လက်ခတ်တောင်စခန်းပြန်ရရေး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၁၅ရက်၊ ၂၀၂၃။
ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ (၇) မိုင်ခန့်သာကွာဝေးတဲ့ လက်ခတ်တောင် စခန်းပြန်ရဖို့ စစ်ကောင်စီတပ်က ဩဂုတ်လအစမှ ဩဂုတ်လ (၁၅) ရက်နေ့ထိ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေကြောင်း သိရပါတယ်။
လက်ခတ်တောင်စခန်းအား KNLA နှင့်တော်လှန်ရေး ပူးပေါင်းတပ်များက ဇူလိုင်လ (၂၁) ရက်နေ့ကသိမ်းပိုက်ထားခဲ့ပြီး ထိုစခန်းပြန်ရရေး အတွက် စစ်ကောင်စီတပ်များမှ သံချပ်ကားများ အသုံးပြုကာ ထိုးစစ်ဆင်နေကြောင်း သိရပါတယ်။
” ယနေ့မနက် (၃) နာရီလောက်ကတည်းက စဖြစ်နေတာပါ။ အလုံးကြီး အလုံးသေးတွေကိုလည်း အဆက်မပြတ် ပစ်နေတယ်။ အခုလေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်နေပြီး ထင်တယ် ” လို့ မြဝတီမြို့ခံ တစ်ဦးမှ FJMM ကိုပြောပါတယ်။
KNLA နှင့်တော်လှန်ရေး ပူးပေါင်းတပ်များကအဆိုပါစခန်းအားသိမ်းပိုက်ထားသည့်နောက်ပိုင်းတွင် စစ်ကောင်စီဘက်မှ လက်ခတ်တောင်အားပြန်လည်ရယူရန် ကြိုးစားမှုကြောင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် တပ်မဟာ (၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ကျားသစ်နက်စစ်ကြောင်း၊ Federal Wings ၊ ရောင်နီ စသည့်ပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်များ (၁၃.၈.၂၀၂၃)ထိ တိုက်ပွဲအကြိမ်ရေ (၁၀)ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့သည်ဟု ကော်ဘရာစစ် ကြောင်းက သတင်းထုတ်ပြန်ထားတာလည်း ရှိပါတယ်။
အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီဖက်မှ ဗိုလ်ကြီး(၂)ဦး အပါဝင် စုစုပေါင်း(၁၇) ဦး သေဆုံးကာ (၃၄)ဦး ဒဏ်ရာခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့ ဘက်မှ ရဲဘော် (၁)ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး (၈)ဦး ဒဏ်ရာရရှိကာ Drone (၁)စီး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်မှဒုတပ်ကြပ် တစ်ဦးနှင့် တပ်သားတစ်ဦး သည် (60) မမ ကွန်မန်ဒို စိန်ပြောင်းတစ်လက်၊ (60) မမ ဗုံးသီး (၅) လုံး ၊ MA 2 တစ်လက် ၊ ကျည်ဘောက်( ၆)ခု၊ ၅.၅၆ ကျည် (၆၀၀) တောင့် တို့နှင့် အတူ တော်လှန်ရေးပူးပေါင်းတပ်များထံ လက်နက်ချ အလင်းဝင်ခဲ့ပါတယ်။
ထို့အပြင် တိုက်ပွဲအတွင်းမှလည်း ၄၀မမ (၈)လုံး၊ M16A2 (၂)လက်၊ M16ကျည်ဘောက်(၁၀)ခု၊ Carbineကျည် (၁၈၈)တောင့်၊ Carbineကျည်ဘောက် (၆)ခု၊ NATOကျည် (၉၃)တောင့်၊ ခြေနင်းမိုင်း (၁)လုံး၊ စကစ၅.၅၆ကျည် (၁၃၀)တောင့်၊ 5.56ကျည် (၆၈၈)တောင့်၊ အေကေကျည် (၇)တောင့် တို့ကို သိမ်းဆည်းရမိတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
တိုက်ပွဲ အရှိန်ပြင်းထန်လာမှုကြောင့် လက်ခတ်တောင်ဒေသ နဲ့ နီးကပ်စွာရှိတဲ့ မဲ့ထော်သလေး၊ မေတ္တာလင်းမြိုင်၊ စစ်မှုထမ်းဟောင်း ဘက်မှာ ရှိတဲ့ပြည်သူတွေ နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရကြောင်းလည်း မြဝတီမြို့ခံ တစ်ဦးထံမှ သိရပါတယ်။
Photo – Cobra Column