သတင်း

ထန်တလန်က စခန်းသိမ်းတိုက်ပွဲမှာ စစ်သား(၂)ဦး အရှင်ဖမ်းဆီးရ၊ ချင်းပူးပေါင်းတပ်ဖွဲ့ ရဲဘော်(၄) ဦးကျဆုံးခဲ့

ထန်တလန်က စခန်းသိမ်းတိုက်ပွဲမှာ စစ်သား(၂)ဦး အရှင်ဖမ်းဆီးရ၊ ချင်းပူးပေါင်းတပ်ဖွဲ့ ရဲဘော်(၄) ဦးကျဆုံးခဲ့

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
ဩဂုတ် ၁၄ ရက်၊ ၂၀၂၃။

ချင်းပြည်၊ ထန်တလန်မြို့ထဲက အရေးပါတဲ့ စစ်ကောင်စီ စခန်းသိမ်းတိုက်ပွဲမှာ စစ်သား(၂)ဦးကို အရှင်ဖမ်းဆီးရခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ရဲဘော် (၄) ဦး ကျဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ဩဂုတ် ၁၄ ရက်နေ့၊ မနက်အစောပိုင်း ၅ နာရီခန့်က စတင်တဲ့ အဲဒီစခန်းသိမ်း တိုက်ပွဲကိုတော့ ချင်းအမျိုးသားတပ်မတော်(CNA)၊ CDF-Thantlang နဲ့ CDF-Zophei စတဲ့ ချင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

အဲဒီစခန်းသိမ်း တိုက်ပွဲအတွင်း ချင်းတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့က ရဲဘော် (၄) ဦး ကျဆုံးမှုရှိခဲ့ပြီး ဒဏ်ရာရတဲ့ ရဲဘော်များလည်း ရှိခဲ့ပါတယ်။

ဒါပေမယ့် စစ်ကောင်စီ တပ်စခန်းကိုတော့ သိမ်းပိုက်နိုင်ခဲ့သလို စစ်သား (၂) ဦးလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး သေနတ်(၆)လက်လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ FJMM ရဲ့ သတင်းရင်းမြစ်ဆီက သိရပါတယ်။

စခန်းသိမ်း တိုက်ပွဲဖြစ်ပွားပြီးနောက် နာရီပိုင်းအကြာမှာတော့ ထန်ထလန်မြို့အနီးရှိ ခွာဖိုကျေးရွာကို စစ်ကောင်စီ က လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်လာလို့ နှစ်ခြင်းဘုရားကျောင်းနှင့် သင်းအုပ်ဆရာ၊ နေအိမ် ထိခိုက် ပျက်စီး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက် ဒီကနေ့ ညနေပိုင်း(၅) နာရီခန့်မှာလည်း စစ်ကောင်စီတပ်ဟာ ဟားခါးမြို့ထဲသို့ လက် နက်ကြီးများဖြင့် ထပ်မံ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဟားခါးနှစ်ခြင်း သင်းအုပ်ဆရာတစ်ဦး၏ နေအိမ်ထဲ ကျရောက် ပေါက်ကွဲ ခဲ့ပြီး နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – CJ (ဖမ်းဆီးရ စစ်သား ၂ ဦး။)

Related Articles

Back to top button