Move Forward Party ခေါင်းဆောင် Pita Limjaroenrat လွှတ်တော်အမတ်တာဝန်မှ ဆိုင်းငံ့ခံရ
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇူလိုင် ၁၉ ရက်၊ ၂၀၂၃။
အိမ်နီးချင်းနိုင်ငံမြန်မာအပါအဝင် နိုင်ငံတကာက စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ ထိုင်းနိုင်ငံ လွှတ် တော်အတွင်း ဝန်ကြီးချုပ်လောင်း ရွေးချယ်ရေးအဆိုတင်သွင်းမှုနဲ့ပတ်သက်လို့ လွှတ်တော်နှစ်ရပ်ပေါင်းက အမတ်တွေဟာ ဒီကနေ့ ဇူလိုင် ၁၉ ရက်နေ့ မနက်ပိုင်းကစလို့ ဒုတိယအကြိမ် အကြိတ် အနယ် ဆွေးနွေးမှုစတင်ခဲ့ကြတာ ဖြစ်ပါတယ်။
Move Forward ပါတီရဲ့ လွှတ်တော်အမတ် ပီတာလင်ဂျာရိုရတ်ကို ဝန်ကြီးချုပ်လောင်းအဖြစ် ဒုတိယအကြိမ်အဆိုတင်သွင်းမှုကို ထောက်ခံတာနဲ့ ကန့်ကွက်တာတွေကို လွှတ်တော်အမတ်တွေက ဆွေးနွေးခဲ့တာပါ။
ဒါပေမယ့် ထိုင်းနိုင်ငံ ရွေးကောက်ပွဲ အများဆုံးအနိုင်ရပါတီဖြစ်တဲ့ Move Forward Party ၏ ခေါင်းဆောင်ဖြစ်သူ Pita Limjaroenrat ကို လွှတ်တော်အမတ်တာဝန်မှ ဆိုင်းငံ့လိုက်ကြောင်း ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဒီကနေ့ ဇူလိုင် ၁၉ ရက်နေ့ အခုသတင်းရေးသား တင်ဆက်မှု မတိုင်ခင်မှာပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အခြေခံဥပဒေခုံရုံးဘက်က လွှတ်တော်အမတ်တာဝန် ဆိုင်းငံလိုက်တာဟာ Pita က ထိုင်းနိုင်ငံရှိ သတင်းမီဒီယာလုပ်ငန်းတစ်ခုမှာ အစုရှယ်ယာပါဝင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကို သုံးသပ်ပေးရန် တိုင်ကြားထားတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဘက်က စီရင်ချက်မချမချင်း Pitaကို လွှတ်တော်အမတ်တာဝန်မှ ဆိုင်းငံထားမယ်လို့ ဆိုပါတယ်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး Pita ဘက်မှ ၁၅ ရက်အတွင်း ခုံရုံးသို့ စွပ်စွဲချက်ကို ရှင်းလင်းတင်ပြရပြီး ဖြစ်ပြီး လွှတ်တော်အမတ်အဖြစ် ဆိုင်းငံခြင်းဟာ ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းဖို့ တားမြစ်ထားခြင်း မဟုတ်ကြောင်း သိရပါတယ်။
အခုလို အခြေခံဥပဒေခုံရုံးဘက်က Pita ကို လွှတ်တော်အမတ်တာဝန် ဆိုင်းငံ့လိုက်တာကြောင့် Pita ကို ထောက်ခံနေတဲ့ ထိုင်းပြည်သူလူထုတွေရဲ့ တုန့်ပြန်မှုကြီးမှားလာနိုင်တယ်လို့ အကဲခတ်တွေကတော့ သုံးသပ်နေကြပါတယ်။
ဓါတ်ပုံ – Getty Images