့် လုယက်သူအတွက်အရေးသာ သွားတာမျိုးပါ။ ပုံမှန်ဆိုရင်အခင်းဖြစ်ပွား ရာနေရာက လူစည်းကာပြီး လူပြတ်လပ် တဲ့ နေရာမျိုးမဟုတ်ပါဘူး ” လို့ မြဝတီမြို့ခံ တစ်ဦးမှ FJMM ကိုပြောပါတယ်။
အခင်းဖြစ်ပွားပြီးနောက်တွင် အဆိုပါလမ်းပေါ်ရှိ ဆိုင်များ၏ CCTV မှတ်တမ်းများကို စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်များမှ လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့တယ်လို့တော့ သိရပါတယ်။
အလားတူ လုယက်လူသတ်မှုမျိုးကို ပြီးခဲ့တဲ့ ရပ်ပိုင်းအတွင်းကလည်း မြိုဝတီမြို့ အမှတ်(၃) ရပ်ကွက်တွင် ဖြစ်ပွားခဲ့တယ်လို့လည်း သူက ပြောပါတယ်။
အမှတ် (၃) ရပ်ကွက် မိကျောင်းကုန်းဘုန်ကြီးကျောင်းအတွင်းမှာ ဝါတွင်းကာလ နေ့စဥ် တရားအားထုတ်လေ့ရှိတဲ့အမျိုးသားတစ်ဦး တရားထိုင်နေစဥ် အုတ်နီခဲဖြင့်ဦးခေါင်းကိုရိုက်နှက်ပြီး ပိုက်ဆံ၊ လက်ဝတ်လက်စားများနှင့် မိုဘိုင်းဖုန်းတို့ကို လုယူ ထွက်ပြေးသွားခဲ့ပါတယ်။
ထို အမျိုးသားမှာ အခင်းဖြစ်ပွားရာ နေရာမှာပဲ သွေးထွက်လွန်ခါ သေဆုံးခဲ့ရကြောင်း သိရပါတယ်။
ယခင်က မြို့ဝတီမြို့အတွင်းမှာ ခိုးမှု၊ အိမ်ဖောက်ထွင်းမှုများသာရှိခဲ့သော်လည်း ယခုချိန်မှာ လူသတ်လုယက်မှုတွေပါ ဆက်တိုက်ဖြစ်ပွားလာတာကြောင့် မြို့ဝတီမြို့၏ လုံခြုံရေးမှာ အထူးစိုးရိမ်စရာ ဖြစ်နေပြီးလို့လည်း သူက ဆိုပါတယ်။
” အရင်က ခိုးမှုတွေ ဖောက်ထွင်းမှုတွေရှိခဲ့ပေမဲ့ အခုအချိန်မှာလိုမျိုးလူသတ်ပြီးလုယက်တာမျိုးတော့မြဝတီမြို့မှာမရှိခဲ့ပါဘူး။ အခုအခြေအနေအရ မြို့နေပြည်သူတွေရဲ့ လုံခြုံရေး အသက် အိုးအိမ်တွေက လုံခြုံမှုမရှိနိုင်တော့ဘူး လို့ မြင်ပါတယ်။ ” လို့ သူက ဆက်ပြောပါတယ်။
ကုန်စျေးနှုန်းတက်ခြင်း နှင့် ငွေကြေးစျေးကွက် မတည်မငြိမ်ဖြစ်ခြင်းတို့ကြောင့် ပြည်သူတွေမှာ စားဝတ်နေရေးမှာ ကြပ်တည်းလာရပြီး ယခုလို ခိုးဆိုးလုယက်မှုများ ပိုမိုဖြစ်ပွားလာ ရတယ်လို့လည်း ဒေသခံပြည်သူများမှလည်း သုံးသပ်ပြောဆိုနေကြပါတယ်။