သတင်း

တိုင်းဗဟို ၉ မှ လက်နက်ကြီးပစ်ခတ်သံ နှစ်ရက်ဆက်တိုက်ကြားရ

တိုင်းဗဟို ၉ မှ လက်နက်ကြီးပစ်ခတ်သံ နှစ်ရက်ဆက်တိုက်ကြားရ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇူလိုင်လ ၁၃ ရက်၊ ၂၀၂၃။

ရခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ လေ့ကျင့်ရေးသင်တန်းကျောင်းတစ်ခုဖြစ်တဲ့ တိုင်းဗဟို – ၉ သင်တန်းကျောင်း မှ လက်နက်ကြီး ပစ်သံတွေကို နှစ်ရက်ဆက်တိုက် ကြားခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်နက်ကြီး ပစ်သံတွေဟာ မနေ့ကတစ်ကြိမ်ကြားခဲ့ရသလို့ ဒီနေ့ နံနက်ပိုင်းကလည်း ထပ်မံကြားခဲ့ရတယ်လို့ တိုင်းဗဟိုကိုးသင်တန်းကျောင်း အနီးမှာရှိတဲ့ ကမ်းနီကျေးရွာသားတစ်ယောက်က ပြောပါတယ်။

” မနေ့ကလည်း ပစ်တယ်။ ဒီနေ့လည်း ပစ်တယ်။ မနေ့ကလည်း မနက်ကတည်းက နေ့လယ်အထိ ပစ်တယ်။ ဒီနေ့မနက်ကလည်း ထပ်ပြီးတော့ ပစ်တယ်” လို့ ဆိုပါတယ်။

လက်နက်ကြီးစမ်းသပ်ပစ်ခတ်မယ့်အကြောင်းအား အနီးအနားမှ ကျေးရွာတချို့သို့ အကြောင်းကြားထားတာတွေရှိသော်လည်း ဘယ်နှစ်ရက်ကြာအထိ ပစ်ခတ်မယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ တိုင်းဗဟို (၉) ရှိ စစ်ကောင်စီတပ်သားများက ပြောဆိုထားတာမရှိဘူးလို့ သူကဆက်ပြောပါတယ်။

” လက်နက်ကြီးစမ်းသတ်ပစ်ခတ်ဖို့ရှိတယ်။ အဲဒါကြောင့် လက်နက်ကြီးပစ်ခတ်မယ့် တောနား တောင်နားတွေကို မသွားဖို့တော့ သူတို့ဖက်က အကြောင်းကြားထားတာတွေရှိတယ်။ ဒါပေမဲ့ ဘယ်နှစ်ရက်ထိ ပစ်ခတ်မယ်ဆိုတာတွေကိုတော့ မပြောထားဘူး” လို့ ဆိုပါတယ်။

ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ဟာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ နှစ်ဖက်နားလည်မှုနဲ့ အပစ်ရပ်ထားခဲ့ပါတယ်။

လတ်တလောအခြေအနေတွင် အခုလိုမျိုး လက်နက်ကြီးပစ်ခတ်သံတွေ ကြားရတဲ့အတွက် ဒေသခံလူထုတွေဟာ စိုးရိမ်ကြောင့်ကြနေတယ်လို့လည်း ဆိုပါတယ်။

Related Articles

Back to top button