သတင်း

ဒေါ်ညိုအေးကို ဖမ်းဆီးခြင်းမှာ သမိုင်းကိုဖျောက်ဖျက်ဖို့ ကြိုးစားခြင်းဖြစ်ဟုဆို

ဒေါ်ညိုအေးကို ဖမ်းဆီးခြင်းမှာ သမိုင်းကိုဖျောက်ဖျက်ဖို့ ကြိုးစားခြင်းဖြစ်ဟုဆို

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဩဂုတ် ၁၇ ရက်၊ ၂၀၂၃။

ရခိုင် ဆန်ပြဿနာနေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ကျင်းပတဲ့အတွက် ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်‌ညိုအေးကို ဖမ်းဆီးခြင်းမှာ ပြည်သူကို အကြောက်တရား လွှမ်းမိုးအောင်နဲ့ သမိုင်းကို ဖျောက်ဖျက်ဖို့အတွက် ပြုလုပ်ခြင်းဖြစ်တယ်လို့ ရခိုင်ပြည်ကျောင်းသားထုက ရှုမြင်ပါတယ်။

” ဒီလိုဖမ်းဆီးတာကတော့ ရခိုင်ပြည်နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားနေကြတဲ့ ကျောင်းသား၊ နိုင်ငံရေးသမားတွေကို အကြောက်တရားတွေ လွှမ်းမိုးသွားအောင်လုပ်တာ။ ဒါကို ကျနော်တို့အနေနဲ့ လုံးဝလက်ခံနိုင်စရာ မရှိဘူး။ နောက်ပြီးတော့ ဆန်ပြဿနာနေ့ဟာ စစ်တွေမြို့မှာ လူသေဆုံးမှု အများဆုံး နေ့တစ်နေ့ဖြစ်တယ်။ ဒီနေ့ဟာ ကျနော်တို့အတွက် ရင်နာစရာ နေ့တစ်နေ့လည်း ဖြစ်တယ်။ ဒီလို နေ့ကို နောင်လာနောက်သားတွေကို လက်ဆင့်ကမ်းဖို့အတွက် ကျနော်တို့ ပြုလုပ်ရတာဖြစ်တယ်။ ဒီလိုမျိုး ပြုလုပ်တဲ့အတွက် ဒေါ်ညိုအေးကို ဖမ်းဆီးသွားတာဟာ နောက်ထပ်ဒီလို အခမ်းအနားတွေကို မပြုလုပ်ရအောင်လုပ်တာ သမိုင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားတာဖြစ်တယ်” လို့ ရခိုင်ပြည်ကျောင်းသားခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ဩဂုတ်လ ၁၃ ရက်နေ့က ကျင်းပတဲ့ ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့အခမ်းအနားကို ရခိုင်ပြည်ကျောင်းသား သမဂ္ဂက ဦးဆောင်ပြီးတော့ ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားအဖြစ် ကျင်းပခဲ့ကြပါတယ်။

အဲဒီအခမ်းအနားကို ကျောင်းသားထုရဲ့ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့တဲ့ ဒေါ်ညိုအေးကို ဩဂုတ်လ ၁၅ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များက သူမရဲ့နေအိမ်မှ ဖမ်းဆီးကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ပြီး စစ်တွေအကျည်းထောင်သို့ ပို့ဆောင်ခဲ့ပါတယ်။

အဆိုပါ အခမ်းအနားတွင် ကဗျာရွတ်ပွဲတွေ အပါအဝင် သေဆုံးသွားသူတွေအတွက် ဆီးမီးထွန်း ဆုတောင်းမေတ္တာပို့သခြင်းတွေကို ပြုလုပ်ခဲ့တယ်လို့ ကျောင်းသားတွေ ထပ်မှသိရပါတယ်။

၁၉၆၇ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့ ဦးနေဝင်းအစိုးရလက်ထက်တွင် စစ်တွေမြို့မှာ ဆန်ပြဿနေ့ အရေးအခင်းဖြစ်ပေါ်ခဲ့ပါတယ်။

ဆန်ပြဿနာနေ့ အရေးအခင်းတွင် ရခိုင်ပြည်သူတွေဟာ ” မုန့်တီမစား ရခိုင်သား၊ ပြုတ်ဆန်မစား ရခိုင်သား၊ ဆန်ပြုတ်မစား ရခိုင်သား” စတဲ့ ကြွေးကြော်ချက်တွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေအား အလယ်ပိုင်းတိုင်းမှူး ဗိုလ်မှူး တင်ဦး (NLD နာယကဟောင်း) ရဲ့ အမိန့်ပေးချက်ကြောင့် ရခိုင်ပြည်သူ ၃၀၀ ကျော်ခန့်ဟာ ပစ်ခတ်ခံရပြီးတော့ သေဆုံးခဲ့တယ်လို့ အရေးအခင်းမှာ ပါဝင်ခဲ့သူတွေက ဆိုပါတယ်။ 

ဓါတ်ပုံ – KY @ | ဖမ်းဆီးခံရတဲ့ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေး။

Related Articles

Back to top button