သတင်း

စစ်ကောင်စီလွတ်ငြိမ်း ရခိုင်မှ နိုင်/ ကျဉ်းတစ်ဦးသာပါဝင်ခြင်းမှာ ပြည်သူကို လှည့်စားခြင်းဟုဆို

စစ်ကောင်စီလွတ်ငြိမ်း ရခိုင်မှ နိုင်/ ကျဉ်းတစ်ဦးသာပါဝင်ခြင်းမှာ ပြည်သူကို လှည့်စားခြင်းဟုဆို
 
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၂ ရက်၊ ၂၀၂၃။
 
သြဂုတ်လတစ်ရက်နေ့ ဝါဆိုလပြည့်နေ (ဓမ္မစကြာအခါတော်နေ့) အထိမ်းအမှတ်အဖြစ် စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွင် ရခိုင်မှ နိုင်ငံရေးအကျဉ်းသား တစ်ဦးသာပါဝင်တယ်လို့ဆိုပါတယ်။
 
ဒီလိုမျိုး နိုင်ငံရေးအကျဉ်းသားတစ်ဦးတည်းသာ ပါဝင်ခြင်းဟာ ပြည်သူကို လှည့်စားတာဖြစ်တယ်လို့ ရခိုင်ပြည်မှ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက ပြောပါတယ်။
 
” ဒါကတော့ စစ်ကောင်စီအစိုးရက ပြည်သူကို လှည့်စားတာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ပြန်တမ်းအမိန့်စာမှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုပြီးတော့ ဖမ်းဆီးတရားစွဲခံထားရသူတွေရဲ့ အမှုတွေကို ရပ်နားပြီးတော့ အပြစ်က ကင်းလွတ်မယ်လို့ပါတယ်။ ပြန်တမ်းမှာရေးထားတာနဲ့ လုပ်ဆောင်တာနဲ့ ကွဲလွဲနေတော့ ပြည်သူကို လှည့်စားတယ်လို့ပဲ ပြောရမယ်” လို့ ဆိုပါတယ်။
 
မနေ့က လွတ်ငြိမ်းချမ်းသာခွင့်တွင် စစ်တွေအကျဉ်းထောင်မှ ၃၇ ဦးလွတ်မြောက်လာခဲ့ပြီး အဲဒီအထဲမှ နိုင်ငံရေးအကျဉ်းသားဖြစ်တဲ့ ကိုတင်ထွန်းအောင် တစ်ဦးတည်းသာ ပါဝင်တယ်လို့ သိရပါတယ်။
 
ကိုတင်ထွန်းအောင်ဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့တွင်နေထိုင်ပြီး လူမှုရေးတက်ကြွလှုပ်ရှားနေတဲ့ ရခိုင်လူမျိုးတစ်ဦးဖြစ်ပါတယ်။
 
သူဟာပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်ထားတယ်ဆိုတဲ့ သတင်းတစ်ခုအား ရခိုင်အခြေစိုက် သတင်းမီဒီယာတစ်ခုကို ဖြေဆိုခဲ့တဲ့အတွက် စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။
 
အဲဒီနောက် စစ်ကောင်စီက သူ့အား နိုင်ငံတော်အကြည်အညိုပျက်စေမှု ၅၀၅ (က) ဖြင့် တရားစွဲဆိုခဲ့ပြီး ပလက်ဝမြို့နယ် တရားရုံးက ဧပြီလ ၅ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ်ချမှတ်ပြီးတော့ စစ်တွေအကျဉ်းထောင်သို့ ပြောင်းရွေ့ခံခဲ့ရတာဖြစ်ပါတယ်။
 
စစ်ကောင်စီရဲ့ မနေ့က လွတ်ငြိမ်းချမ်းသာတွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသား/ သူ ၇၇၄၉ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
နိုင်ငံခြားသား အကျဉ်းသား/ အကျဉ်းသူ ၁၂၅ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ် ပေးခဲ့တယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။
 
ဓာတ်ပုံ – ကိုတင်ထွန်းအောင်

Related Articles

Back to top button