သတင်း

မော်လမြိုင်မှာ ရေကြီးရေလျှံနေချိန်မှာ ကလေးငယ် ၃ ဦးရေနစ်သေဆုံး

မော်လမြိုင်မှာ ရေကြီးရေလျှံနေချိန်မှာ ကလေးငယ် ၃ ဦးရေနစ်သေဆုံး

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇူလိုင် ၂၀ရက်၊ ၂၀၂၃။
 
မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်း ဇူလိုင်လ ၁၉ရက်နေ့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေလျှံတက်၍ ရေကြီးနေစဥ်အတွင်းမှာ အသက် ၁နှစ်ခွဲ အရွယ် ကလေးငယ် တစ်ဦးအပါအဝင် ကလေး ၃ ဦးရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံတွေထံမှ သိရပါတယ်။
 
မနေ့က မွန်းလွဲပိုင်းမှာ မော်လမြိုင်မြို့နယ် သီရိမြိုင်ရပ်ကွက် ၁၇ လမ်းရှိ ၁ နှစ်ခွဲ အရွယ် မိန်းကလေးမှာ အဘိုးအဘွားနဲ့ အတူရှိနေစဥ်မှာ ပျောက်သွားပြီး ခြံဝန်းအနီးမှာ ရေနစ်သေဆုံးနေတယ်လို့ သိရပါတယ်။
 
ထို့နောက် သီရိမြိုင်ရပ်ကွက် ၉ လမ်းမှာလည်း အသက် ၁၂ နှစ်အရွယ် မောင်ဇွဲမာန်နှင့် မောင်အောင်ဆန်းမိုးတို့ ၂ ဦး ရေဆင်းကူးရင်း ရေနစ်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
 
မနေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သံလွင်မြစ်ရေလျှံတက်ကာ မော်လမြိုင်မြို့နယ် ဘဲကုန်းစျေးရှေ့အပိုင်းရပ်၊ ရွှေပြည်စိုးရပ်ကွက်၊ ရွှေပြည်အေးရပ်ကွင်၊ သီရိမြိုင်ရပ်ကွက်၊ စာရေးကြီကုန်းရပ်ကွက်နှင့် ဇေယျာမြိုင် ရပ်ကွက်တို့မှာ ရေကြီးမှုဒဏ်ကို ခံခဲ့ကြရပါတယ်။
 
ယနေ့ ဇူလိုင်လ ၂၀ရက်နေ့တွင်တော့ မိုးရွာသွန်းမှု ရပ်တန့်သွားပြီးဖြစ်၍ အချို့ ရပ်ကွက်တွေမှာ ရေပြန်ကျသွားပြီးဖြစ်တာကြောင့် ရေဘေးသင့် ပြည်သူအချို့မှာ နေအိမ်သို့ ပြန်လည် ပြောင်းရွေ့နိုင်ကြပြီးလို့ မော်လမြိုင်မြို့ခံ တစ်ဦးထံမှ သိရပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button