သတင်း

NUG၊ PDFနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ တောင်ကြီးမြို့ဒေသခံအချို့ ပြန်လည်လွတ်မြောက်လာ

NUG၊ PDFနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ တောင်ကြီးမြို့ဒေသခံအချို့ ပြန်လည်လွတ်မြောက်လာ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၁၂ ရက်၊ ၂၀၂၃။ 

NUG၊ PDFနဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲဖမ်းဆီးခံထားရတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ဒေသခံအချို့ အခုရက်ပိုင်းအတွင်းပြန်လည်လွတ်မြောက်လာတယ်လို့ လွတ်မြောက်လာသူတွေနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

အဲဒီလိုစွပ်စွဲပြီး တောင်ကြီးမြို့အမှတ် ၁ရဲစခန်း၊ အမှတ် ၂ရဲစခန်းနဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)တို့မှာ ဖမ်းဆီးချုပ်နှောင်ကာ စစ်ဆေးမေးမြန်းခံနေရသူတွေအနက် ၁၀ဦးထက်မနည်းပြန်လည်လွတ်မြောက်လာတယ်လို့ ဆိုပါတယ်။

“ဘာနဲ့မှမဆက်စပ်ပဲ အချိန်ကုန်၊ လူပင်ပန်းအောင်နဲ့ ငွေညှစ်ဖို့ သက်သက် အစစ်ဆေးအမေးမြန်းခံရနေတဲ့သူတွေ ၁၀ယောက်ထက်မနည်းလွတ်လာတယ်။ ငွေညှစ်လို့ရမလားဆိုပြီး ဖမ်းထားတာ၊ လုံးဝညှစ်လို့မရတော့ ပြန်လွှတ်ပေးတာပေါ့။ ဒီတစ်ပါတ်အတွင်းမှာဆို ၉ယောက်၊ ရှေ့တစ်ပါတ်ကနဲ့ဆို ၁၀ယောက်ကျော်ပြီ။ အများဆုံးကတော့ ရပခထဲမှာဖမ်းခံထားရတာ”လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

တောင်ကြီးမြို့မှာ စစ်ကောင်စီသတင်းပေးတွေက မဟုတ်မမှန်သတင်းပေးတိုင်တန်းတာကြောင့် NUG၊ PDFနဲ့ မဆက်စပ်ဘဲ ချုပ်နှောင်ဖမ်းဆီးခံထားရသူ ၃၀ဦးခန့်ရှိနေပြီး မိသားစုဝင်တွေထံ ခြိမ်းခြောက်ငွေညှစ်ဖို့ ကြိုးစားနေတယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁ရက်ကလည်း စစ်ကောင်စီက မတရားဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအနက် ၁၂၀ဦးကျော်ကို ပြန်လွှတ်ပေးခဲ့ရာ တောင်ကြီးမြို့နယ်က ၂ဦးသာပါဝင်လာတယ်လို့လည်း သိရပါတယ်။

Photo – CJ  

Related Articles

Back to top button