စစ်ကောင်စီက အရန်ပြည်သူ့စစ်ဖွဲ့စည်းဖို့ ရှမ်းပြည်နယ်တောင်ပိုင်းက Non CDM ဝန်ထမ်းအင်အား စာရင်းကောက်ယူနေ
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၁၄ ရက်၊ ၂၀၂၃
စစ်ကောင်စီလက်အောက်ခံ ရှမ်းပြည်နယ်အစိုးရအဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ရဲ့ အရန်ပြည်သူ့စစ်ဖွဲ့စည်းဖို့ ရှမ်းပြည်နယ်တောင်ပိုင်းက Non CDMဝန်ထမ်းအင်အားစာရင်းကောက်ယူနေတယ်လို့ ဌာနဆိုင်ရာသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
စစ်ကောင်စီရဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ) နယ်မြေအတွင်း ပြည်သူ့စစ်မဟာဗျူဟာဖော်ဆောင်ဖို့အတွက် တပ်မတော်ရဲ့ အရန်အင်အားတွေကို ပြည်သူ့စစ်တပ်ရင်းအသွင်ဖွဲ့စည်းတာ၊ အင်အားအခြေနေပေါ်မူတည်ပြီး တာဝန်ခွဲဝေပေးတာ၊ အရေးကြုံလာပါက အရန်အင်အားတွေနဲ့ ဖွဲ့စည်းတာဝန်ပေးအပ်မယ့် စီမံချက်ရေးဆွဲတင်ပြဖို့ ဌာနဆိုင်ရာတွေထံ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
“ဒီလ၉ရက်နေ့က စာထုတ်ပြီး ညွှန်ကြားထားတာ။ ချက်ချင်းကြီး စစ်သင်တန်းတက်ရမယ်၊ စစ်တိုက်ရမယ်လို့ ဆိုလိုတာတော့မဟုတ်ဘူး။ စာရင်းပဲ ပို့ခိုင်းတာ၊ အဲဲဒီထဲကနေ ဘယ်အသက်အရွယ်ကနေ ဘယ်အသက်အရွယ်အထိက စစ်သင်တန်းတက်ဖို့ ထပ်ခိုင်းမယ်။ လိုအပ်လာရင် စစ်တပ်ရဲ့ အရန်အင်အားအဖြစ် ပြည်သူ့စစ်တပ်ရင်းဖွဲ့မှာပေါ့”လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အဲဒါကြောင့် ရပခနယ်မြေအတွင်းက ပြည်နယ်ရုံးတွေ၊ တောင်ကြီးခရိုင်၊ ကလောခရိုင်၊ ပအိုဝ်းနဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ခရိုင်နဲ့ မြို့နယ်ရုံးတွေက ဝန်ထမ်းအင်အား ကျား၊ မစာရင်းကို အခုလ၁၇ရက်နောက်ဆုံးထားပေးပို့ခိုင်းထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရပခနဲ့ လက်အောက်ခံတပ်တွေက ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းက ကျေးရွာတွေမှာ ပျူစောထီးတပ်ဖွဲ့ဝင်တွေ တိုးချဲ့စုဆောင်းတာတွေနဲ့ ရပ်ရွာလုံခြုံရေးတပ်ဖွဲ့ ဖွဲ့စည်းတာတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
Photo – တောင်ကြီးမြို့ရှိ Non CDM ထွေအုပ်ဝန်ထမ်းများ